ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အစိုးရ စာသင်ကျောင်းပေါင်း ၄၄၉
ကျောင်း အနက် ၉၄ ကျောင်းသည် ကရင်စာပေကို သြဂုတ်လမှစ၍ စတင်သင်ကြား နေပြီဖြစ်ကြောင်း ဖာအံမြို့နယ် ပညာရေးမှူး ဖြစ်သူ ဦးကျော်ဝင်းက ကေအိုင်စီသို့ ပြောသည်။
“တိုင်းရင်သားစာပေက ကျနော်တို့ ကရင်ပြည်နယ်တစ်ခုတည်းမဟုတ် ဘူး။ လွှတ်တော်မှာ ပြည်နယ်နှင့် တိုင်းအလိုက်ပေါ့။ တိုင်းရင်းသားစာပေ သင်ကြားခွင့်ပြုဖို့ တင်ပြကြတယ်။ တင်ပြကြပြီးတော့ ပညာရေးဌာန က လည်း ဒီတိုင်းရင်းသားစာပေသင်ကြားနိုင်ဖို့ ပြဌာန်းစာအုပ်တွေ ရေး ဆွဲတာပေါ့နော်။ ရေးဆွဲပြီးတော့ အခုလို သင်ကြားမှုအပိုင်း စတာလာ တာ ဖြစ်ပါတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။
ထိုသို့ သင်ကြားရာ၌ ဖားအံမြို့နယ်အတွင်းရှိ အရှေ့ပိုးကရင်စာပေကို အထက်တန်းကျောင်း ၂ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၇ ကျောင်း၊ အမက(မူလွန်) ၅ ကျောင်းနှင့် မူလတန်းကျောင်း ၆၆ ကျောင်းတို့တွင် ဆရာ၊ ဆရာမ ၁၅၇ ဦးဖြင့် သင်ကြား
ပေးနေပြီး စကောကရင် စာပေကို အလယ်တန်းကျောင်းခွဲ ၂ ကျောင်း၊ အမက(မူလွန်) ၅ ကျောင်းနှင့် မူလ တန်းကျောင်း ၃ ကျောင်း တို့တွင် ဆရာ၊ ဆရာမ ၂၂ ဦးဖြင့် သင်ကြားနေခြင်းဖြစ်သည်။
ထို့အပြင် လက်ရှိဖားအံမြို့နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် ပိုးကရင်၊ စကောကရင်အပြင် ပအိုဝ်းနှင့် မွန်တိုင်းရင်းသားစာပေတို့ကိုလည်း သင်ကြားလျှက်ရှိသည်။ သို့သော် ကရင်ပြည်နယ်အတွင်း အစိုးရ စာ သင်ကျောင်းများတွင် တိုင်းရင်းသားများ စုံလင်သည့်အတွက်ကြောင့် အချို့ကျောင်းများတွင် ကရင် စာပေ၊ မွန်စာပေနှင့် ပအိုဝ်းစာပေသီးသန့် မသင်ကြားနိုင်သေးကြောင်း သိရသည်။
ဖားအံမြို့နယ်အတွင်း မုက္ကဒိကျေးရွာတွင် အရှေ့ပိုးကရင်စာပေ သင်ကြားနေသည့် မုက္ကဒိ အထက်တန်း
ကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးသန်းထိုက်ဦးက “အခု ကျနော်တို့ကျောင်းမှာ သင်နေတာက နှစ်တန်း ကနေ ခြောက်တန်းအထိဟာ အရှေ့ပိုးကရင်စာ သူငယ်တန်းအဆင့်ပဲ သင်ကြားနေတယ်။ အတန်းပိုင် ဆရာမနှစ်ယောက်က သင်ကြားပေးတာပါ။ စာသင်ချိန်ကတော့ ဖွံ့ဖြိုးရေးအချိန်မှာတို့မှာ သင်ပေးတယ်။
ကျောင်းချိန်မှာပဲ ဖြစ်တယ်ပေါ့။ အမှန်က ကျောင်းပြင်ပချိန်မှာ သင်ရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် တိုင်းရင်းသားစာပေကို ဖားအံမြို့နယ်အနေနှင့် အစိုးရစာသင်ကျောင်းများတွင် မူလတန်း အဆင့် တတိယတန်းအထိ ပြဌာန်းစာအုပ်များ ဖြန့်ဝေသင်ကြားနေပြီး ကျောင်း၌ သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများ မရှိပါက တိုင်းရင်းသားစာပေကို သင်ကြားနိုင်မည့် ဆရာ၊ ဆရာမခေါ်ယူနိုင်ပြီး ၎င်းဆရာ၊ ဆရာမများကို ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် ကျပ်သုံးသောင်း ထောက်ပံ့ပေးသွားမည်ဟု ဖားအံ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက ပြောဆိုသည်။
အစိုးရကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားခွင့်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် နဝမအကြိမ်မြောက် ပြည်နယ်လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးတွင် ပြဌာန်းထားခဲ့ခြင်းဖြစ် သည်။ လက်ရှိ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ အစိုးရစာသင်ကျောင်း ၂၆ ကျောင်းတွင် စကောကရင်စာပေကို သင်ကြားလျှက်ရှိကြောင်း သိရသည်။
နန်းချောင်ဖော့ | ကေအိုင်စီ - KIC News

မှတ်ချက်များ