ရည်းစားသစ် ထပ်ထားခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ သူ့ကောင်လေးကို သတ်ပစ်ခဲ့တဲ့ လူသတ်သမားက သူကိုယ့်သူပါ သေကြောင်းကြံစည်ခဲ့
နယူးယော့ခ်အနောက်ပိုင်း Geneseo မြို့လေးက အသက် ၂၀စွန်းစွန်းသာ ရှိသေးတဲ့ လူငယ်သုံးဦး တစ်ပြိုင်နက် သေဆုံးသွားခဲ့တဲ့ ၀မ်းနည်းစရာ သတင်းဟာ လူတော်တော်များများကို စိတ်ထိခိုက်ကြေကွဲစေခဲ့ပါတယ်။ Geneseo က တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဖြစ်တဲ့ Matthew Hutchison ၂၄နှစ်နဲ့ Kelsey Annese ၂၁နှစ်တို့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Annese ရဲ့ အိမ်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို သတ်ခဲ့သူကတော့ Annese ရဲ့ ရည်းစားဟောင်းဖြစ်သူ အသက် ၂၄နှစ်အရွယ် Colin Kingston ပဲ ဖြစ်ပါတယ်။ သတင်းတွေအရတော့ Colin ဟာ သူတို့နှစ်ဦးကို သတ်ပြီးချိန်မှာပဲ သူ့ကိုယ်သူလည်း သတ်သေသွားခဲ့ပါတယ်တဲ့။
Annese နဲ့ Kingston တို့ဟာ တွဲခဲ့ကြတာ သုံးနှစ်ကြာရှိပြီဖြစ်ပြီး မကြာသေးခင်က လမ်းခွဲလိုက်ကြတာပါ။ Geneseo မြို့က ရဲတွေရဲ့ ပြောပြချက်အရတော့ Kingston ဟာ ကောင်မလေး အိမ်ကို မနက် ၅နာရီခွဲနဲ့၆နာရီကြား မကြာခဏ သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရတာက Annese နဲ့ Hutchison တို့ဟာ ဓားဒဏ်ရာ အချက်ပေါင်းများစွာနဲ့ သေဆုံးနေတာဖြစ်ပြီး တော်တော်လေး ကြီးတဲ့ ဓားနဲ့ထိုးထားတယ်လို့လည်း ဖော်ပြထားပါတယ်။ သူတို့နှစ်ယောက်ကို သတ်ခဲ့တဲ့ Kingston ကတော့ သတ်ပြီးပြီးချင်း သူ့အဖေဖြစ်သူကို ဖုန်းဆက်ကာ သူလုပ်ခဲ့တာတွေကို ပြောပြခဲ့တဲ့အပြင် သူ့ကိုယ်သူလည်း သတ်သေတော့မှာ ဖြစ်ကြောင်း ပြောပြသွားပါသေးတယ်။ ရဲအရာရှိတွေ ရောက်ရှိသွားချိန်မှာတော့ သုံးဦးစလုံး အသက်မရှိတော့ဘူးလို့ သိရပါတယ်။
Kingston ကလည်း Geneseo ရဲ့ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း အရင်က ဘတ်စကတ်ဘော ကစားသမားတစ်ဦးဖြစ်ပါတယ်။ Annese ကတော့ တက္ကသိုလ်ဘတ်စကတ်ဘော အသင်းမှာ ခုချိန်ထိ ကစားနေဆဲပါ။ စနေနေ့ညက သူမဟာ ကစားပွဲရှိခဲ့ပြီး အဲ့ဒီအကြောင်းတွေကို သူမတို့အိမ်မှာ ကစားဖော်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။ Kingston အိမ်ရောက်လာချိန်မှာ အခြားသူငယ်ချင်းတွေ ရှိနေတယ်လို့သိရပေမယ့် Annese နဲ့ Hutchison တို့ကတော့ အိပ်ပျော်နေကြပါတယ်တဲ့။ ဒါ့ကြောင့်လည်း သူတို့နှစ်ဦး အသတ်ခံရချိန်မှာ အခြားသူတွေ ဘာမှထူးထူးခြားခြား မကြားလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ခုချိန်မှာ တက္ကသိုလ်ကျောင်းက ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ကြောင့် ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမတွေအပြင် Geneseo မြို့တစ်မြို့လုံးက လူတွေလည်း စိတ်မကောင်းကြီးစွာ ခံစားနေရတယ်လို့ သိရပါတယ်။
ဟန်နီ - Trend Myanmar

မှတ်ချက်များ