မ-ဆ-လ ဦးနေ၀င်း အစိုးရကို တပ်မတော် လူငယ်အရာရှိများ စုစည်းပူးပေါင်းကာ ဖြုတ်ချရန် ကြံစည်ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့် ကွယ်လွန်ခဲ့သည်မှာ ယခုအခါတွင် နှစ်ပေါင်း ၃၈နှစ်ခန့်ရှိပြီ ဖြစ်ပါသည်။ ယခုခေတ် လူငယ်များသည် ဗိုလ်ကြီး အုန်းကျော်မြင့်အား သိရှိသူ နည်းပါးမည် ဖြစ်ပါသည်။
ယနေ့ လူငယ်များ သိရှိရန် အတွက် ဗိုလ်ကြီးအုန်းကျော်မြင့်၏ အာဏာရှင်စနစ်ပေါ်တွင် ဖြုတ်ချရန် အားထုတ်မှုကို ရေးထားဖော်ပြလိုက်ရပါသည်။ ကျွန်တော်သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် ကိုယ်ရေးအရာရှိ တာဝန်ထမ်းဆောင်စဉ် ကာလက ခင်မင်ရင်းနှီးခွင့် ရရှိခဲ့ပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်ကို တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော်ကို ၁၉၇၄ ခုနှစ် မတ်လ ၂ရက်နေ့မှာ စတင်ကျင်းပခဲ့ပါ သည်။ ယင်းလွှတ်တော်ကြီးတွင် နိုင်ငံတော်သမ္မတ အနေဖြင့် ဦးနေ၀င်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစန်းယု ၀န်ကြီးချုပ်အဖြစ် ဦးစိန်ဝင်း၊ ပြည်နယ်နှင့်တိုင်းမှ နိုင်ငံတော် ကောင်စီဝင် ၁၄ဦး လွှတ်တော်အ တွင်းမှ နိုင်ငံတော် ကောင်စီ ၁၄ ဦး၊ ၀န်ကြီးအဖွဲ့ဝင် ၀န်ကြီးများ၊ တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေ အကျိုး
ဆောင်အဖွဲ့၊ လုပ်ငန်းစီစစ်ရေး အဖွဲ့ အစရှိသည်တို့ကို ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဖွဲ့စည်းခဲ့ ပါသည်။
တစ်ပါတီ အာဏာရှင်စနစ် ဖြစ်သောကြောင့် ယင်းတာဝန်ပေးမှုများ အားလုံးသည် ဗဟိုဦးစီးမှု စနစ်ဖြင့် ခန့်ထားပြီး လွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံခဲ့ကြပါသည်။ အရှေ့တောင်အာရှတွင် အဖွံ့ဖြိုးဆုံး
နိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံဘ၀သို့ ရောက်ရှိသွားရန် အတွက် ပထမဆုံးစခဲ့သော ခြေလှမ်းကြီး ဖြစ်သည်။
ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်ပြီး ထာဝစဉ် တက်ကြွကာ တပ်မတော် တစ်ခုလုံး၏ လေးစားကြည်ညိုမှုခံရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ ၁၉၇၄ခု နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော အလုပ်သမား အရေးအခင်းတွင် ဆန္ဒပြရာတွင် ၀န်ကြီးချုပ် ဦးစိန်ဝင်း ကျန်းမာပါစေ။
ဗိုလ်ချုပ်ကြီး တင်းဦး ကျန်းမာပါစေ အစရှိသော ပြည်သူတို့ ကြွေးကြော်မှုသည် ဦးနေ၀င်းအတွက် ထိုပုဂ္ဂိုလ်နှစ်ဦးအား ၄င်းထက်ကျော်သွားမည်ကို စိုးရိမ်ပြီး အခွင့်အရေး ပေါ်လာသောအခါတွင် ဦးစိန်ဝင်းအား ၀န်ကြီးချုပ် ဘ၀မှ လုပ်ပိုင်ခွင့် မရှိသော နိုင်ငံတော် ကောင်စီဝင် အဖြစ်သို့၎င်း ဗိုလ်ချုပ်ကြီး သူရတင်ဦးအား အင်္ဂလန်တွင် ဆေးဝါးသွားကုသော သားနှင့်ပတ်သက်ပြီး စစ်ရုံးမှ ထောက်လှမ်းရေး အစီရင်ခံစာဖြင့်၎င်း ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ ရပ်စဲခဲ့ပါသည်။
