လူ ၂ သောင်းနေထိုင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး ရေအောက်မိုးမျှော်တိုက်ဒီဇိုင်းနဲ့ ဂေဟရွာများ
ဗိသုကာပညာရှင်တစ်ယောက်ဟာ လူ ၂ သောင်းနေထိုင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးရေအောက်မိုးမျှော်တိုက်ပုံစံတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံသား ဗင်းဆင့်ကယ်လီဘောက်က သူ့ရဲ့သမုဒ္ဒရာမိုးမျှော်တိုက်ပုံစံတွေဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ ကာဗွန်လျှော့ချဖို့အတွက် အထောက်အကူပြုလိမ့်မယ်လို့ဆိုပြီး ဂေဟစနစ်အတွက်အထောက်အကူပြုမယ့်ဖွဲ့စည်းမှုတွေဟာ အန္တရာယ်များတဲ့ရုပ်ကြွင်းလောင်စာတွေမလိုအပ်ဘဲ ကိုယ်ပိုင်စွမ်းအင်နဲ့ အပူကိုသာ ထုတ်လွှတ်ပေးမယ်လို့ ပြောကြားပါတယ်။
သူရေးဆွဲထားတဲ့ပုံစံတွေအရ သမုဒ္ဒရာမိုးမျှော်တိုက်တွေဟာ ဂျယ်လီငါးပုံစံရှိပြီး ၀င်ပေါက်နဲ့ ကုန်းပတ်တွေက ရေမျက်နှာပြင်ပေါ်မှာရှိကာ ရေအောက် မီတာ ၁၀၀၀ (၀.၆ မိုင်) အထိ ခရုပတ်ပုံစံနဲ့ ဆင်းသွားတာတွေ့ရပါတယ်။
ရေအောက်ဖွဲ့စည်းမှုမှာတော့ အိမ်တွေ၊ ရုံးခန်းတွေ၊ ၀ပ်ရှော့တွေ၊ ဓာတ်ခွဲခန်းတွေ၊ ပင်လယ်စိုက်ခင်းတွေ၊ စိုက်ပျိုးရေးဧရိယာတွေ၊ မြက်နဲ့ သီးပင်စားပင်ဥယျာဉ်တွေ ပါဝင်ပါတယ်။
သောက်ရေကိုတော့ စက်ရုံနဲ့ထုတ်လုပ်မှာဖြစ်ပြီး ပင်လယ်ရေကနေ ဆားဓာတ်ခွဲထုတ်ပေးဖို့ အထူးတည်ဆောက်သွားမှာလို့ သိရသလို လေကိုလည်း တာဝါတွေက လေ၀င်ပေါက်တွေ ဒါမှမဟုတ် အောက်ဆီဂျင်စက်ရုံကနေဖြတ်သန်းစေပြီး ပြန်လည်သန့်စင်မယ်လို့ ဆိုပါတယ်။
စားစရာတွေဟာ သန္တာကျောက်တန်းတွေ၊ စိုက်ခင်းတွေနဲ့ ငါးဖမ်းဆီးမှုကနေ ရရှိမှာဖြစ်ပြီး အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဂေဟရွာလို့နာမည်ပေးထားတဲ့ ဒီအဆောက်အအုံတွေထဲမှာ စိုက်ပျိုးနိုင်မှာဖြစ်ပြီး ဂေဟရွာတစ်ခုစီဟာ မီတာ ၅၀၀ ကျယ်ဝန်းကာ အထပ်ပေါင်း ၂၅၀ နဲ့ ကမ္ဘာ့အနှံ့က သမုဒ္ဒရာကြီးတွေမှာ တည်ဆောက်နိုင်တယ်လို့ သိရပါတယ်။
ဂေဟရွာတစ်ခုချင်းစီရဲ့တည်ဆောက်မှုကုန်ကျစရိတ်ကတော့ တစ်စတုရန်းမီတာကို ပေါင် ၁၄၃၀ ရှိမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။
Ref: Daily Mail
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