လက်သီးနဲ့ထိုး ဓားနှင့် မွှန်း မုဒိမ်းကျင့်ပြီး သစ်ပင်မှာ ကိုယ်လုံးတီးချည် နှောင်ထားခံထားခဲ့ရတဲ့ အမျိုးသမီးနှင့် တွေ့ဆုံ မေးမြန်းခြင်း
၂၈၊၉၊၂၀၁၄ရက်နေ့ မွန်းလွဲ(၃)နာရီ ဖြစ်ပွားခဲ့သည့် ရက်စက်စွာ ရိုက်နှက်နှိပ်စက်ပြီး မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီး ကို ကသာခရိုင်ဆေးရုံကြီးမှာ ၄၊၁၀၊၂၀၁၄ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က သွားရောက်တွေ့ ဆုံပြီး သူမရဲ့ ရင်နင့်စဖွယ် ဖြစ်ရပ်ဆိုးနှင့် သူခံစားချက်များကို သွားရောက် မေးမြန်းဖြစ်ခဲ့ပါတယ်၊
မေး။ ။ သမီးနာမည်နဲ့ အသက် လိပ်စာလေး ပြောပါဦး၊
ဖြေ။ ။့ ကျွန်မနာမည်က မခင်--- ဖြစ်ပါတယ်၊ အသက်က(၃၃)နှစ်ပါ၊
မေး။ ။အိမ်ထောင်ကရော
ဖြေ။ ။ မရှိပါဘူး၊
မေး။ ။မိသားစု အခြေအနေလေး ပြောပါဦး၊
ဖြေ။ ။ကျွန်မအမေက မုဆိုးမဖြစ်ပြီး ကျွန်မမှာ မွေးချင်းမောင်နှမက (၅)ယောက်ရှိပါတယ်၊ ကျွန်မက သမီးအ ကြီးဆုံးဖြစ်လို့ မောင်ညီမတွေကို မံလွဲရွာမှာ စက်ချုပ်ပြီး ထောက်ပံ့နေပါတယ်၊ မောင်အကြီးက အမရပူရမှာ ကျန်းမာရေးမကောင်းလို့ ဆေးကုသတဲ့ စားရိတ်တွေရယ်၊ကျောက်ဆည်တက္ကသိုလ်မှာ GTC တက်နေတဲ့
မောင်ရယ်၊ မြစ်ကြီးနားမှာဥပဒေတက်နေတဲ့ညီမရယ်၊ ရဟန်းဘောင်ဝင်ပြီး မကွေး အောင်မြေရတနာမှာ စာဝါလိုက်နေတဲ့ ကိုရင်ကြီးရယ်တို့ကို စက်ချုပ်လို့ရတဲ့ငွေနဲ့ ထောက်ပံ့နေတာပါ၊အမေကတော့ ကျွန်မနဲ့ အတူနေပြီး အခုဖြစ်တဲ့နေ့ကတော့ အမေ ခရီးသွားနေပါတယ်၊
မေး။ ။သမီး အဲဒီနေ့က ဖြစ်စဉ်လေးကို စဉ်စားပြီး မှတ်မိသလောက် ပြောပြပေးပါဦး၊
ဖြေ။ ။ဟုတ်ကဲ့၊ အဲဒီနေ့ မနက်က ကျောက်ဆည်မှာ တက္ကသိုလ်တက်နေတဲ့ မောင်လေးကို ငွေလွဲဖို့နဲ့ ကျွန်မစက်ချုပ်ဆိုင်မှာ သုံးဖို့ စက်ချုပ်ပစ္စည်းတွေဝယ်ဖို့ ကသာကိုသွားခဲ့ပါတယ်၊ ငွေလွဲ ပြီး ကသာဈေး ထဲမှာ ကြက်ပေါင်ကြိုးနဲ့ ကြယ်သီးတွေဝယ်ပြီး နေ့လည်(၁)နာရီမှာ သခင်လေးကားနဲ့မံလွဲရွာကို ပြန်ခဲ့ပါ တယ်၊
