အလွတ် သတင်းထောက် ကိုပါကြီးကို အသေဖမ်းဆီးရမိဟု စစ်တပ် ထုတ်ပြန်
တလနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် ကိုပါကြီးမှာ စစ်ဘက် အမှတ် ၂၀၈ ခြေမြန် တပ်ရင်းက ထိန်းသိမ်းထားစဉ် အစောင့် စစ်သည်ထံမှ သေနတ်လုယူထွက်ပြေးရန် ကြိုးပမ်း သဖြင့်ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိသည်ဟု အောက်တိုဘာ ၂၃ ရက်နေ့တွင် စစ်တပ် က သတင်းထုတ်ပြန်လိုက်ကြောင်း ယနေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားသည်။
အလွတ်သတင်းထောက် ကိုပါကြီးသည် လက်နက်ကိုင် KKO အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး အ ဆင့် အောင်နိုင် အဖြစ် စစ်ဆေးသိရှိရကြောင်း ၊ ထို့ကြောင့် ကျိုက်မရောမြို့ တိုက်ပွဲတွင် KKO အဖွဲ့၏ လက် နက်များ သိမ်းဆည်းထားသည့်နေရာကို လိုက်လံပြသရန် အတွက် ကျိုက်မရောမြို့နယ် ရွှေဝါချောင်း ကျေး ရွာအနီးသို့ ရောက်ရှိစဉ် ညဘက် အပေါ့သွားရန်ဟု အကြောင်းပြချက်ဖြင့် ကင်းစောင့်စစ်သည်ကို လုံးထွေး ပြီး သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းကြောင်း၊ ယင်းကြောင့် ကင်းစောင့်စစ်သည်က ပစ်ခတ်ဖမ်ဆီးရာ
သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ The Voice သတင်းစာတွင် ဖော်ပြထားသည်။
သို့သော် ကိုပါကြီး၏ ဇနီး မသန္တာကမူ ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် လက်ရှိ ဖြစ်ပွားနေသည့် အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တိုက်ပွဲ အတွင်း စစ်ရေး သတင်းဓာတ်ပုံ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သတင်းစာ ရှင်း လင်းပွဲတွင် ပြောဆိုထားသည်။
ဧရာဝတီ

မှတ်ချက်များ