အမြန်လမ်း ပုခုံးကျွံဝင်မှု ရေတိုက်စားမှုကြောင့် ဟုပြော

ရန်ကုန် – မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၃၂၅ /၀ မှ ၃၄၅/၀ အထိ ကွန်ကရစ်လမ်း မြေသားပုခုံးများ
ရေတိုက်စား၍ ပြန်လည်ပြုပြင်ရန် စတင်လုပ်ဆောင်နေစဉ် အောက်တိုဘာ ၁၀ ရက်က ခရီးသည်တင်ယာဉ် လမ်းဘေးချရပ်ချိန်၌ ယာဘက်လမ်းပုခုံး ကျွံဝင်ခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက အောက် တိုဘာ ၁၄ ရက်က ထုတ်ပြန်သည်။

(ဓာတ်ပုံ – ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
အောက်တိုဘာ ၁၀ ရက်က အမြန်လမ်းမိုင်တိုင်အမှတ် ၃၄၂/၁ ၌ ရွှေစင်စကြာအဝေးပြေးယာဉ် လမ်းဘေးချ ရပ်စဉ် လမ်းပုခုံးသား ကျွံဝင်းခြင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက အထက်ပါ အတိုင်းထုတ်
ပြန်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်- မန္တလေး အမြန်လမ်းသည် တစ်ဘက်လျှင် ၂၅ ပေ အကျယ်၊ ၁ ဒသမ ၅ ပေအထူ ရှိသည့် ကွန်က ရစ်လမ်းသားဖြင့် ဆောက်လုပ်ထားပြီး လက်ဝဲဘက် လမ်းပုခုံးသည် အကျယ် ၃ ပေ၊ အထူ ၁ ပေရှိသည့် ကွန်ကရစ်သားဖြစ်ကာ လက်ယာဘက် လမ်းပုခုံးမှာ အကျယ် ၄ ပေ၊ အထူ ၆ လက်မဖြစ်သည်။

ယင်းလမ်းမကြီးအတွက် လိုအပ်သည့် အောက်ခံမြေကို လမ်းမကြီးတစ်လျှောက် တတ်နိုင်သမျှ အနီးဆုံးမှ လက်ခံနိုင်သည့် မြေများကို အသုံးပြုခဲ့သည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

ကွင်းဆင်းစစ်ဆေးချက်အရ မြေသားတာဘောင်များသည် ရှိရမည့် သိပ်သည်းမှုများ ရှိနေသော်လည်း မြေ သားပုခုံးတွင် ရေစားမြောင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး ယင်းရေစားမြောင်းများကို ပြန်လည် ကြိတ် ခင်းရန်၊ ကွန်ကရစ်လမ်းပုခုံးများကို ပွင့်လင်းရာသီတွင် ပြန်လည်တည်ဆောက်ရန် စတင် လုပ်ဆောင်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားခြင်းဟု ဆိုသည်။

ထိုသို့ ဖြစ်ပွားခြင်းအတွက် ရွှေစင်စကြာယာဉ်လိုင်းနှင့် ခရီးသွားပြည်သူများကို တောင်းပန်ပါသည်ဟု ယင်း ထုတ်ပြန်ချက်က ဆိုထားသည်။

ရွှေစင်စကြာ မော်တော်ယာဉ် အမြန်လမ်းမဘေးရှိ မြေသားအတွင်း ကျွံဝင်နေသည့် ဓာတ်ပုံများ အောက် တိုဘာ ၁၀ ရက်တွင် လူမှုကွန်ရက် မီဒီယာများ၌ ပျံ့နှံ့ခဲ့သည်။

ယင်းမြေသားလမ်းပုခုံးပေါ်ရှိ ရေစားမြောင်းများကို Selected Soil ဖြင့် ပြန်လည်ခင်းကြိတ်ပြီး ဆောင်ရွက် လျက်ရှိပြီး ကြွတက်နေသော ကွန်ကရစ်လမ်းပုခုံးများကိုလည်း ပြန်လည်တည်ဆောက်နိုင်ရန် ပုံစံ ထုတ် လျက် ရှိပါသည်ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွှေစင်စကြာယာဉ်လိုင်း မန်နေဂျာထံ ဖုန်းဆက်မေးမြန်းရာတွင် မအားလပ်သေး သဖြင့် ဖြေကြားနိုင်ခြင်းမရှိဟု ဆိုသည်။

mizzima

မှတ်ချက်များ