ကျွန်မတို့ မံလွဲရွာကို ကားက တိုက်ရိုက် မရောက်လို့ ဟဲနားရွာက အသိထမင်း ဆိုင်မှာ လိုင်းကားပေါ်က ဆင်းပါတယ်၊ ကားခ မလောက်လို့ အသိထမင်း ဆိုင်ကနေပိုက်ဆံ(၅၀၀)ချေးပြီး ပေးလိုက်ပါသေးတယ်၊ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူက “ နေပူလိုက်တာ ခဏထိုင်သွားပါဦး ” လို့ ပြောပေမယ့် ကျွန်မက လမ်းမကောင်း လို့ မနားတော့ဘူးဆိုပြီး ရွာကို လမ်းလျှောက်ပြန်ခဲ့ပါတယ်၊
အချိန်က (၃)နာရီလောက်ရှိပါပြီ၊လမ်းမှာ ဦးသောင်းတို့ လင်မယားဆိုင်ကယ်နဲ့ ကျွန်မကိုကျော်သွားပြီး
နှုတ်ဆက်ပါသေးတယ်၊ အဲဒီကနေ ထင်းကျောင်းသားတစ်ယောက်က ကျွန်မကိုကျော်ပြီး နှုတ်ဆက်သံ ကြားလို့ ကျွန်မနောက်ကို လှည့်ကြည့်လိုက်တော့ စပို့ရှပ်ဝတ်ထားတဲ့လူတစ်ယောက် ကျွန်မနောက်က ကပ်လိုက်လာမှန်း သိလိုက်ရပါတယ်၊
သူဟာ ဒါးလွယ်ထားပြီး ခွေးတွေလည်း ပါလာပါတယ်၊ အဲဒီလူက ကျွန်မကို ကျော်သွားပါတယ်၊ ကျွန်မက သူ့လမ်း သူသွားနေတာပဲ ထင်မိပါတယ်၊ ဒီလိုနဲ့ ကျွန်းပင်ရွာထဲရောက်ခါနီးညောင်ပင်အကြီးကြီးနား
ရောက်တော့ သူ့ကို မတွေ့ရတော့ပါဘူး၊ ကျွန်မက စိတ်ထဲမှာတော့ ထင်မိပါတယ်၊ ဒီလူ လမ်းလျှောက် တာ မြန်လိုက်တာလို့ပေါ့၊
တကယ်တော့သူက ကျွန်းပင်ကြီးနောက်မှာ ပုန်းနေတာပါ၊ အဲဒီကထွက်လာပြီး ကျွန်မအနားကိုအတင်းတိုး ကပ်လာလို့ “ဒီလူဘာလုပ်တာလဲ”ဆိုပြီး အော်ပါတယ်၊ နောက်တော့ အဲဒီနေရာဟာ ဦးဒေါင်ရဲ့ ယာခင်း နဲ့နီးတာကို သတိရလို့ “ဦးဒေါင်းရေ ဦးဒေါင်းရေ၊ ကျွန်မကိုကယ်ပါဦးလို့ အော်လိုက်ပါတယ်၊ အဲဒီလို အော် တဲ့အချိန်မှာပဲ အဲဒီလူကသူ့ဒါးနဲ့ ကျွန်မလည်ပင်းကို ထောက်ပါတယ်၊ ကျွန်မက ဆက်အော်နေလို့ သူက ကျွန်မခေါင်းကို ဒါးနှောင့်နဲ့ထုပြီး လက်သီးနဲ့ မျက်နှာအနှံ့ ထိုးပါတယ်၊
အဲဒါက လမ်းပေါ်မှာပါ၊အဲဒီအချိန်မှာ မိနစ်ပိုင်းလောက် ကျွန်မသတိ မေ့သလို့ဖြစ်သွားပြီး သတိပြန်ရ
တော့တောထဲကို ရောက်နေပါပြီ၊ ကျွန်မအပေါ်ကနေခွစီးပြီး ကျွန်မရင်ဘတ်က အင်္ကျီတွေကို ဆွဲဖြုတ်နေလို့ ကျွန်မက ဆက်အော်ပြန်ပါတယ်၊
အဲဒီမှာ ကျွန်မဆွဲကြိုးကို ဆွဲဖြုတ်ပါတယ်၊ အဲဒါကြောင့် ကျွန်မ ဆက်အော်ပြီး ရုန်းကန်နေတော့ သူက ကျွန်မ လည်ပင်းကိုညစ်ပြီး ပါးရိုက် နှာရင်းတီး လုပ်ပြန်ပါတယ်၊ ပြီးတော့ ကျွန်မကို လက်ပြန်ကြိုးတုတ်ပါတယ်၊ပါး စပ်ကိုလည်း အ၀တ်နဲ့ စည်းပါတယ်၊ကျွန်မ မအော်နိုင်တော့ဘူး ဖြစ်သါားပါတယ်၊ ကျွန်မက အတင်းရုန်းလို့ ပထမတစ်ခါ လက်ပြန်ကြိုး ပြုတ်သွားပါတယ်၊
