ထင်တော့ထင်သားဘဲ (ဟာသ)


တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ် ။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါကတော့ သူ့ကို ဘာပြောပြော ဟုတ်လား -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ --ဆိုပြီး အမြဲအဲသလိုပြောတတ်သတဲ့ ။ အဲဒါကို နေ့တိုင်းကြားနေရတော့ ယောင်္ကျားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ် ။ ဒါနဲ့ တစ်နေ့မှာ ယောင်္ကျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး အချိန်မတန်မီ နွားကန် ( နွားမောင်းရာတွင် နွားကိုရိုက်ရန်သုံးသော တုတ်) ကိုင်ပြီး သူတစ်ယောက်ထဲပြန်လာတယ် ။ ဒါကိုမိန်းမကမြင်တော့ --

`` ဟော -- ရှင်ဘာဖြစ်လို့ အိမ်ကိုအစောကြီးပြန်လာရတာလဲ -- ဒါနဲ့ လှည်းတွေ နွားတွေရော --``
`` အေးကွာ -- မပြောကို မပြောချင်ပါဘူး -- ငါတောရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ်ပျံကုန်ကြတယ်ကွာ --``

ဒီတော့မိန်းမက သူ့ဝသီအတိုင်း --
`` ဟုတ်လား -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ -- ဒီနွားနှစ်ကောင် ဒီနေ့မနက်မြင်ရတာ ထူးဆန်းနေသလားလို့ ``
ဒီတော့ ယောင်္ကျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားကန်နဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး -- ပါးစပ်ကလဲ --
``ထင်ဦးကွာ -- ထင်ဦးကွာ မင်းဒီသောက်ကျင့် ကမပျောက်နိုင်ဘူး -- နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့ပြောတာ ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစား ဘဲ သူဘဲကြိုသိသလိုလို ဒီသောက်ကျင့်ကမဖျောက်ဘူး --``
ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့စကားကြောင့် သူဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ်ကျသွားတယ် -- ပြောတာက

``ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲတဲ့ ``

Nyachitthukalay

မှတ်ချက်များ