ရင်ခွဲရုံရောက်မှ အသက်ပြန်ရှင်လာပြီး ဗော့ဒ်ကာသွားသောက်သူ


ပြင်းထန်တဲ့လဲကျမှုကြောင့် သေဆုံးသွားပြီလို့သတ်မှတ်ခံရတဲ့လူတစ်ယောက်ဟာ ရင်ခွဲရုံရောက်မှ သတိပြန်ရလာတဲ့အဖြစ်တစ်ခု ရုရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့ပါတယ်။

အဲဒီလူဟာ မယုံနိုင်စရာအဖြစ်အတွက် အံ့သြတကြီးဖြစ်ပုံမရဘဲ သူ့နာရေးကိုလာတဲ့သူငယ်ချင်းတွေနဲ့အတူ ဗော့ဒ်ကာသောက်ဖို့ ဆက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို ရုရှားက NewsRU သတင်းဌာနက တင်ဆက်ခဲ့တာဖြစ်ပြီး ဒီလူဟာ သူငယ်ချင်းတွေနဲ့အရက်သောက်နေတုန်းမှာ ပြင်းပြင်းထန်ထန်လဲကျခဲ့ပြီး ဆေးဝန်ထမ်းတွေက သူ့ကိုသေဆုံးပြီလို့သတ်မှတ်ကာ ရင်ခွဲရုံကို ပို့ခဲ့ပေမယ့် ဒီလူဟာ ပြန်သတိရလာပြီး ရင်ခွဲရုံဝန်ထမ်းတွေကို အကြောင်းကြားကာ အပြင်ထွက်ခဲ့တာဖြစ်ပါတယ်။

အခုလို သေပြီထင်ထားတဲ့သူတွေ ပြန်ရှင်လာတဲ့အဖြစ်တွေဟာ အရင်ကလည်းရှိခဲ့ဖူးပြီး မွမ်ဘိုင်းကလူတစ်ယောက်ဟာ အောက်တိုဘာလတုန်းက သူ့အလောင်းကို ခွဲစိတ်စစ်ဆေးမယ့်အချိန်မှာမှ သတိပြန်ရလာတဲ့အဖြစ်ရှိခဲ့ပြီး အဲဒီလူက အဲဒီလိုဖြစ်ပြီး သိပ်မကြာခင် တကယ်သေဆုံးသွားခဲ့ပါတယ်။

နောက်တစ်ခုကတော့ ဂျာမနီမှာ နွေရာသီတုန်းကဖြစ်ပျက်ခဲ့တာဖြစ်ပြီး အသက် ၉၂ နှစ်အရွယ် အမျိုးသမီးကြီးကို သေပြီလို့ မှတ်ချက်ပေးခဲ့တဲ့ဆရာဝန်ဟာ ဂရုမဲ့မှုနဲ့စွဲချက်တင်ခံခဲ့ရပြီး ရင်ခွဲရုံရောက်မှ ပြန်သတိရလာတဲ့အမျိုးသမီးကြီးကတော့ ၂ ရက်အကြာမှာ အမှန်တကယ်သေဆုံးခဲ့ပါတယ်။

Ref: Metro
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