တတိယ အကြိမ်မြောက် ဥရောပခရီးစဉ် သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်အနေနှင့် နိုင်ငံတကာ၏ နားလည် ပေးမှုအပေါ် အလေးထားကာ ပြုပြင် ပြောင်းလဲမှုများကို အမှန်တကယ် လုပ်ဆောင်သွားသင့်
ကြောင်းနှင့် နိုင်ငံတကာမှ အာရုံစူးစိုက် ကူညီနေချိန်တွင် ယင်းအခွင့်အရေးကို လက်မလွှတ် သင့်ကြောင်း
နိုင်ငံရေး လေ့လာသူများ သုံးသပ်လျက်ရှိသည်။
စက်တင်ဘာ ၁ ရက်တွင် စတင်ခဲ့သည့် ဥရောပ ခရီးစဉ်အတွင်း နယ်သာလန်၊ ဆွစ်ဇာလန်နှင့် ဂျာမနီ နိုင်ငံ များသို့ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ချိန်အတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းရေး
မြှင့်တင်ရန် ငါးနှစ်စီမံကိန်းအတွက် ဆွစ်ဇာလန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၆၄ သန်း အကူအညီ
ပေးရန်အတွက် သဘောတူညီ ခဲ့ခြင်းအပေါ် သုံးသပ်နေကြခြင်း ဖြစ်သည်။
““အရင်တုန်းကဆိုရင် ဥရောပ၊ မြောက်ဥရောပ နိုင်ငံတွေက ဖြစ်စေ၊ အမေရိကားက ဖြစ်စေ များသော အားဖြင့် ဗီဇာပိတ်ဆို့မှုတွေကအစ လုပ်ပြီးတော့ အထီးကျန်၊ အပယ်ခံအနေနဲ့ ထားရာကနေ အခုပြန် ပြီးတော့ ဆက်ဆံ လာတဲ့ အပိုင်းပေါ့နော်။ ဒါကို အလေးထားဖို့ လိုပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ စီးပွားရေး ဈေးကွက်နဲ့ ပေါင်းစပ်ဖို့ကော၊ သံတမန်ရေးအရလည်း ဂုဏ်သိက္ခာရှိတဲ့ နေရာတစ်ခု ရဖို့ဟာကောပေါ့။ နိုင်ငံတကာရဲ့ နားလည်ပေးထားမှုကို လေးနက်ဖို့လို ပြီးတော့ပြုပြင် ပြောင်းလဲရေးတွေကို အပြောမဟုတ်ဘဲနဲ့ လက်တွေ့လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါက ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အစိုးရပိုင်းကော၊ အတိုက်အခံပိုင်းကော ညှိနှိုင်းမှုတွေနဲ့ ပွင့်လင်းစွာ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခွင့်အလမ်းက နှစ်ခါ ပြန်မရပါဘူး။
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ပြဿနာတွေက အများကြီး ရှိကြတယ်။ ဒီမိုကရက်တိုက်ဇေးရှင်း အောင်မြင်တဲ့ ဟာတွေ ရှိမယ်၊ နောက်ပြန်ဆုတ်တာ ရှိမယ်၊ မအောင်မြင်တဲ့ ဟာတွေ ရှိတယ်။ ကိုယ့်နိုင်ငံအပေါ်မှာ အာရုံ စူးစိုက်မှု များတဲ့အချိန်မှာ အောင်မြင်အောင် လုပ်ဖို့လိုတယ်။ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အခွင့်အ လမ်းတွေကို အမိအရ ဆုပ်ကိုင်ဖို့ လိုပါတယ်။ ဒီအခွင့်အလမ်းက နှစ်ခါ ပြန်မရ ပါဘူး။ ဒါကြောင့်မို့ ဒါကို ကျွန်တော်တို့က လက်မလွတ် စေချင်ဘူး””ဟု အဝေးရောက် ညွှန့်ပေါင်း အစိုးရ (NCGUB)၌ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူး သူ ဒေါက်တာ သောင်းထွန်း က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောဆိုသည်။
သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ သမ္မတ Didier Burkhalter က မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်းနှင့် ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့ သည်။
ဦးသိန်းစိန်၏ ဥရောပခရီးစဉ်၌ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့ရှိ Payrene Air Base ပိုင် ယန်းလေတပ်စခန်းရှိ
နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်များ၊ အသုံးချသိပ္ပံပညာ တက္ကသိုလ်နှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် အစားအစာသိပ္ပံ ပညာသင်ကျောင်းများကိုလည်း လေ့လာခဲ့ကာ ဇူးရစ်မြို့ရှိ ပြတိုက်များသို့ သွားရောက်
လေ့လာခဲ့သည်။
ယင်းခရီးစဉ်အတွင်း ဆွစ်ဇာလန် အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည့် NZZ သတင်းဌာနနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံ မေးမြန်းခန်း၌ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းများ တည်ငြိမ်စွာလုပ်
ဆောင်နိုင်ခြင်းမှာ တပ်မတော်၏ ကျေးဇူးကြောင့် ဖြစ်ကြောင်းကိုလည်း ယခုကဲ့သို့ ထည့်သွင်း ပြောကြား ခဲ့သည်။
““ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အာရပ်နွေဦး လှုပ်ရှားမှုနဲ့ တစ်ချိန်တည်းလိုလို စခဲ့တာပါ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတချို့ ကသောင်းကနင်း ဖြစ်နေချိန်မှာ မြန်မာနိုင်ငံကတော့ တည်ငြိမ်နေပါတယ်။ အဲဒါဟာ တပ်မတော်ရဲ့ ကျေးဇူးကြောင့်ပါ”” ဟု သမ္မတဦးသိန်းစိန်က NZZ သတင်း ဌာန သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများအား တပ်မတော်၏ ကျေးဇူးကြောင့် လုပ်ဆောင်နိုင်ခြင်း သာ ဖြစ်ကြောင်း
ပြောဆိုခဲ့မှုအပေါ် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာနှင့် ဂျာနယ်များတွင် နိုင်ငံရေး ဆောင်းပါးများ ရေးသား
နေသူ စာရေးဆရာ လင်းထိုက်(Y.I.T)က ““စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် တပ်မတော်အပေါ် ဒီလို ကာကွယ် ပြောကြားလိုက်ခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ လက်ရှိ အရပ်သားတစ်ပိုင်း အစိုးရ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ကမ္ဘာပေါ်မှာ မရှိဖူးသေးတဲ့ “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဖြစ်နေလို့ပါပဲ။ ဒီမိုကရေစီရဲ့ အတွင်းသဘောမှာ “စည်းကမ်း” ဆိုတာဟာ ပါဝင်ပြီး ဖြစ်တဲ့အတွက် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာဟာ ကမ္ဘာပေါ်မှာ မရှိတာပါပဲ။ လက်ရှိအစိုးရ ကျင့်သုံးနေတဲ့ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟာ တပ်မတော် ဒီမိုကရေစီ၊ တစ်နည်း လက်နက်ကိုင် ဒီမိုကရေစီကို စကားလုံး တန်ဆာဆင်ထားခြင်းမျှသာ ဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်အစိုးရ ဒီမိုကရေစီ ကျင့်သုံးနေတဲ့ လက်ရှိအစိုးရကိုယ်စား သမ္မတကြီးက တပ်မတော် ကို ကာကွယ် ပြောကြားခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ကြောင်း သုံးသပ်လိုက်ပါတယ်”” ဟု ၊၎င်း၏ အွန်လိုင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်၌ သုံးသပ် ဝေဖန်ထားသည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်က နောက်လာမည့် သမ္မတ သက်တမ်း ငါးနှစ်အတွက် တိုင်းပြည် အခြေအနေနှင့်
ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှုအပေါ် မူတည်၍ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း
