တစ်ညကို ၉ နာရီထက်ပိုပြီး အိပ်စက်ခြင်းဟာ စောစော သေဖို့ အခွင့်အလမ်း ၄ ဆ များစေ
ကျွန်ုပ်တို့ အမြဲ ပြောလေ့ရှိတဲ့ စကားက အိပ်စက်ခြင်းဟာ အကောင်းဆုံး ဆေးဝါး တစ်မျိုး ဖြစ်တယ်ဆိုတာပါပဲ။
ဒါပေမယ့်လည်း လေ့လာမှု အသစ်တစ်ခုက ထုတ်ဖော်ပြသလိုက်တာကတော့ အိပ်စက်ချိန် လွန်ကဲခြင်းဟာလည်း သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ တစ်ညကို ၉ နာရီထက်ပိုပြီး အိပ်စက်ခြင်း နဲ့ တစ်နေ့တာအတွက် ထိုင်ချိန် လွန်ကဲခြင်း နဲ့ လေ့ကျင့်ခန်းလုပ်ချိန်မရှိခြင်းတို့ကို ပေါင်းစပ်လိုက်တဲ့အခါမှာ တန်ပြန်လာတဲ့ ကျန်းမာရေး သက်ရောက်မှုဟာ ဆေးလိပ်သောက်ခြင်း နဲ့ အရက်သောက်ခြင်းတို့လို ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ ထိုလေ့လာမှု က ဖော်ပြခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မ၀င်စားတဲ့ ဘ၀တွေမှာ နေထိုင်နေသူတွေဟာ အချိန်စောစွာ သေဆုံးဖို့ ၄ ဆ တိတိ အခွင့်အရေးများစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ အထိုင်များခြင်းက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သက်သေတွေ ရှိခဲ့ပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လေ့လာမှုတွေတုန်းကလည်း ရည်ညွှန်းပြောဆိုခဲ့ကြတာက အိပ်စက်ခြင်းဟာ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနိုင်တယ်ဆိုတာပါပဲ။ သြစတြေးလျ နိုင်ငံ ဆစ်ဒနေ တက္ကသိုလ် က ပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုကတော့ အိပ်စက်ခြင်း နဲ့ ထိုင်ခြင်းတို့ရဲ့ သက်ရောက်မှု ကို ပထမဆုံးအကြိမ် လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။
သုတေသီအဖွဲ့ဟာ အသက် ၄၅ နှစ်နဲ့ အထက်မှာရှိတဲ့ လူဦးရေ ၂၃၀၀၀၀ ယောက်တို့ရဲ့ ကျန်းမာရေး အလေ့အကျင့်တွေကို လေ့လာကြည့်ခဲ့ပါတယ်။ သုတေသီတေဗွဟာ ရောဂါဖြစ်ပွားနှုန်းများစေတဲ့ ဆေးလိပ်သောက်ခြင်း ၊ အရက်အလွန်အကျွံသောက်ခြင်း ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစား စားသောက်မှု နည်းခြင်း နဲ့ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိခြင်း တို့လို လူနေမှု အကျင့်စရိုက်တွေ ဆန်းစစ်လေ့လာခဲ့ပါတယ်။
သုတေသီတွေဟာ ထိုအမူအကျင့်တွေထဲကို အချိန်ကြာရှည်စွာ ထိုင်ခြင်း ၊ အိပ်ချိန် နည်းခြင်း/များခြင်း တို့ကိုပါ ပေါင်းထည့်လိုက်ပြန်ပါတယ်။ သူတို့ဟာ ထို အမူအကျင့်တွေထဲကမှ မတူညီတဲ့ အမူအကျင့်တွေကို ပေါင်းစပ်ပြီး ဘယ်ပေါင်းစပ်မှုက သေဆုံးချိန်စောစေနိုင်သလဲဆိုတာကိုလေ့လာခဲ့ရာမှာ အချိန်ကြာရှည်စွာ အိပ်စက်ခြင်း ၊ အထိုင်များခြင်း နဲ့ လေ့ကျင့်ခန်း လုပ်မှု နည်းပါးခြင်းတို့ဟာ အသေ စောစေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
သုတေသီတွေဘက်က ထည့်သွင်းပြောကြားခဲ့တာက အဲဒီလို အမူအကျင့်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ သန်းပေါင်း ၃၈ သန်း ကို သေဆုံးစေခဲ့တဲ့ နှလုံးရောဂါ ၊ ဆီးချို သွေးချို နဲ့ ကင်ဆာရောဂါတို့ကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။
Mario - သစ်ထူးလွင်
Ref : Dailymail

မှတ်ချက်များ