အဲဒီလို ပြုတ်သွားတော့ သူက ပိုပြီးစိတ်ဆိုးပြီး ကျွန်မကို ထိုးကြိတ်ရုံတင် မကတော့ဘဲ ဒါးနဲ့ ခုတ်ပါတယ်၊ ကျွန်မက ငါ့ကိုတော့ အသေသတ်နေပြီဆိုပြီး အသက်အောင့်ပြီး သေချင်ယောင်ဆောင်နေလိုက်ပါတယ်၊ အဲဒီမှာ ကျွန်မကို အပေါ်ကို အတင်းတက်လုံးပါတယ်၊
ကျွန်မ သတိမေ့သွားပါတယ်၊ မေ့သွားတဲ့အချိန် ရွာကို ပြန်ရောက်နေသလိုဖြစ်နေပါတယ်၊ သတိရလာတော့ မှ တောထဲမှာမှန်း သိလိုက်ရပါတယ်၊ ကျွန်မရဲ့ လက်တွေ ခြေထောက်တွေ ကြိုးတုတ်တားပြီး အ၀တ်အစားတွေလည်း ဘာမှ မရှိတော့ပါဘူး၊
ညကလည်း မှောင်မဲနေပြီး ခေါင်းအောက်မှာလည်း သွေးတွေ ရွဲနေပါတယ်၊ ကျွန်မပတ်ဝန်ကျင်တစ်ခုလုံး
မှောင်မဲနေလို့ဘာမှ မမြင်ရပေမယ့် ခေါင်းလှည့်လိုက်တဲ့အချိန် ကိုင်းပင်တွေနဲ့ ပွတ်မိတာ ကို သိရပါတယ်၊ အဲဒါနဲ့ ကျွန်မ ပါးစပ်လှုပ်ပြီး ဘုရားစာတွေ ရွတ်ပါတယ်၊ ရွတ်နေရင်းနဲ့ နောက်တစ်ခါ သတိပြန်မေ့သွားပြန် ပါတယ်၊ပြန်သတိရလာတော့ လှည်းသမားအသံတွေကြားရလို့လာကြပါဦး ကယ်ကြပါဦးလို့ အော်လိုက်ပါ တယ်၊
လှည်းသမားတွေ လာကြည့်ပြီး တုံးလုံးကြီး ကြိုးတုတ်ထားလို့ မကယ်ရဲဘူးဖြစ်နေပါတယ်၊နောက် လမ်း သွားလမ်းလာ မိန်းကလေးတွေကို တွေ့မှ လှည်းသမားတွေက နင်တို့ ကြည့်လိုက်ကြဦးလို့ပြောပါတယ်၊
ပြီးတော့ ကျွန်မကို ကြိုး မဖြည်သေးဘဲ နင်က ဘယ်ရွာကလဲ လို့မေးပါတယ်၊ ကျွန်မက မံလွဲရွာကပါ လို့ ပြောတော့မှ ဟဲ့ နင် မနေ့က ကသာကိုသွားတဲ့ ခင်--- မဟုတ်လား၊ နင့်ကိုဘယ်လိုလူမျိုးတွေက ဒိလို လုပ်သွားတာလဲ ဆိုပြီး ကျွန်မကို အ၀တ်အစားတွေပတ်ပေးပြီးကြိုးဖြည်ပေးပါတယ်၊ လမ်မကို ပွေ့ သွားပေး ပြီး ကသာခရိုင်ဆေးရုံကြီးကို ပို့ပေးကြပါတယ်၊
(အနီးမှာ ငိုနေသော မခင်---၏ မိခင်ကိုလှည့်ပြီး )
မေး။ ။ အမေကြီးတို့ရော ဘယ်လိုခံစားရလဲ၊
အမေဖြစ်သူမှ ဖြေ။ ။ ဖြစ်တဲကနေ့ကစပြီးအခုဆို(၈)ရက်ရှိပြီ၊ မိသားစုတာဝန်ကို ယူနေတဲ့ သမီးကြီး ကို မတရားသဖြင့် အနိုင်ကျင့်ခံရတာကို စိတ်မကောင်းလွန်းလို့ ထမင်းလည်း မစားနိုင်ပါဘူး၊ အိပ်လို့လည်း မပျော်ပါဘူး၊
