နူတ်ဆက် လက်ပြ ထွက်ခွာသွားသူ


၁၇ အောက်တိုဘာ ၂၀၁၄ ရက်နေ့ နေပြည်တော်ကောင်စီ ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် သတင်း မီဒီယာ သမားများ အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားကြသူ ပြည်သူပရိတ်သတ်အချို့ တစ်စုံတစ်ရာ ကို မျှော်လင့်စောင့်ကြိုနေကြပါတယ်။

၁၉ ဇူလိုင်လမှ စတင်၍ အထူးစုံစမ်းရေးဦးစီးဌာနမှ တရားလိုပြုလုပ်၍ နိုင်ငံတော်ဘဏ္ဍာငွေ သိန်း၁၀၀ကျော်
အလွဲသုံးစားမှုပြစ်မှုအမှတ် ၄၁/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ ၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှု
ပြစ်မှုအမှတ် ၄၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄/က တို့ ဖြင့် ဒက္ခိဏခရိုင်တွင် တရားစွဲဆိုထားသော ကိစ္စ စီရင်ချက်အမိန့်ချမည်ဖြစ်၍ တရားရုံးရှေ့တွင် ဦးဆန်းဆင့်အား စောင့်မျှော် ကြေခြင်းဖြစ်ပါတယ်။

နံနက် ၁၀း၁၅ အချိန်တွင် လုံခြုံရေးယာဉ်တန်းဖြင့်ရောက်ရှိလာပြီး ခရိုင်တရားသူကြီး ရုံးခန်းအတွင်းသို့ ၀င်ရောက်ပြီး တရားသူကြီးမှ ဦးဆန်းဆင့်အား တရားစွဲဆိုထားသည့် ပုဒ်မ (၄၀၉)နှင့် ပတ်သက်၍ စစ်ဆေး
ပေါ်ပေါက်ချက် ပုဒ်မ ၁၂၄(က)နှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်များကို ရှင်းလင်းဖတ်ကြားပါတယ်။

ပုဒ်မ ၄၀၉ နှင့် ပတ်သက်၍ ယက္ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူအောင်တော်မူစေတီတည်ဆောက် ရေးထီး တင်ပွဲတို့တွင် ဌာနပိုင်ယာဉ်ကိုအသုံးပြုခြင်း၊ အလှူအတွက်ကုန်ကျစရိတ်ငွေကြေးများကို ဌာနပိုင်ငွေကြေး များအသုံးချမှုကိစ္စရပ်များ စစ်ဆေးပေါ်ပေါက်ချက်နှင့် ပုဒ်မ ၁၂၄(က) နိုင်ငံတော်အား အကြည်ညို ပျက်စေမှု ကိစ္စနှင့်ပတ်သက်၍ နေပြည်တော် သတ္တ သတ္တာဟ ဗုဒဂါယာ ဘုရားထီးတင်ပွဲ လူထုပရိတ်သတ် ရှေ့တွင် ဦးဆန်းဆင့်မှ “ယခုထီးတင်ပွဲသည် အစိုးရစစ်၏ထီးတင်ပွဲမဟုတ် နောင်တက်လာမည့်အစိုးရ သည်သာ အစိုးရစစ်ဖြစ်သည်” ဆိုသည့် စကားနှင့်ပတ်သက်၍ လည်းကောင်း၊

တရားခွင်စစ်ဆေးချက်တွင် သက်သေ များ၏ထွက်ချက်မှာ ပြောဆိုခဲ့ကြောင်း ပေါ်လွင်ခြင်း၊ ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာအစည်း အဝေးသို့နိုင်ငံတော်အကြီးအကဲများ မတက်ရောက်နိုင်ခြင်းကိစ္စနှင့် မဟာ သန္တိသုခ ကျောင်းတိုက်ကိစ္စ တို့တွင် သမ္မတနှင့်နိုင်ငံတော်သံဃနာယကအဖွဲ့တို့ အကြား မေတ္တာပျက်စေ ရန် အကြည်ညိုပျက်စေရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သံဃာတော်များအကြား မေတ္တာပျက်
စေရန် အကြည်ညိုပျက် စေရန် ရေးသားထားသော အကြောင်းအရာများ ပါဝင်သည့် သံတော်ဆင့်ဂျာနယ် အတွဲ(၃) အမှတ်(၁၀)ကို တမြို့နယ်လျှင် စောင်ရေ(၁၀၀)ဖြန့်ချိရန် ညွှန်ကြားခိုင်းစေခြင်း ကိစ္စရပ်များတရား ခွင်စစ်ဆေးချက်တွင် ပေါ်ပေါက်ခဲ့ကြောင်း ခရိုင်တရားသူကြီးမှ တရားခွင်တွင်ရောက်ရှိ နေသော နှစ်ဖက်
ရှေ့နေ များနှင့် တရားခံဦးဆန်းဆင့်တို့အား ဖတ်ကြားရှင်းပြပြီး-