ပြောဆိုခဲ့သေးသည်။
သမ္မတဦးသိန်းစိန်၏ ဥရောပခရီးစဉ် ထွက်ခွာနေသည့်အချိန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်တော့ကြောင်း ကြေညာချိန်နှင့် တိုက် ဆိုင်လျက် ရှိပြီး ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းမှာလည်း ဗီယက်နမ်နိုင်ငံသို့ အလည် အပတ် ခရီးထွက် နေချိန်နှင့် တိုက်ဆိုင် နေသည့်အတွက် မေးခွန်းထုတ်မှုများလည်း ရှိသည်။
သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာဂဲလ်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတ ဦးသိန်းစိန်အား အန်ဂလာမာဂဲလ်က နားကြပ် တင်ဆင်ပေးနေပုံမှာလည်း နိုင်ငံတစ်နိုင် ငံ၏ သမ္မတအနေဖြင့် နိုင်ငံတကာ သတင်းစာ ရှင်းလင်းပွဲ အတွေ့အကြုံ အားနည်းခြင်းကို ဖော်ပြ နေသကဲ့ သို့ ပင် ဖြစ်နေကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
အဆိုပါဓာတ်ပုံကို အွန်လိုင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်၌ စာသားများ ထည့်သွင်း၍ ပြန်လည်မျှဝေမှုများ ရှိခဲ့ ရာ ““နားဖာချေးတွေပိတ် နေတာကို…၊ ဒါကြောင့် ပြည်သူ့အသံ မကြားတာပေါ့””ဟု သမ္မတ ဦးသိန်းစိန် အားဂျာမနီ ၀န်ကြီးချုပ် အန်ဂလာမာဂဲလ်က ပြောနေပုံဖန်တီး၍ မျှဝေမှုများလည်းရှိသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲ၌ ဂျာမနီဝန်ကြီးချုပ် အင်ဂလာမာဂဲလ်က၂၀၁၅ ရွေးကောက်ပွဲအား တရားမျှတ စွာ ကျင်းပမည်ဆိုပါက စီးပွားရေး အကူအညီများ ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
““ကျွန်တော့်အမြင်ကတော့ ဒါ ပထမအဆင့်ကတော့ ဥရောပနိုင်ငံတွေရဲ့ နိုင်ငံရေးအရ ထောက်ခံမှုယူတဲ့ သဘောပေါ့နော်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က အကြွေးလျှော့ပေးတာလည်း တွေ့ရတယ်။ တခြား အကူအညီတွေလည်း တွေ့ရတယ်။ အဲဒါတွေက နိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် အသုံးချ နိုင် ဖို့တော့ အရေးကြီးတယ်။ အဲဒါတွေကို တကယ်အသုံးချခြင်းရှိ၊ မရှိ ဆိုတာကိုလည်း အကူအညီပေးတဲ့ နိုင် ငံတွေက သေချာပြန်ပြီးတော့ စောင့်ကြည့်ဖို့လိုတယ်။
ပြည်တွင်းကလည်း ဒါကို စောင့်ကြည့်ဖို့လိုတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ ကျွန်တော် ထင်ပါတယ်။ သိပ်ပြီးတော့ အထွေအထူး ပြောတာတော့ မတွေ့ရဘူး။ မတွေ့ရတဲ့ အကြောင်းရင်းကလည်း အခုသွားတဲ့ နိုင်ငံကလည်း ဂျာမနီနိုင်ငံ။ ဂျာမနီနိုင်ငံဆိုတာ အရင်ကတည်းက မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ ပေါ်လစီတွေက ခပ်ပျော့ပျော့ပဲ။ နောက်ဆွစ်ဇာလန်။ ဆွစ်ဇာလန် ဆိုတာ သံရုံးတောင် ဟိုးတုန်းက တည်းက ရှိခဲ့တာမဟုတ်ဘူး။ အခုမှ ရုံးစိုက်ဖို့ ကြိုးစားတာ။ နယ်သာလန် တစ်ခုပဲ ပြောလို့ရတယ်။
သူပင်မ သွားလည် တာကတော့ ဂျာမနီနဲ့ ဆွစ်ဇာလန်၊ နယ်သာလန်ကတော့ ကြိုပုံတွေ ဘာတွေ ကြည့် လိုက်တဲ့ အခါကျတော့ နယ်သာလန်က အဓိကထားပြီး သွားလည်တဲ့ပုံစံ မဟုတ်ဘူး ဆိုတာ တွေ့ရတယ်။ နယ်သာလန်မှာ ရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေထိန်းတံခါး စသဖြင့် အဲဒါတွေ သွားကြည့် တာပေါ့။
