အမေရိကန်၏ လွတ်လပ်ရေး ဂုဏ်ပြုဆုတံဆိပ်ကို မာလာလာ လက်ခံယူ


ပူပူနွေးနွေး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဆယ်ကျော်သက် ကျောင်းသူလေး မာလာလာ ယူဆွတ်ဖ်ဇိုင် သည် အမေရိကန် နိုင်ငံ၏ လွတ်လပ်ရေး ဂုဏ်ပြု ဆုတံဆိပ်ကို လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

အသက်(၁၇)နှစ်ရှိ မာလာလာ အနေဖြင့် ပါကစ္စတန် နိုင်ငံတွင် အမျိုးသမီးငယ်များ ပညာသင်ကြားခွင့် ရ ရှိရေးအတွက် စွမ်းစွမ်းတမံ စည်းရုံးမြှင့်တင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဂုဏ်ပြုခြင်းဖြစ်ကြောင်း အမျိုးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဌာန (NCC)က ကြေညာသည်။

“ဆန့်ကျင်မှုတွေနဲ့ ကြုံခဲ့ပေမယ့် သတ္တိရှိရှိ၊ ကြံ့ကြံ့ခံ ရပ်တည်ရင်း အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုရဲ့ တန်ဖိုးကို ပြသနိုင်ခဲ့တဲ့အတွက် မာလာလာကို အခုလို ဂုဏ်ပြုတာ ဖြစ်ပါတယ်”ဟု NCC ၏ ထုတ်ပြန်မှုတွင်
ဖော်ပြထားသည်။ မာလာလာသည် လွန်ခဲ့သည့် (၂)ပတ်ခန့်က အိန္ဒိယ နိုင်ငံသား ကိုင်လက်ရှ် ဆတ်ယာ သီနှင့် ပူးတွဲပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိထားသူ ဖြစ်သည်။

လွတ်လပ်ရေး ဂုဏ်ပြုဆုကို လက်ခံယူပြီးနောက် မာလာလာက “ဒီဆုကို ချီးမြှင့်ခံရတဲ့အတွက် ကျွန်မ ဂုဏ် ယူမိပါတယ်။ ဒီဆုဟာ ကျွန်မလက်ရှိ လုပ်ဆောင်နေတဲ့ ပညာရေး မြှင့်တင်မှုနဲ့ ကလေးငယ်တိုင်း ပညာသင်
ကြားခွင့်ရဖို့ လှုပ်ရှားမှုတွေကို တွန်းအားတစ်ရပ် ဖြစ်လာစေပါတယ်”ဟု ပြောကြားခဲ့သည်။ သူမက လွတ် လပ်ရေးဆုအတွက် ချီးမြှင့်ခံရသည့် အမေရိကန်ဒေါ်လာ တစ်သိန်းကို ပါကစ္စတန်၏ ပညာရေး ကဏ္ဍတွင် ထည့်ဝင်သုံးစွဲနိုင်ရန် လှူဒါန်းသွားမည်ဟုလည်း ကတိပြုခဲ့သည်။

မာလာလာက ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လက်နက်တပ်ဆင်ရန် အလုံးအရင်း ငွေကြေးသုံးစွဲနေမည့်အစား ကလေးများ၏ အနာဂတ်အတွက် မြှုပ်နှံပေးကြရန်လည်း တိုက်တွန်းခဲ့သည်။ “ဆင်းရဲနွမ်းပါးမှု၊ အသိပညာ နည်းမှုနဲ့ အကြမ်းဖက်မှုတွေကို တကယ်တမ်း တိုက်ဖျက်နိုင်မယ့် အထက်မြက်ဆုံး လက်နက်ဟာ ပညာရေး သာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံ အားလုံးအနေနဲ့ စစ်ပွဲတွေကို ဆန့်ကျင်ပြီး ပညာရေးကို မြှင့်တင်ဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်”ဟု မာလာလာက ပြောကြားခဲ့သည်။

မာလာလာသည် (၂၀၁၂)ခုနှစ်၊ အောက်တိုဘာလက တာလီဘန် စစ်သွေးကြွ တစ်ဦး၏ ပစ်ခတ် လုပ်ကြံမှု
ကြောင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ရခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်မသေခဲ့ချေ။ သူမ၏ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်း ယခုထက်တိုင် ဗြိတိန်နိုင်ငံတွင်သာ ဆက်လက် နေ ထိုင်လျက် ရှိသည်။

7day

မှတ်ချက်များ