မွေးခန်းထဲက တရားခံကြီး လေးယောက် – မာဂျေ
ကြားရနားဝ မသက်သာဆိုသလို ကြားရပြန်ပြီ။ ပုဂ္ဂလိက ဆေးရုံတစ်ရုံမှာ သားဖွားမီးယပ် ပါရဂူအလာ
စောင့်ရင်း မိခင်လောင်းက သဘာဝအလျှောက် မွေးချင်လာတာကို သူနာပြုက ဆရာဝန် မရောက်သေး လို့ဆိုပြီး ပေါင်နှစ်ချောင်း အတင်းဆွဲစိထားရာက ကလေးခမျာ လူ့လောကကို အူဝဲလို့တောင် နှုတ်ဆက်ခွင့် မရရှာပဲ အသက်တစ်ချောင်း ဆုံးပါးသွားရတဲ့ အကြောင်း။
မာဂျေ့အမေဟာ သားသမီး ငါးယောက် မွေးခဲ့ပါတယ်။ တစ်ယောက်မှ ဆေးရုံမှာ မွေးတာမဟုတ်ပဲ အိမ်မှာပဲ အရပ်လက်သည်နဲ့ မွေးခဲ့တာပါ။ မမွေးခင်လည်း ဘယ်ဗေဒင်ဆရာကိုမှ မမေးခဲ့ဘူးပါဘူး။ သဘာဝအ
လျှောက် ၀မ်းကြာတိုက်က နာလာရင် လက်သည်ခေါ်ပြီး မွေးချ လိုက်တာပါပဲ။ သားသမီး အားလုံးလည်း ရှင်သန်ကြီးပြင်းခဲ့ပါတယ်။
ဒါဖြင့် အခုဘာလို့ မြန်မာနိုင်ငံမှာ ဗိုက်ခွဲပြီး မွေးတာတွေ ခေတ်စားလာတာလဲ။ သူငယ်ချင်း ဆရာဝန်က
ပြောတယ်။ နိုင်ငံခြားမှာ ပုံမှန်မွေးလမ်းကြောင်းကနေပဲ မွေးရတယ်။ Normal Deliveryပေါ့။ ပုံမှန်မွေး လမ်းကြောင်းက မွေးမရနိုင်တဲ့အကြောင်းတွေရှိမှ ခွဲစိတ်မွေးဖွား ပေးရတယ်။ ဘာအကြောင်းပြချက်မှမရှိ ခွဲစိတ်မွေးဖွားပေးရင် ရာဇ၀တ်မှု မြောက်ပါသတဲ့။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံက သားဖွားမီးယပ် ဆရာ ၀န်တွေ ရာဇ၀တ်ကြောင်း သင့်နေပြီပေါ့။ သူတို့ ကံကောင်းတာက မြန်မာနိုင်ငံမှာ အဲဒီလို ဥပဒေပြ ဌာန်း မထားသေးတာပဲ။
လွှတ်တော်အမတ်တွေ အနေနဲ့လည်း လွှတ်တော်ထဲမှာ ရပ်ကွက်ထဲက ကြက်ခြံအနံ့အသက် မကောင်း လို့ ရွှေ့ပေးပါဆိုတဲ့ မေးခွန်းတွေအစား ဒီလိုတစ်မျိုးသားလုံးနဲ့ချီတဲ့ မေးခွန်းတွေ မေးသင့် နေပြီလို့ နွားရှေ့ ထွန်ကျူးလိုက် ရပါတယ်။ ဒီလိုရေးပြန်တော့ မာဂျေက အမတ်တွေကို နွားတွေလို့ စော်ကားတာလဲဖြစ်မှာ စိုးရသေးတယ်။ အမတ်မင်းတို့က မဟုတ်တဲ့ ကိစ္စဆိုရင် ဆတ်ဆတ်ထိ မခံတွေမိုလို့ပါ။ ဒါကမြန်မာ စကားပုံကို ညွှန်းတာပါ။ မသုံးစေချင်ရင်ဖြင့် လွှတ်တော်မှာ ဒီစကားပုံကို မသုံးသင့်ကြောင်း အဆိုတင် ကြပေါ့ဗျာ။
