သ၇ဏဂုံ စောင့်ထိန်းခြင်း အကျိုး
ဝိပဿီဘုရားလက်ထက် ဗန္ဓုမတီမြို့ ၌ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးမွေးမြူနေသော သူငယ်လုလင်တစ်ယောက်ရှိ၏။ ထိုခေတ်က လူ့ သက်တမ်းသည် အနှစ်တစ်သိန်းရှည်၏။
ဝိပဿီမြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝက နိသဘ မထေရ်၏ ထံတွင် ထိုသူငယ်လုလင်သည် သရဏဂုံဆောက်တည်၍ အနှစ်တစ်သိန်းကာလပတ်လုံး မညှိုးနွမ်း မပျက်စီးအောင် စောင့်ထိန်း၏။
သေသောအခါ ထိုသရဏဂုံ ကောင်းမှုဖြင့်ပင် တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်၏။ ထိုသရဏဂုံ ကောင်းမှုကြောင့်ပင် ထိုလုလင်သည် အပူဇော်ခံရခြင်း၊ ခပ်သိမ်းသော နတ်တို့  မိမိအလိုသို့ လိုက်ရခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ကိုရခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ အနှောက်အယှက် မပေးနိုင်ခြင်း၊ ကျေးဇူးသတင်းကျော်ဇောခြင်း၊ အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း၊ (၇၅)ကြိမ် စကြ၀တေးမင်း ဖြစ်ရခြင်း၊ မရေမတွက်နိုင်အောင် ပဒေသရာဇ်မင်းဖြစ်ရခြင်း၊ ကောင်းကျိုးအာနိသင်တို့ ကို ရရှိပြီးနောက် ယခု ဂေါတမဘုရားရှင် ပွင့်ထွန်းတော်မူသောအခါ သာဝတ္ထိပြည်၌ အလွန်ချမ်းသာကြွယ်ဝသော အမျိုး၌ လူလာဖြစ်၏။
(၇)နှစ်အရွယ်မျှ ရှိသေးသော ထိုသူငယ်သည် ကစားဖော်များနှင့်အတူ သံဃာ့အာရာမ်သို့  သွား၏။ ရဟန္တာတစ်ပါးက သူငယ်အား တရားဟော၍ သရဏဂုံဆောက်တည်စေ၏။ သူငယ်ကလေးသည် ရှေးရှေးဘ၀က မိမိစောင့်ထိန်းခဲ့ဖူးသော သရဏဂုံကို အောက်မေ့ဆင်ခြင်၍ ၀ိပဿနာကို တွင်တွင်ကြီး ပွားများပြီး အားထုတ်လိုက်သောအခါ တစ်နေရာ တစ်ထိုင်တည်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်သွား၏။ (၇)နှစ်သား အရွယ်မှာပင် ဘုရားရှင်က ရဟန်းပြုပေး၍ ရဟန္တာသခင် တိသရဏဂမနိယထေရ်အရှင် ဟု သာသနာတော်တွင် ထင်ရှားကျော်စောတော်မူခဲ့သည်။
Credit : ဓမ္မပါရမီ

မှတ်ချက်များ