![]() |
| သံတွဲမြို့မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခမီးရှို့မှုတွေ ဖြစ်ပွားပြီးလုံခြုံရေးတွေ ချထားစဉ်က |
အရိုးနဲ့ခြံစည်းရိုးလုပ်မယ်ဆိုတဲ့ နှိုးဆော်စာပါ ဒီသီချင်းကို သံတွဲအဝေးပြေးကားဂိတ်နဲ့ လမ်းဆုံမှာ အခုလ ၁၁ ရက်နေ့ကတည်းက နေ့စဉ် ဖွင့်လှစ်သူဟာ သံတွဲမြို့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။
“အမျိုး ဘာသာ၊ သာသနာ သစ္စာရှိပါမည်၊ ဘာသာတူသူဆိုင်မှာသာ ဈေးဝယ်ပါမည်ဆိုတဲ့ သီချင်းပေါ့ဗျာ။ အဆိုတော်နာမည်ကိုတော့ မသိဘူး။ သူကတော့ တော်တော်ကို နာမည်ကြီးနေတာပဲ။ ဘယ်သူတွေက ဖွင့်တာလဲဆိုတော့ မဘသ တွဲဘက် အတွင်းရေးမှူး ထွန်းသန့် ကျော်ဆိုတဲ့သူ၊ သူကတော့ ကားဂိတ်ပိုင် ရှင်ပေါ့၊ တလောက သပြုချိုင်တောင်ပေါ်တို့၊ သံရွာတွေ မီးရှို့တဲ့အခါမှာလည်း အဖမ်းခံရဖူးတယ်။ သူတို့ကို ဖမ်းထားတုန်းက မြို့က တော်တော်လေးကို ငြိမ်နေတာပေါ့။သူတို့ကို ပြန်လွှတ်လည်းပြီးရော ပြန်ဖြစ်လာတာ ကတော့ အခုလို မဟုတ်တဲ့ပုံစံတွေ အများကြီး ရှိခဲ့သေးပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အသံချဲ့စက်နဲ့ စက်တင်ဘာ ၁၁ ရက်နေ့ပိုင်းကတည်းက ဖွင့်လှစ်တာကို ရဲစခန်းနဲ့ မြို့နယ် အုပ်ချုပ်ရေး မှူးရုံး၊ ပညာရေးမှူးရုံးတွေကနေ ကြားနိုင်ပေမယ့် တားမြစ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
အသံချဲ့စက်ဖွင့်တဲ့ အဆောက်အဦမှာ ကမန်တိုင်းရင်းသားတွေဟာ လေးသည်တွေသာဖြစ်ပြီး အစစ္စလာမ် ဘာသာဝင်တွေဖြစ်တဲ့အတွက် ဘင်္ဂါလီဖြစ်တယ်ဆိုတာ လက်မှတ်ကောက်ယူနေတယ်လို့ ဒေသခံက ပြော ပါတယ်။
သံတွဲမြို့နယ်မှာ လာမယ့်ရက်ပိုင်းကျရင်မွတ်စလင်တွေကို မောင်းထုတ်တော့မယ်ဆိုတဲ့ ကောလာဟ လတွေ ပျံ့နေချိန်မှာ မွတ်စလင်ဆိုင်က ဈေးမ၀ယ်ဖို့ သီချင်းဖွင့်တာ တပြိုင်နက်ဖြစ်နေတာလို့ မြို့ခံ ဗုဒ္ဓဘာ သာဝင်တွေကရော၊ အစ္စလာမ်ဘာသာဝင်တွေကပါ ဒီဗွီဘီကို ပြောပြကြကြပါတယ်။
သံတွဲမြို့ မဘသ အဖွဲ့ကို ဆက်သွယ်မေးမြန်းလို့မရပေမယ့် သံတွဲမြို့နယ်ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးတိုးမြှင့် ထားတယ်လို့ ဖြေဆိုပါတယ်။
“အခုလောလောဆယ် အခြေအနေက အားလုံးက တည်တည်ငြိမ်ငြိမ်ပါပဲခင်ဗျ။ ဒီမှာ ကောလာဟလသ တင်းတွေတော့ အမျိုးမျိုးကြားရတယ်။ ကြားရတဲ့အတွက် ကျနော်တို့က လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေ ပါတယ်။”
အသံချဲ့စက်နဲ့ ဖွင့်လှစ်မှုကတော့ လက်ရှိအချိန်ထိ ရဲစခန်းအနီးနားမှာ မရှိတဲ့အတွက် မသိပဲဖြစ်နေတယ်လို့ သူက ဖြေဆိုပါတယ်။
ကားတွေနဲ့ ဆိုက်ကားတွေပေါ်မှာ အသံချဲ့စက်တင် မြို့တွင်းလှည်လည်ပြီး မွတ်စလင် ဈေးဆိုင်က ဈေးမ ၀ယ်ရေးသီချင်းတွေ ဖွင့်လှစ်နေကြပြီး ဒီသီချင်းပါစာသားဟာ လူထုအကြားတည်ငြိမ်မှုကို ပျက်ပြားစေတယ် လို့ မြင်ကြောင်း သံတွဲမြို့ခံ သက်ကြီးပိုင်း မြို့မိမြို့ဖတဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ သံတွဲမြို့ခံကျောင်းဆရာကြီး ဦးမောင်မြင့်က “လူသားတွေ ရဲ့ သမိုင်းဟာ ကမ္ဘာဦးကတည်းက နိမ့်ကျရာမှ မြင့်ရာသို့ တိုးတက်လာကြတဲ့ဥစ္စာကို တိုးတက်ရာမှ နိမ့် ကျအောင် သွားမယ်ဆိုတာဟာ ကမ္ဘာ့နိယာမကြီးကို ပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ အန်ကယ်က ထင် တယ်လေ။
“ပေါင်းစည်းနေထိုင်တဲ့ ရှိနေတဲ့ အကောင်းတရားကြီးတခုကို အပျက်သဘောတခု ရောက်အောင် ပြုလုပ်
ခြင်းဟာ အဖျက်သမားလုပ်ငန်းတွေပဲလို့ အန်ကယ်က ယူဆတယ်။ နိုင်ငံရဲ့ကောင်းရာကောင်းကျိုးကိုပဲ အန်ကယ်မြင်ချင်တယ်။ ပျက်စီးရာပျက်စီးကြောင်းလုပ်တာ နိုင်ငံရဲ့ ရန်သူလို့ပဲမြင်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့သူ မြို့သားတွေဟာ ဘာသာမတူသူတွေ အတူယှဉ်တွဲနေထိုင်လာခဲ့ကြတာ အစဉ်အဆက် ပြဿ နာတစုံတရာမတက်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာဖြစ်ပွားတဲ့ ပဋိပက္ခအပြီးမှာ လှုံ့ဆော် မှုတွေဖြစ်ပွားပြီး အိမ်မီးရှို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
DVB

မှတ်ချက်များ