ချစ်သူကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ကြောင်း စွဲချက်မှ ပစ္စတိုးရီးယက်စ် လွတ်မြောက်သွား

Blade Runner ဟု လူသိများသည့် မသန်စွမ်း အိုလံပစ် အပြေးချန်ပီယံ အော်စကာ ပစ္စတိုးရီးယက်စ်သည် ချစ်သူ မော်ဒယ်လ် အမျိုးသမီးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သည်ဆိုသည့် စွဲချက်မှ ကင်းလွတ်သွား ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (၁၁)ရက်နေ့ တရားခွင်တွင် တောင်အာဖရိက တရားသူကြီး သိုကိုဇိုင်လ် မာဆီပါက ပစ္စတိုးရီး ယက်စ်အနေဖြင့် ယင်း၏ချစ်သူ ရီဗာ စတင်ကမ့်ကို သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်ကို ချမှတ် လိုက်သည်။ တရားသူကြီး၏ ဆုံးဖြတ်ချက်ကို ဖတ်ကြားအပြီးတွင် ပစ္စတိုးရီးယက်စ်သည် မျက်ရည်များ ကျနေခဲ့သည်ကို တွေ့ရသည်။

တောင်အာဖရိက နာမည်ကျော် မသန်စွမ်း အားကစားသမားအနေဖြင့် စတင်းကမ့်ကို သေနတ်ဖြင့် ပစ်သတ် ခဲ့ခြင်း မဟုတ်ကြောင်း တရားသူကြီးက အသိအမှတ် ပြုခဲ့သည့်တိုင် စတင်းကမ့် သေဆုံးမှုတွင် ၎င်း၏ တာ ဝန်မကင်းသည့် ကိစ္စအတွက် သီးခြား စစ်ဆေးဆုံးဖြတ်မှု တစ်ခုကို စက်တင်ဘာ (၁၂)ရက်တွင် ထပ်မံရင် ဆိုင် ကြားနာရမည် ဖြစ်သည်။

တရားသူကြီးက စတင်းကမ့် သေဆုံးမှုတွင် ပစ္စတိုးရီးယက်စ် အနေဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခဲ့ခြင်း မဟုတ်သော်လည်း အလျင်စလို ပြုမူမှုနှင့် ပေါ့လျော့မှုများ ရှိခဲ့ကြောင်း ဆိုသည်။ ပစ္စတိုးရီးယက်စ်က ၎င်း သည် စတင်းကမ့် အိမ်သာထဲတွင် ရှိနေချိန်တွင် အပြင်လူတစ်ဦး ကျူးကျော် ဝင်ရောက်လာသည်ဟု ယူဆ ကာ တံခါးကိုဖောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ထွက်ဆိုခဲ့သည်။ တရားသူကြီးက ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းရှိသူ တစ်ဦး အနေဖြင့် ယင်းကဲ့သို့ လက်လွတ်စပယ် ပစ်ခတ်မည်မဟုတ်ဟု ဆိုသည်။

ယခုအခါ ပစ္စတိုးရီးယက်စ်၏ အမှုမှာ အဆုံးသတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး စတင်းကမ့်ကို ရည်ရွယ် ချက်ရှိရှိ ပစ်သတ်ကြောင်း စွဲချက်ကို ပလပ်လိုက်သည့်တိုင် တရားသူကြီး၏ အပြီးသတ် ဆုံးဖြတ်စီရင်မှုကို ၎င်းအနေဖြင့် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ အစောပိုင်းက တရားသူကြီးသည် ပစ္စတိုးရီးယက်စ်မှာ ၎င်း၏ ထွက်ဆိုချက်များတွင် မပွင့်လင်းဘဲ ရှောင်ဖယ်ပြောဆိုမှုများ ရှိခဲ့ကြောင်း စွပ်စွဲခဲ့သော်လည်း ယင်းအ ချက်ကြောင့် လူသတ်မှု ကျူးလွန်သည့် ပြစ်မှုထင်ရှားကြောင်း မယူဆနိုင်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်က ဖြစ်ပွားခဲ့သော မှုခင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စိတ်ဝင်စားစရာ တရားရေး ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ အသက်(၂၇)နှစ်ရှိ ပစ္စတိုးရီးယက်စ်က ၎င်း သည် စတင်းကမ့်ကို မှားယွင်း ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း အစဉ်တစိုက် ထွက်ဆိုလာခဲ့သည်။ ပစ္စတိုးရီးယက်စ်သည် လူသတ်မှု စွဲချက်မှ ကင်းလွတ်သွားသည့်တိုင် လူသေမှုအတွက်မူ ပြစ်ဒဏ်တစ်ရပ် ကျခံရမည့် အလားအလာ ရှိနေသည်။ အဆိုပါ မှုခင်းမျိုးကို တောင်အာဖရိကတွင် လူသတ်မှုနှင့် ဆက်နွယ်
သော ပြစ်မှုစွဲချက်တစ်မျိုးအဖြစ် သတ်မှတ်ထားသည်။

ပစ္စတိုးရီးယက်စ်သည် မွေးရာပါ ချွတ်ယွင်းမှု တစ်ရပ်ကြောင့် အသက်(၁၁)လ အရွယ်ကတည်းက ခြေ
ထောက်များကို ဖြတ်တောက်ခဲ့ရသည်။ ၎င်းသည် ဒူးအောက်ပိုင်းတွင် သတ္တု ခြေတုများကို တပ်ဆင်ပြီး မသန်စွမ်း အားကစားသမား တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။ ထိုသတ္တု ခြေထောက်များကို အစွဲပြုပြီး ပစ္စတိုး ရီးယက်စ်ကို Blade Runner ဟု တင်စား ခေါ်ဝေါ်ကြသလို ခြေထောက်မပါသည့် ကမ္ဘာ့အမြန်ဆုံး လူသားဟု လည်း ညွှန်းဆိုလေ့ရှိသည်။

ပစ္စတိုးရီးယက်စ်သည် (၂၀၁၂)ခုနှစ်၊ လန်ဒန်အိုလံပစ်တွင် ပါဝင်ယှဉ်ပြိုင်ပြီးနောက် သန်စွမ်းကျန်းမာသူ များနှင့်တန်းတူ အိုလံပစ်တွင် ယှဉ်ပြိုင်သည့် ခြေနှစ်ဖက် မရှိသော ကမ္ဘာ့ပထမဆုံး အပြေးသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

BBC

မှတ်ချက်များ