ကာတာနိုင်ငံရှိ အဓိက ဈေးဝယ်စင်တာများသို့ လူပျိုလူလွတ်များအား တစ်ပတ်လျှင် တစ်ရက် လာရောက်ခွင့် ပိတ်ပင်ရန် ကာတာရှိ အဖွဲ့အစည်း တစ်ခုက စီစဉ်နေပြီ ဖြစ်သည်။
ကာတာဗဟို စည်ပင်သာယာ ကောင်စီ (CMC) က နိုင်ငံတွင်းရှိ အဓိက ဈေးဝယ်စင်တာကြီး ရှစ်ခုသို့ သောကြာ သို့မဟုတ် စနေနေ့ တစ်ရက်ရက်တွင် လူပျိုလူလွတ်များ မလာဖို့ ပိတ်ပင်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ယင်းကြောင့် ကာတာသို့ လာရောက် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြားသား အမျိုးသားများသည် ၄င်းတို့၏ တစ်ရက်တည်းသော နားရက်တွင် ဈေးဝယ်စင်တာများနှင့် ဝေးဝေး ရှောင်ရတော့မည် ဖြစ်သည်။
ဈေးဝယ်စင်တာများတွင် အမျိုးသား အလုပ်ကြမ်းသမားများကို မြင်နေတွေ့နေရသောကြောင့် ဒေသခံများ စိုးရိမ်နေကြသဖြင့် ယခုအဆိုကို တင်ရခြင်း ဖြစ်ကြောင်း CMC အဖွဲ့ဝင် နက်ဆာဘင် အီဘရာဟင် အယ်လ်-မိုဟမ္မဒ်က ပြောဆိုခဲ့သည်။
''ကာတာက မိသားစုကို အခြေခံတဲ့ လူ့အဖွဲ့အစည်းပဲ၊ သူတို့အတွက် သီးသန့် သတ်မှတ်ထားတဲ့ နေ့လေး တစ်နေ့ရဖို့က မိသားစုတိုင်းရဲ့ အခွင့်အရေးပဲ၊ ဈေးဝယ်စင်တာ ဆိုတာ ဈေးဝယ်ရုံတင် မဟုတ်ပါဘူး မိသားစုတွေ အပန်းဖြေဖို့ ၊ မိသားစုတွေ စုစည်းဖို့လည်း ဖြစ်ပါတယ်'' ဟု ၄င်းက အေအက်ဖ်ပီသို့ ပြောဆိုခဲ့သည်။
CMC သည် ပိတ်ပင်ချက် သက်ရောက်မှု ရှိစေရန် သြဇာအာဏာ မရှိချေ။ စီးပွားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနက ပိတ်ပင်ချက် သက်ရောက်အောင် ကြားဝင်ပေးရန် ကောင်စီက တိုက်တွန်းထားသည်။
messenger news journal

မှတ်ချက်များ