၂၀၁၆ မှာ ဒုတိယ တစ်ကိုယ်တော်ခွေ ထွက်မယ့် သားသား


မိစန္ဒီရဲ့ ပစ်တိုင်းထောင်အခွေထဲမှာ အရူးအမူးသီချင်းကို ရေးစပ်ပေးထားတဲ့ သားသားက အတီးပိုင်းနဲ့ပတ်သက်ပြီးတော့လဲ ၆ ပုဒ်လောက်ဝင်တီးပေးထားသလို စာနယ်ဇင်းမိတ်ဆက်ပွဲသို့လဲ တက်ရောက်လာတာမို့ သူနဲ့တွေ့ဆုံခိုက်မှာ

"ကျွန်တော် ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျောင်းမသွားချင်ဘူးဆိုတဲ့ Single Music သီချင်းကို Myanmar Music Store ကနေရောင်းပါမယ်။ ကျောင်းသားတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ရေးစပ်ထားတာပေါ့။ ဟာသ သဘောအနေနဲ့ပါ။ နောက်ဒုတိယတစ်ကိုယ်တော်အခွေကို ၂၀၁၆ တစ်လပိုင်းမှာ ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ ဒုတိယအခွေက အခုတော်တော်လေးပြီးနေပြီ။ 

သီချင်းအသံသွင်းဖို့ပဲကျန်ပါတော့တယ်။ Featuring အနေနဲ့က ဒုတိယအခွေမှာ ရဲရင့်အောင်ပါမယ်။ X-box ပါမယ်။ တခြားနှစ်ယောက်ထပ်ပါပါဦးမယ်။ တေးရေးက ကျွန်တော်နဲ့ကျွန်တော်သူငယ်ချင်းတွေပဲဖြစ်မှာပါ။ သီချင်းပုံစံတွေက အရင်ပုံစံနဲ့ကွာခြားသွားမယ်။ ဒီကပရိသတ်နဲ့လဲအဆင်ပြေအောင် လို့ပေါ့။ အရင်အခွေနဲ့တော့ တော်တော်ကွာပါတယ်။ ဒုတိယအခွေမှာ ကျွန်တော်ကြိုက်တဲ့ မြူးဆစ်ပုံစံကိုမှ ပရိသတ်လက်ခံလို့ရမဲ့ ပုံစံပြန်ဖန်တီးထားတယ်ခင်ဗျ။ မြန်မာမဆန်တော့ပဲ မြူးဆစ်ကိုအသစ်ဖန်တီးထားတယ်။"လို့ သူက ပြောပါတယ်။

ပရိသတ်အားကျတဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ သူက "ကျွန်တော်ကအေးအေးဆေးဆေးနေတတ်တာရယ်၊ သူလဲအေးအေးဆေးဆေးနေတတ်တာရယ်၊ ပြီးတော့ အဓိက အလုပ်ကို ပဲသေချာလုပ်ဖြစ်နေတာရယ်အတွက်ကြောင့် တခြားဘာပြသနာမှမရှိပါဘူး။ နားလည်မှုကတော့ အရေးကြီးတာပေါ့။ ကျွန်တော်လဲ အလုပ်တွေလုပ်နေတယ်။ ဂရုမစိုက်ဖြစ်ရင်လဲ နားလည်ပေးတယ်။ 

သူဘာလုပ်လုပ် ကိုယ်ဘာလုပ်လုပ်နားလည်ပေးထားတော့ အဆင်ပြေတယ်ခင်ဗျ။ အခုလောလောဆယ်မှာ နှစ်ယောက်စလုံးကြိုးစားဆဲပဲဆိုတော့ ဘယ်တော့ လက်ထပ်ဖြစ်မလဲဆိုတာကတော့ စောလွန်းပါသေးတယ်။ New Year ကိုတော့ မြိတ်မှာ သီချင်းဆိုရင်ဖြတ်သန်းဖြစ်မယ်။ ဒီ၂၀၁၅ ကိုတော့ ကျွန်တော့်စိတ်ထဲ သိပ်မကောင်းဘူးလို့ခံစားမိတယ်။ ကျန်းမာရေးရော၊ အစစအရာရာပေါ့။ ၂၀၁၆ မှာတော့ အားလုံးပြန်ကောင်းမယ်လို့မြင်မိပါတယ်။ အကုန်လုံးပြန်ပြီး အဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်"တဲ့။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