၁၁း၁၅ နာရီအချိန်တွင် ပုဒ်မ ၄၀၉ အရ ထောင်ဒဏ် (၃)နှစ်၊ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အား အကြည်ညို ပျက်စေမှုအရ ဒဏ်ငွေတသိန်းနှင့်ထောင်ဒဏ် ၁၀ နှစ် တကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

ဒဏ်ငွေတသိန်းပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ်တနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

တရားခွင်မှ ဦးဆန်းဆင့်ထွက်ခွာလာစဉ် “တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့” ဆိုတဲ့ စကားသံမဆုံး ခင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကားပေါ်အတင်းဆွဲတင်စဉ် ကားတံခါးဝအရောက်တွင် ဦးဆန်းဆင့်မှ “သံဃမ ဟာနာယကနဲ့ ပြည်သူတွေမေတ္တာပို့ပေးပါ”ဟု ပြောကြားခဲ့ပါတယ်။

ဒဏ်ငွေ တသိန်းပေးဆောင်ခဲ့ကြောင်း၊ မိသားစုတဦးက ၃ နှစ် ၁၀ နှစ် (၁၃)နှစ်သာ ဖြစ်ကြောင်းလည်း တ ရားရုံး ချုပ်ရှေ့နေ ဦးတင်ထွဋ်က ပြောကြားခဲ့သည်။

“တကျွန်းဆိုတာ အမျိုးမျိုးရှိတယ်၊ အနှစ် ၂၀ လည်းရှိတယ်၊ ၁၀ နှစ်လည်း ရှိတယ်၊ ခုက ၁၀ နှစ် ချတာ၊ ဒဏ်ငွေ တသိန်းကိုတော့ သူ့မိသားစုက ဆောင်လိုက်ပြီ၊ အယူခံဝင်ဖို့အတွက် ပါဝါတိုးတဲ့ကိစ္စတွေ လုပ်ပြီး သွားရင် မန္တလေးကိုတက်မယ်၊ ပြစ်မှုနှစ်ခုစလုံးထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ်ချတာ စွဲချက်နဲ့ တရားရုံးကချတဲ့ အမိန့်ကိုတော့ ဒီနေရာမှာ မပြောလိုဘူး၊ အန္တရာယ်ကင်းတဲ့နေရာ ပြောခွင့်ရှိတဲ့နေရာမှာ ပြောမယ်”

“ဒါက စွဲထားပြီးတဲ့နောက် ကြိုးနဲ့ချည်ထားပြီးတဲ့ အနေအထားမှာ ဆက်ချည်တဲ့သဘောပေါ့၊ နောက် တော့ မှ အပေါ်က ဖြည်တာ မဖြည်တာ သူ့တို့အလုပ်ပေါ့ တရားရုံးကလုပ်စရာရှိတာလုပ်တာပေါ့”

“ကျေနပ်လားလို့မေးရင် မကျေနပ်ဘူး၊ ရိုးသားစွာ မကျေနပ်လို့ ဆက်တက်မှာပါ၊ ကျန်းမာရေးအခြေ အနေ ကတော့ ကောင်းပါတယ်၊ ဦးဆန်းဆင့်က မှာချင်တာရှိပေမယ့် မှာချိန်တောင်မရှိလိုက်ဘူး၊ သူတို့ အတင်း ဆွဲခေါ်သွားတာ ကံအကြောင်းမလှလို့ ဖြစ်သွားတာ၊ အယူခံ ဆက်တက်ဖို့ ရှေ့နေကြီးနဲ့ တိုင်ပင်ပြီး ဆက် လုပ်သွားမယ်”ဟု ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူတရားရုံးချုပ်ရှေ့နေ ဦးတင်ထွဋ်က ပြောကြားခဲ့ပါတယ်။


*** ဦးဆန်းဆင့် အမိန့်ချခံရမှုနှင့်ပတ်သက်၍ ဖော်ပြပါသတင်းသည် News watch သတင်းထောက် ကိုယ်တိုင် တရားခွင်သို့ တက်ရောက်သတင်းရယူရေးသားခြင်းဖြစ်ပါသည်။

ထွန်း (နေပြည်တော်) | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