တစ်ရက်လျှင် ခုနှစ်မိနစ်ခန့် တရားထိုင်ရုံနှင့် လူမျိုးရေး မုန်းတီးမှု လျော့ကျသွားနိုင်ကြောင်း သိပ္ပံပညာရှင်များက ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်သည်။
တစ်စုံတစ်ဦး ကျန်းမာ ချမ်းသာပါစေဟု စိတ်ကိုစုစည်းပြီး မေတ္တာပို့သည့် နည်းသည် လူမျိုးရေး မုန်းတီးမှု လျှော့ချရာတွင် အသုံးဝင်ကြောင်း ပညာရှင်များ လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နည်းဆက်စက်စ် တက္ကသိုလ်မှ ပညာရှင် တစ်စုသည် လူဖြူ တရားထိုင်ခြင်း မရှိသူ (၇၁) ဦးတို့အား လိင်တူသော လူမည်းများ၏ ဓာတ်ပုံ တစ်ပုံစီ ပေးအပ်ခဲ့သည်။ အလေ့လာခံများအား မေတ္တာပို့သည့် စကားသံများ ပါသော တိတ်ခွေ ပေးအပ်ခဲ့ပြီး ဓာတ်ပုံပါ မျက်နှာများ၏ ထူးခြားချက်ကို ရှာဖွေရန် ညွှန်ကြားခဲ့သည်။
အလေ့လာခံများ ဓာတ်ပုံများကို ခုနှစ်မိနစ်သာ ကြည့်ခိုင်းခဲ့သည်။ ဓာတ်ပုံများကို ကြည့်နေချိန်တွင် မေတ္တာပို့သည့် စကားသံများပါသော အသံဖိုင်ကို ဖွင့်ထားခဲ့သည်။ အချိန်ပြည့် ပြီးနောက်တွင် လူဖြူ အလေ့လာခံများအား ဓာတ်ပုံထဲပါ ပုဂ္ဂိုလ်များ၏ မျက်နှာနှင့် ပတ်သက်ပြီး အပြုသဘောဆောင်သော အမြင်ရှိမရှိ မေးမြန်းခဲ့ရာ အပြုသဘောဆောင်သော အမြင်များ ရှိနေကြောင်း အလေ့လာခံ အများစုက ပြောဆိုခဲ့သည်။
တရားထိုင်သည့် နည်းလမ်းတချို့သည် စိတ်ချမ်းသာစေသည်ထက် ပိုပြီး လူမျိုးရေး ချစ်ခင်မှုကို ပိုမိုတိုးပွားစေတတ်ကြောင်း ယခုလေ့လာမှုက သက်သေ ခံနေသည်ဟု လေ့လာမှုကို ဦးဆောင်ခဲ့သူ စိတ်ပညာ ပါရဂူဘွဲ့ ကျောင်းသား အလက်ဇန္ဒား စတယ်က ပြောဆိုခဲ့သည်။
အလေ့လာခံများအား ရော့ခ်နှင့် ရက်ပ်သီချင်းများကို ဖွင့်ပြပါက လူမျိုးရေး မုန်းတီးမှု ပိုများလာတတ်ပြီး ၀မ်းနည်းဖွယ် ပေါ့သီချင်းများကို ဖွင့်ပြပါက အခြားလူများအပေါ် စာနာနားလည်စိတ် ပိုများလာတတ်ကြောင်း ယခင်လေ့လာမှုများ အရလည်း သိရှိခဲ့ပြီး ဖြစ်သည်။
ယခုတွေ့ရှိမှုကို လှုံ့ဆော်မှုနှင့် ခံစားမှု ဂျာနယ်တွင် ဖော်ပြထားသည်။
messenger news journal

မှတ်ချက်များ