လျစ်လျူမရှုသင့်တဲ့ နှလုံးရောဂါ လက္ခဏာ (၆) မျိုး


ဒါတွေဖြစ်နေပြီဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်နေပါပြီ။
နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ နှလုံးရောဂါလက္ခဏာတွေဟာ အစပိုင်းမှာတော့ ခပ်သေးသေးပဲရှိရာက တဖြည်းဖြည်းနဲ့ ပိုမိုထင်ရှားလာတတ်ကြတာပါ။ တက္ကဆက်က နှလုံးအထူးကု ဒေါက်တာ ဂျွန် အာဝင်ကတော့ ဒီလိုလက္ခဏာတွေဟာ နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာရပ်တွေ ဖြစ်လို့ မပေါ့လျော့ဖို့နဲ့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ တိုက်တွန်းထားပါတယ်။

၁။ အိပ်နေစဉ် ဟောက်ခြင်း

အိပ်ရင် ဟောက်တတ်ခြင်းလိုမျိုး အိပ်စဉ်မှုကစဉ့်ကလျားဖြစ်စဉ်တွေကလည်း နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ ဒေါက်တာအာဝင်က ပြောပါတယ်။ အိပ်ပျော်နေစဉ်မှာ အသက်ရှုရပ်သွားတာမျိုး ရုတ်တရက် နှလုံးခုန်ရပ်သွားတာ၊ နှလုံးလေဟပ်သွားတာမျိုးနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။

၂။ လိင်စွမ်းဆောင်ရည် ကျဆင်းခြင်း

များသောအားဖြင့်တော့ ဒါဟာ မျိုးပွားအင်္ဂါတွေနဲ့ဆိုင်တယ် ဒါမှမဟုတ် ဦးနှောက်နဲ့ဆိုင်တယ်လို့ ထင်မိကြပေမယ့် တကယ်တမ်းတော့ ဒီလက္ခဏာရပ်ဟာ အမျိုးသားတွေမှာ ပင်မနှလုံးသွေးလွှတ်ကြောပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တာကို ပြသနေတာပါ။

၃။ သွားဖုံးသွေးယိုခြင်း

မေးရိုးမှာ တစ်ခုခု ဖြစ်နေရင်လည်း သွားဖုံးသွေးယိုတတ်ပါတယ်။ မကျန်းမာတဲ့ သွားဖုံးဟာ နှလုံးရောဂါနဲ့ ဆက်နွှယ်နေလိမ့်မယ်လို့တော့ ဘယ်သူမှ မတွေးမိကြပါဘူး။ ဒါပေမဲ့ ဒီကိစ္စဟာ ရုတ်တရက် နှလုံးရပ်တန့်မှုနဲ့ဆိုင်တဲ့ ကြီးမားတဲ့ဆက်နွှယ်မှုတစ်ရပ်ဖြစ်ကြောင်း ဒေါက်တာအာဝင်က ဆိုပါတယ်။

၎။ ပခုံးနဲ့ လည်ပင်း တောင့်တင်းခြင်း

ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်းမှာ လူတွေ ခံစားရတာက နှလုံးအပေါ်မှာ အရမ်းကို ကြီးမားလေးလံတဲ့ဖိအား ဖြစ်နေတာမျိုး ဒါမှမဟုတ် လက်မောင်းတွေကို ညှစ်ထားသလို တင်းကျပ်နေတာမျိုး ခံစားရလေ့ရှိပါတယ်။ ဒီလက္ခဏာတွေပြင် အခြား လက္ခဏာရပ်တွေကတော့ လည်ပင်း၊ ပခုံးနဲ့၊ မေးရိုးတို့မှာ ဖိအားများသလို ခံစားရခြင်းတွေကလည်း နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပါပဲ။

၅။ ခြေဖဝါးနဲ့ခြေထောက်တွေ ရောင်ရမ်းခြင်း

အကြောင်းအမျိုးမျိုးနဲ့ ဖြစ်ပေါ်လေ့ရှိပေမယ့် အလိုလိုနေရင်း ရောင်နေတာမျိုးဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။

၆။ အစာမကြေခြင်း၊ ရင်ပူခြင်း

မကြာခဏ ဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့်တော့ စိုးရိမ်စရာမလိုတဲ့ ကိစ္စပါ။ ဝမ်းဗိုက်အထက်ပိုင်းမှာ ကိုက်ခဲမှုတွေနဲ့ ရင်ပူခြင်းတွေ ဖြစ်နေပြီဆိုရင်တော့ သတိထားပါလို့လည်း ဒေါက်တာအာဝင်က တိုက်တွန်းထားပါတယ်။

Duwun

မှတ်ချက်များ