ပြီးတော့ မြစ်ဝကျွန်းပေါ်နဲ့ ပတ်သက်ပြီး ရေကြီးရင် ဘယ်လို ကာကွယ်ရင် ရနိုင်မလဲ ဆိုတာကို နယ်သာလန် ကို ၀င်ရင်းနဲ့ ကြည့်တယ်ပေါ့””ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက သုံး သပ်သည်။
ယခုအချိန်မတိုင်မီ သမ္မတ၏ နိုင်ငံတကာ ခရီးစဉ်များအတွင်း သက်ဆိုင်ရာ နိုင်ငံအကြီးအကဲများက ဒီမို ကရေစီရေး၊ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများကို ယခုထက် တိုးမြှင့်လုပ်ကိုင်ရန် တိုက် တွန်းမှုများ ရှိသော်လည်း ပြည်တွင်း၌မူ လယ်မြေသိမ်းမှု ပြဿနာများ၊ အလုပ်သမားရေး ပြဿနာများ အပါအ၀င် အခြားသော ပြဿနာရပ်ပေါင်းများစွာ ဆက်လက် တည်ရှိမြဲ ဖြစ်သည်။
““ဂျာမနီဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အပိုင်းမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်၊ ပြည် တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေလည်း ပါပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတ ကာက အကူအညီတွေ ပိုရရှိလာဖို့က သာမန်ဆွေးနွေးရုံနဲ့ မကဘဲ နိုင်ငံတကာ က စောင့်ကြည့်နေတဲ့ ဒီမိုကရေစီရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး၊ လာဘ်ပေး လာဘ်ယူမှု တိုက် ဖျက်ရေး၊ ဒါတွေမှာ ဘယ်လောက် အောင်မြင် တိုးတက်မှုတွေ ရှိလာတယ်ဆိုတဲ့ ဥပဒေ အရ ပြုပြင် ပြောင်း လဲမှုတွေကော၊ လက်တွေ့အရ တိုးတက်မှုတွေကော ဒါတွေလည်း သယ်ဆောင် သွားပေးနိုင်ဖို့ လိုတယ်”” ဟု ဒေါက်တာ သောင်းထွန်းက ပြောသည်။
သမ္မတ၏ ခရီးစဉ်အတွင်း ချေးငွေများ ရယူခြင်းမှာ ဖွံ့ဖြိုးဆဲ နိုင်တစ်နိုင်ငံအတွက် လိုအပ်သည်မှာ မှန်ကန် သော်လည်း ယင်းစီမံကိန်းများ မည်မျှအထိ ပွင့်လင်းမြင်သာမှု ရှိသည်ကိုမူ စောင့်ကြည့်ရမည့် အနေအထားမျိုး ဖြစ်ကြောင်းနှင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ယင်းချေးငွေများအား ထည့်သွင်းရန် လိုအပ်ကြောင်း လည်း သုံးသပ်မှုများ ရှိသည်။
““အဲဒီချေးငွေတွေက ကျွန်တော်တို့ ဘယ်သူ့အတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်မှာလဲ ဆိုတဲ့အပေါ်မှာ အရေး ကြီး ပါတယ်။ ဘယ်သူ့အတွက် ချေးပြီး လုပ်မှာလဲ။ ခရိုနီအတွက် လုပ်မှာလား၊ ပြည်သူလူထုအတွက် လုပ် မှာလား။ ဘာလို့ဆိုတော့ ဒီချေးငွေတွေက အခု မျိုးဆက်တင် မဟုတ်ဘူး။
နောင် ကျွန်တော်တို့ရဲ့ မြေး၊ မြစ်တွေက ထပ်ဆပ်ရမှာကိုး။ ဆိုတဲ့အခါကျတော့ ဒါတွေကို လူထုဗဟိုပြုတဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာကို အပြော မဟုတ်ဘဲနဲ့ လက်တွေ့ရှိဖို့လိုသလို ပွင့်လင်း မြင်သာမှုတွေလည်း လိုပါတယ်။ လူထုကို ချပြတာတို့၊ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်တဲ့အခါမှာ လွှတ်တော်မှာ ရှင်းလင်းတာတို့ ဒါတွေလုပ်ဖို့လိုပါတယ်”” ဟု ဒေါက်တာ သောင်းထွန်းက သုံးသပ်သည်။
မြန်မာသံတော်ဆင့်သတင်းဌာန
ပင်မ
/
သမ္မတ၏ ဥရောပခရီးစဉ်မှ ရရှိသော အခွင့်အလမ်းကို ဆုံးရှုံးမခံဘဲ အမှန်တကယ် ပြုပြင်ပြောင်းလဲ သင့်ကြောင်း ဝေဖန်

မှတ်ချက်များ