ဒီတော့ စကားကို ပြန်ကောက်ရရင် ဘာလို့ဒီဘက်ခေတ်မှာ ကလေးမွေးတာကို ခွဲစိတ်ပြီး မွေးနေကြတာလဲ ဆိုတာ လေ့လာဖို့ လိုလာပါပြီ။ နံပါတ်တစ် အချက်ကတော့ ဗေဒင်ဆရာတွေကိုပဲ အပြစ်ပုံချ ရပါလိမ့်မယ်။ တစ်ချို့ရည်ရွယ်ချက်ကြီးတဲ့ မိခင်လောင်းတွေ ဖခင်လောင်းတွေက ဆရာဝန်ပေးတဲ့ Due Dateလို့ ခေါ် တဲ့ မွေးနိုင်မဲ့ ရက်ကိုသိတာနဲ့ ဗေဒင်ပြေးမေးတယ်။
ဗေဒင်ဆရာကလည်း သူ့ကိုအားကိုးပြီး လာတယ် ဆိုတော့ ဆရာဝန်ပြောတဲ့ နေ့ကိုဖြစ်စေ အချိန်ကိုဖြစ်စေ
ပြင်လိုက်တယ်။ ဒီနေ့ ဒီအချိန်မွေးရင် ဘာနက္ခတ် ညာ နက္ခတ်မိပြီး ကလေးဟာ လောကကြီးမှာ လူတစ်လုံး သူတစ်လုံး ဖြစ်မယ်ပေါ့။ အဲဒီ့ဓလေ့စပြီး ကလေးတွေဟာ သဘာဝတရားကြီးက ဒီနေ့ဒီအချိန် မွေးစေအစား
ဗေဒင်ဆရာတွေ အလိုကျ လူ့လောကထဲကို စောရောက်တဲ့သူနဲ့ နောက်ကျရောက်တဲ့သူနဲ့ ဖြစ်ကုန်တယ်။
လွန်ခဲ့တဲ့ ၁၆နှစ်ကျော်က အဲဒီလိုဗိုက်ခွဲပြီးမှ အခါတော်ကျဖို့ အချိန်လိုသေးတယ်ဆိုပြီး ဗိုက်ကြီး ဖွင့်ရက် ထားလို့ မိခင်ဖြစ်သူရှော့ခ်ဖြစ်ပြီး သေဆုံးခဲ့ရဘူးတယ်။ အဲဒီခေတ်က စာပေစိစစ်ရေး ကာလဆိုတော့ အခုလို အုတ်အော်သောင်းနင်း မဖြစ်ခဲ့ပေမဲ့ လူအတော်များများက သိလိုက်တယ်။ အဲဒါက ဗေဒင်ဆရာတွေ
နှိပ်စက်လို့ မိခင်လောင်းတွေ သေဆုံးရတဲ့ အထဲက ဥပမာတစ်ခု။
နောက်တစ်ချက်က မြန်မာနိုင်ငံမှာ မလိုအပ်ပဲ ခွဲစိတ်ကုသမှုတွေ လုပ်နေတယ်။ အထူးသဖြင့် အရိုးဆရာ ၀န်တွေနဲ့ သားဖွားမီးယပ် ဆရာဝန်တွေလို့ အသိဆရာဝန် တစ်ဦးက ပြောပြပါတယ်။ တစ်နေ့ကို ခွဲစိတ်မှု အကြိမ် ၄၃ကြိမ်အထိ လုပ်တဲ့ ဆရာဝန်တောင်ရှိတယ်လို့ ဆရာဇော်သက်ထွေးက သူ့မိခင်တုန်းက အဖြစ် အပျက်နဲ့ သက်သေထူပါတယ်။ ဘာလို့ သားဖွားမီးယပ် ဆရာဝန်တွေက ခွဲစိတ်ပြီး မွေးတာလဲ။ ပိုက်ဆံပိုရလို့ ဖြစ်ပါတယ်။
ရိုးရိုးမွေးတာထက်စာရင် ဓားကလေးနဲ့ ခွဲလိုက်တော့ လူနာလည်း ညှစ်ရတဲ့ ဒုက္ခသက်သာ၊ ဆရာဝန်လည်း
မွေးပေးရတာ သက်သာ၊ ခွဲစိတ်ခကလည်း မျိုးမျိုးမျက်မျက်ရဆိုတော့ သုဝဏ္ဍသာမ သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်လို့ ခွဲစိတ်မွေးပေးတာလို့ ယူဆရပါတယ်။ အဲဒီအပြင် ဒေါ်ဗိုက်တွေကို အများကြီး လက်ခံထား
