ကမ္ဘာ့ စကိတ်စီး အမြန်ဆုံး စံချိန် ရခဲ့ဖူးတဲ့ ခွေးသေဆုံး




ကမ္ဘာပေါ်မှာ စကိတ်စီး အမြန်ဆုံး ခွေးအဖြစ် ဂင်းနက်စ် စံချိန် တင်ခဲ့တဲ့ ခွေးဘီလူး တေးမန်ဟာ ၁၀ နှစ်သား အရွယ်မှာ သေဆုံးခဲ့တယ်လို့ သခင်ဖြစ်သူက ပြောပါတယ်။ ပန်းခြံထဲက ကွန်ကရစ်လမ်းမှာ ခန္ဓာကိုယ် ဟန်ချက် ပိုင်ပိုင်နိုင်နိုင် ထိန်းပြီး စကိတ်စီးနေတဲ့ တေးမန်ရဲ့ ရုပ်သံမှတ်တမ်းကို ၂၀၀၇ ခုနှစ်မှာ သူ့ရဲ့သခင် ဒေးဗစ်က Youtube ပေါ်တင်ခဲ့ပြီးနောက်မှာ တေးမန်ဟာ လူချစ်လူခင်ပေါတဲ့ ခွေးဘီလူး ဖြစ်လာခဲ့ပါတယ်။

Youtube ပေါ်က တေးမန်ရဲ့ ရုပ်သံ မှတ်တမ်းဟာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၂၀ အထိ ရှိခဲ့ပြီး Apple ကုမ္ပဏီကလည်း iPhone ရဲ့ ရုပ်ထွက်ကောင်းမှုကို သရုပ်ပြဖို့ တေးမန်ရဲ့ ရုပ်သံ မှတ်တမ်းကို အသုံးပြုခဲ့ပါတယ်။ တေးမန်ဟာ လော့အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ X Games ပြိုင်ပွဲမှာ မီတာ ၁၀၀ ကို ၁၉.၆၇၈ စက္ကန့်နဲ့ စကိတ်စီးနိုင်ခဲ့ပြီးနောက်မှာ ကမ္ဘာ့ စကိတ်စီး အမြန်ဆုံး ခွေး အဖြစ် ဂင်းနက်စ် စံချိန် တင်နိုင်ခဲ့ပါတယ်။ တေးမန်ဟာ စကိတ်စီးတတ်တဲ့ အပြင် ရေလှိုင်းစီးတတ်ပြီး နှင်းလျှောစီး တတ်ပါသေးတယ်။

တေးမန်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ နှလုံးခုန်နှုန်း ဖောက်ပြန်ခဲ့ပြီး အသက်ရူ ရပ်သွားခဲ့တာကြောင့် သခင်ဖြစ်သူ ဒေးဗစ်က တိရစ္ဆာန်ကု ဆေးရုံ ပို့ပြီး နှလုံးပြန်ခုန်လာစေဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒေးဗစ်က '' တေးမန်က ဖျော်ဖြေပွဲတွေမှာ အံ့အားသင့်လောက်အောင် စွမ်းဆောင်ပြနိုင်ပါတယ်။ တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကို ပြုံးရယ်လာအောင် လုပ်နိုင်စွမ်းရှိသူပါ ''လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ တေးမန်ရဲ့ ကမ္ဘာ့ စကိတ်စီး အမြန်ဆုံး စံချိန်ကို ဂျမ်ဘီလို့ အမည်ရတဲ့ အခြား ခွေးတစ်ကောင်က စက္ကန့် အနည်းငယ်အသာနဲ့ ချိုးဖျက်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

မှတ်ချက်များ