ကျောင်းဝရံတာမှ ပြုတ်ကျ၍ လက်ကျိုးသွားသည့်

 ရှစ်တန်းကျောင်းသား ကျောက်ဖြူ ဆေးရုံတွင် ဆေးကုသနေကျောင်းဝရံတာမှ ပြုတ်ကျ၍ လက်ကျိုးသွား သည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ အလယ်တန်းကျောင်းသား မောင်ထွန်းလင်းအား ကျောက်ဖြူ ခရိုင်ဆေး ရုံသို့ ပို့ဆောင်ခဲ့ရာ အရိုးအထူးကု ဆရာဝန် မရှိသဖြင့် စစ်တွေဆေးရုံသို့ ထပ်မံ ပို့ဆောင်ခဲ့ရသည်ဆို
သောလူမူကွန်ယက် စာမျက်နာများပေါ်တွင် ရေးသားနေကြသော သတင်းမှာ မဟုတ်မှန်ကြောင်း
ကျောက်ဖြူ ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးက ငြင်းဆိုလိုက်သည်။

“ ဒီသတင်း မဟုတ်မှန်ပါဘူး။ ကျောက်ဖြူဆေးရုံမှာဘဲ ဆက်လက် ဆေးကုသလျှက်ရှိနေပါတယ်” ဟု ကျောက်ဖြူခရိုင် ဆရာဝန်ကြီး ဦးရွှေသိန်းမှ ဆိုသည်။

ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်၊ လောင်းချောင်းရပ်ကွက်မှ အလယ်တန်းကျောင်းသား (၈)တန်း (B) တွင် တက်ရောက်နေသော (ဘ)ဦးကန်ကြီး၊ (မိ) ဒေါ်စိန်မြခိုင်၏သား မောင်ထွန်းလင်းသည် ယခုလ ၁၄ ရက်နေ့ လည် ကျောင်းဆင်းချိန်တွင် သူငယ်ချင်းများ ဘောလုံးကန်နေသည်ကို ၀ရံတာကိုမှီ၍ ကြည့်နေရာ ၀ရံတာ
မြေကြီးသို့ ပြိုကျပြီး လက်အရိုးကျိုးသွားခဲ့သည်။

ယင်းနောက်တွင် ရမ်းဗြဲမြို့မှ ကျောက်ဖြူခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ သို့သော်လည်း ကျောက်ဖြူ ခရိုင်ဆေးရုံကြီးတွင် အရိုးအထူးကု ဆရာဝန် မရှိသဖြင့် စစ်တွေမြို့ ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ခဲ့ရသည် ဟု Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့ကြသည်။

“ အေးဒီကလေး ၁၄ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ် အချိန်မှာ ကျောက်ဖြူဆေးရုံကြီးကို ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာ ကလေးကို ချက်ချင်းပဲ Operation ခွဲစိတ်မူ လုပ်မလို့ပဲ။ ဒါပေမယ့် လူနာက အစာစားထား
တော့ Operation မလုပ်လိုက်ရဘူး။ နောက်တစ်နေ့ နေ့လည်မှာ ဒေါက်တာကျော်သူရက Operation လုပ်ခဲ့ပါတယ်။ စစ်တွေ ဆေးရုံကြီးကို ယူသွားရတယ်ဆိုတာ မဟုတ်ရပါဘူး” ဟု ကျောက်ဖြူခရိုင် ဆရာဝန် ကြီးမှ ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ခွဲစိတ်ကုသမူကို ကိုယ်တိုင်ပြုလုပ်ခဲ့သူ ဒေါက်တာကျော်သူရအား ဆက်သွယ်ရာ နိရစဉ္စရာ သတင်းဌာနသို့ ယခုလို ပြောကြားသည်။

“ အရိုးအထူးကု ဆရာဝန် ဒေါက်တာသိန်းထွန်းဇော် က ဒီလ ၁၇ ရက်နေ့မှာ စာမေးပွဲဖြေရန် ရှိတဲ့ အတွက် ဒီလ ၁၃ ရက်နေ့ ကတည်းက ရှောင်တခင် ခွင့်ယူသွားခဲ့ပါတယ်။ ကျနော်ကိုဘဲ တာဝန် လွှဲပြောင်း ပေးခဲ့ပါ တယ်။ ဒါကြောင့် ကျွန်တော်ကဘဲ ဆောင်ရွက်ခဲ့ပါတယ်။ လူနာက လက်ဖျံရိုး နှစ်ချောင်းကျိုးသွားပြီး တစ်ချောင်းက အသားကိုဖောက်ထွက်နေတယ်။ ဒီလ ၁၅ ရက်နေ့ နေ့လည် (၂း၃၀) လောက်မှာ ခွဲစိတ်မှု ပြီးသွားခဲ့ပါတယ်။ လူနာကတော့ ကျန်းမာရေးကောင်းမွန်ပြီး ကျောက်ပတ်တီး စည်းထားပေးထားပါ တယ်။ နောက်တစ်ပတ်၊ ဆယ်ရက်လောက်ကိုတော့ ဆင်းနိုင်မယ်လို့ ထင်ပါတယ် ” ဟု ပြောကြားသည်။

ယခုလူမှုကွန်ရက် သတင်းစာမျက်နှာပေါ်တွင် သတင်းကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထိ ရောက်ရှိ သွားပြီး အများအား ထိခိုက်စေသည်ဟု ကျောက်ဖြူခရိုင်ဆရာဝန်ကြီး ဦးရွှေသိန်းက ဆိုသည်။

“ ကျောက်ဖြူ ပြည်သူ့ဆေးရုံမှာရှိတဲ့ ဆရာ/မတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သတင်းဌာန
တွေကိုလည်း ဘယ်အကြောင်းအရာကိစ္စမဆို အချိန်မရွေး အမြဲတမ်း တွေ့ဆုံမေးမြန်းနိုင်ပါတယ်။ ဆေးရုံနဲ့ ပတ်သက်တဲ့ သတင်းတွေကို မေးမြန်းဖို့ တံခါးဖွင့်ထားပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့ ပြည်သူ့ ဆေးရုံတွင် ရှိနေသော လက်ကျိုးသွားသည့် မောင်ထွန်းလင်းအား ရခိုင်ပြည်နယ် အစိုးရ၀န်ကြီး ဦးကျော်ခင်(သတ္တုနှင့်သစ်တောဝန်ကြီးဌာန) မှ ငွေကျပ် တစ်သိန်း ကို လှူဒါန်းသွားခဲ့သည်ဟု သိရသည်။

နိရဉ္စရာ / ထွန်းထွန်းနိုင်

မှတ်ချက်များ