တော့ တစ်ချိန်ထဲမှာ သုံးလေးယောက် ဗိုက်နာနေရင် အလုပ်မရှုပ်ရအောင် အချိန်တွေခွဲပြီး သတ်မှတ်လို့
မွေးေ ပးနေတယ်လို့ ထင်ပါတယ်။ ဒါကထင်လုံးပါ။ ဟုတ်ချင်မှလဲ ဟုတ်မှာပေါ့။
နောက်တတိယ တရားခံက ခင်ပွန်းတွေပါပဲ။ ကလေးကို ပုံမှန် မွေးလမ်းကြောင်းကနေ မွေးခဲ့ရင် မွေးလမ်း
ကြောင်း ကျယ်သွားမှာလားဆိုတဲ့ ယောကျားလောဘနဲ့ ခွဲစိတ်မွေးတာကို သဘောတူနေ ကြတာပါ။ ခွဲမွေးရင်တော့ ဗိုက်မှာသာ ဓါးထိထားတဲ့ ဒဏ်ရာရှိမယ်။ ကျန်တာကတော့ မအိုသေးတဲ့သူ အပျိုလေးနဲ့ တူဆိုသလိုများ တွေးနေကြသလားတော့ မသိပါဘူးဗျာ။
စတုတ္ထု တရားခံကတော့ မိခင်လောင်းတွေ ကိုယ်တိုင်ပါပဲ။ ကလေးကို သဘာဝအတိုင်း မွေးရင် ညှစ်ရ တယ်။ ချွေးဒီးဒီးးကျအောင် မချိမဆန့် နာကျင်အောင် ညှစ်ပြီး မွေးရတယ်။ ကလေးဆိုတာ မွေးရင် ခေါင်းက စထွက်တာမို့လို့ ခေါင်းထွက်လာရင် တစ်ဆက်ထည်း မနားတမ်း ညှစ်ရတယ်။ နို့မို့ကလေး လည်ပင်းကညပ် ပြီး လည်ပင်းညှစ်သတ်သလို ဖြစ်သွားမှာကိုး။ ဒီဒုက္ခတွေ မခံချင်လို့လဲ ခွဲမွေးကြတယ်။
ဒါကြောင့် ဒီတရားခံကြီး လေးယောက်ဖြစ်တဲ့ ဗေဒင်ဆရာရယ်၊ သားဖွားမီးယပ် ဆရာဝန်ရယ်၊ ဖခင်လောင်း ရယ် မိခင်လောင်းရယ်ကြောင့် မွေးဖွားနေစဉ် မိခင်သေဆုံးတာ၊ ကလေးသေဆုံးတာတွေ ဖြစ်နေ ကြတယ်။
နောက်ဆက်တွဲ ပြဿနာတွေကတော့ ဆရာဝန်တွေ ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံရတာ၊ ဆေးရုံးတွေ တရားစွဲခံရတာတွေက ပါလာတာပေါ့။
ဒီတော့ကာ သူ့အတိတ်ဘ၀က ကံနဲ့ သူမွေးချင်တဲ့အချိန် မွေးမဲ့ကလေးကို သဘာဝအတိုင်းပဲ မွေးပေးကြပါ။ သဘာဝ တရားကို အခုထိ လူတွေလွန်ဆန်လို့ မရသေးပါဘူးဆိုတာ ဘယ်လောက် သိပ္ပံပညာတွေ တိုး တက်ထွန်းကားနေပါစေ ငလျှင်လှုပ်လို့ လူတွေသေတာ၊ မုန်တိုင်းတွေ ၀င်မှာကို မတားဆီးနိုင်သေးတာတွေ က သက်သေပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကလေးမွေးရင် သဘာဝအတိုင်း မွေးရမယ်။ အဲဒီလို မွေးမရမှ ခွဲစိတ်မွေးရမယ်ဆိုတဲ့ ဥပဒေ တစ်ခုကို လွှတ်တော် အမတ်မင်းများ အနေနဲ့က ကျန်ရှိတဲ့သက်တမ်း တစ်နှစ်ကျော်မှာ ဆွေးနွေးသင့်ပြီ ဖြစ်ပါကြောင်း။
မာဂျေ | tomorrow

မှတ်ချက်များ