ဆော်ဒီဒေသန္တရ စည်ပင်သာယာကောင်စီ ရွေးကောက်ပွဲ၌ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိ
ဆော်ဒီအာရေဗျ နိုင်ငံသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် အမျိုးသမီးများ ဆန္ဒမဲပေး ပိုင်ခွင့်နှင့် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော ဒေသန္တရ စည်ပင်သာယာ ရွေးကောက်ပွဲ များတွင် ဆော်ဒီ အမျိုးသမီး ငါးဦး အနိုင်ရရှိ ထားကြောင်း ယမန်နေ့ ရွေးကောက်ပွဲ အကြိုရလဒ် များအရ သိရသည်။
ဆော်ဒီအာရေဗျ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် ဂျီဒါးမြို့နှင့် မက္ကာ ဘာသာရေးမြို့ အနီးရှိ ကျေးရွာတစ်ရွာ အပါအဝင် စည်ပင်သာယာ ကောင်စီ ရွေးကောက်ပွဲ မဲဆန္ဒနယ် ငါးခုတွင် ဆော်ဒီ အမျိုးသမီး ကိုယ်စားလှယ် လောင်းများ အနိုင်ရရှိ ထားကြောင်း အေပီ သတင်းဌာန ဖော်ပြခဲ့သည်။
ယခင်က အမျိုးသား များသာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိပြီး ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသော ဆော်ဒီ စည်ပင်သာယာ ကောင်စီ ရွေးကောက်ပွဲ များတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း အများပြား အနိုင်ရရှိမည့် အလားအလာ မရှိသော်လည်း အကန့်အသတ် ရှိသည့် အောင်မြင်မှုမျိုး ရယူ နိုင်ခဲ့ခြင်းသည် ဆော်ဒီ အမျိုးသမီးများ အတွက် အောင်မြင်မှု တစ်ရပ် ဖြစ်ခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သော ဆော်ဒီ စည်ပင်သာယာ ကောင်စီ ရွေးကောက်ပွဲ များတွင် အမျိုးသား ၁ ဒသမ ၅ သန်းကျော် ဆန္ဒမဲပေးခဲ့ ကြပြီး အမျိုးသမီး ဆန္ဒမဲပေးသူ အရေအတွက်မှာ ၁၃ဝဝဝဝ ကျော်ရှိကြောင်း သတင်းများ၌ ဖော်ပြခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲ များတွင် စည်ပင်သာယာ ကောင်စီဝင် နေရာ ၂၈၄ နေရာအတွက် ကိုယ်စားလှယ်လောင်း ၆၄ဝဝ ကျော် ပါဝင်ယှဉ်ပြိုင် ခဲ့ရာ အမျိုးသမီး ကိုယ်စားလှယ် လောင်း ၉ဝဝ ကျော်လည်း အပါအဝင် ဖြစ်သည်။
ရှေးရိုးစွဲ အစ္စလာမ္မစ်နိုင်ငံ ဖြစ်သော ဆော်ဒီအာရေဗျ နိုင်ငံသည် မော်တော်ယာဉ် မောင်းနှင်ခွင့် အပါအဝင် အမျိုးသမီးများ ရထိုက်သော အခွင့်ရေးများကို အတင်းကျပ်ဆုံး ပိတ်ပင်ထားသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
Pyi Chit Thar

မှတ်ချက်များ