မောင်ဖြစ်သူမှ ဖြေ။ ။ ကျွန်တော်တို့ မိသားစုမှာ စိုးရိမ်နေတာက အစ်မကိုယ်ဝန်ရှိသွားမှာစိုးရိမ်ပါတယ်၊ ရက်စက်တဲ့ အကျင့် မကောင်းတဲ့သူရဲ့ သွေးသားကို မလိုချင်ပါဘူး၊ အလုလောလောဆယ်ဆယ်တော့ အစ်မ ကျန်းမာရေး ကောင်းဖို့ပဲ လုပ်နေပါတယ်၊
အခုဆိုရင် ကသာခရိုင်ဆေးရုံက မန္တလေးကို လွဲနေပါတယ်၊ ရှပ်ပြေးရေယာဉ်နဲ့ လိုက်ဖို့ ဈေးနှုန်းသွားမေး
တော့ တစ်ယောက်ကို (၁၂၀၀၀)ပြောလို့ မန္တလေးဆေးရုံကြီးကို ပို့ဖို့ ခက်နေပါတယ်၊ ကသာမြို့က လူမှုကူ ညီရေးကားတွေ သွားပြောတော့လည်းတစ်သင်းက ကားတွေ မန္တလေးရောက်နေတယ်လို့ ပြောပါ တယ်၊
နောက်တစ်သင်းကတော့ သူတို့ကားက မန္တလေး သွားဖို့လောက်အထိ ကြံ့ခိုင်မှု မရှိဘူးလို့ ပြောပါတယ်၊
(ဒီအခက်အခဲအတွက် အင်တာဗျူးပြီး နောက်နေ့မှာ ကသာခရိုင်အသင်း(မန္တလေး)မှ အသင်းလူကြီးများ
ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ကသာခရိုင်အသင်းနဲ့ ချမ်းမြသုခ(မန္တလေး)နဲ့ ညှိနှိုင်းပြီး သူနာပြုယာဉ်ခေါ် ပြီး မန္တလေးဆေးရုံကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်၊)
မောင်တစ်ယောက်မှ ထပ်ဖြေ။ ။ ကျွန်တော်ကတော့ အစ်မကြီးကို မတရားအနိုင်ကျင့်တဲ့သူကို ပြစ်ဒါဏ် ထိထိရောက်ရောက် ပေးစေချင်ပါတယ် ဟု ဖြေဆိုသွားခဲ့ကြပါသည်။
မတရားပြုကျင့်ခဲ့သူအား မိုးတားကျေးရွာ နယ်မြေ ရဲစခန်းမှူးရဲအုပ်ဇော်ထွန်းမှ စုံစမ်းဖေါ်ထုတ်ခဲ့ရာ တရား ခံဖြစ်သူ သက်နိုင်(၃၄နှစ်) ဘဦးကျော်မောင်၊ ဟဲနားရွာအား ကျူးလွန်စဉ်က ၀တ်ထားသော အ၀တ်အစား များနှင့်တကွ သက်သေခံဒါးကိုပါသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်၊
သက် နိုင်မှာ ကလေး(၂)ယောက်ရှိသည့် အိမ်ထောင်သည်ဖြစ်ပါသည်၊ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ သက်နိုင်အား ကသာရဲစခန်းမှ(ပ)၂၀၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၂၊ ၃၂၆၊ ၃၇၆ တို့ဖြင့် တရားစွဲ တင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်၊
ဟာဂျူလီ-ကသာ

မှတ်ချက်များ