ဆရာသမားများ၏ ပြောပြချက် အဆိုအရ ဗိုလ်ချုပ်ကြီး တစ်ဦး၏ ဇနီးသည် ၄င်းတို့ ဆောက်လုပ်သော အိမ်အတွက် နံရံကပ် မီးသီးများ မီးလုံးများ အစ ရှိသည်တို့ကို ၀ယ်ယူခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် သိုးငယ်နှင့် ၀ံပုလွေ ပုံပြင်ကဲ့သို့ ဖြစ်နေသောကြောင့် ဗိုလ်ချုပ်ကြီး တင်ဦးမှာ နုတ်ထွက်ခဲ့ရပါသည်။ အခြားအကြောင်းအရာ တစ်ခုမှာ က.က.လှမ်းညွှန်မှူးဖြစ်သော မျက်မှန်ကြီးသည် ဗိုလ်ချုပ်ကြီး တင်ဦး အပေါ်တွင် အမြင်မကြည်လင်မှုများ ရှိပါသည်။ ပြောရလျှင် အဆင်းတွင် ဘီးတပ်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ထိုစဉ်ကာလက နိုင်ငံတော် အကြီးအကဲများ၏ ညစာစားပွဲများကို နိုင်ငံတော်အဆင့် မဟုတ်လျှင် ၁၄ အင်လျားတွင် ကျင်းပလေ့ရှိပါသည်။ ၄င်း ၁၄ အင်းယားမှာ က.က.လှမ်း၏ ပိုင်ဆိုင်မှု အောက်တွင် ရှိပါသည်။ တစ်ခုသော ညစာစားပွဲတွင် လူကြီးများ ၀ိုင်းဖွဲ့ပြီး ပြောဆိုနေသော အချိန်တွင် ဗိုလ်ကြီး အုန်းကျော်မြင့်မှ ကျွန်တော်တို့၏ ကိုယ်ရေး အရာရှိများအား အစားအသောက်များကို စားသောက်စေခဲ့ပါသည်။
ထိုသို့ စားသောက်နေသော အချိန်တွင် မျက်မှန်ကြီးသည် ၀င်ရောက်လာပြီး လူကြီးများ မစားမီ စားသောက် သည့် အတွက် ကြိမ်းမောင်းပါတော့သည်။ သူ၏ ကြိမ်းမောင်းမှုမှာ “မင်းတို့အိတ်ဆွဲ တံခါးဖွင့်တွေ ဘာလူပါး ၀တာလဲ” အစရှိသဖြင့် ကြိမ်းမောင်းခြင်း ဖြစ်ပါသည်။ တော်တော်များများမှာ ယင်းအဖြစ်အပျက်အား
မေ့မေ့ပျောက် ပျောက်ဖြစ်သော်လည်း ဗိုလ်ကြီး အုန်းကျော်မြင့်မှာ ဤကိစ္စကို အထူးပင် နာကျည်းနေ
ကြောင်း ပြောဆိုပါသည်။
ထိုစဉ်က ဗိုလ်ချုပ်ကြီး တင်ဦးမှာ ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်လျက် ရှိပါသေးသည်။ ဗိုလ်ချုပ်ကြီး တင်ဦး တာဝန်မှ ရပ်စဲခံရပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး သူရကျော်ထင်သည် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပါသည်။ ဗိုလ်ကြီး အုန်းကျော်မြင့်သည် တိုင်းပြည်တွင် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်သည် တစ်ပါတီ အာဏာရှင် စနစ်ကြောင့် ကျဆုံးနေသည်ကို ထောက်ပြပြီး၊ ဗိုလ်ကြီး အုန်းကျော်မြင့်သည် ၄င်းနှင့်နီးစပ်သော တိုင်းမှူးများ၏ ကိုယ်ရေးအရာရှိများ၊ စစ်ရုံးမှ ၄င်းနှင့် ရင်းနှီးသော ဦးစီးအရာရှိများကို ရင်ဖွင့်ပါတော့သည်။
ဗိုလ်ကြီး အုန်းကျော်မြင့်၏ ကြံစည်မှုများသည် လက်တွေ့မပါသော သဘောတရားများသာ ဖြစ်ပါသည်။ ၄င်း၏စွန့်လွှတ်မှု၊ အနစ်နာခံမှုတို့သည် နောက်ဆုံးတွင် ကြိုးစင်ပေါ်တွင် နိဂုံးချုပ်သွား ရသည်မှာ အလွန်ကြေကွဲစရာ ကောင်းလှပါသည်။ ဗိုလ်ကြီး အုန်းကျော်မြင့်သည် ဦးနေ၀င်းအား ဖြုတ်ချရန် ကြံစည်ခြင်းသည် ၄င်း၏ကိုယ်ကျိုးအတွက် မဟုတ်ပါ။ နိုင်ငံရေး နယ်ပယ်တွင် ဗိုလ်ချုပ် တင်ဦ်း (မျက်မှန်ကြီး) အပေါ်တွင်လည်း အမြင်ကြည်လင်ရှင်းလင်းခြင်း မရှိပါ။
ထိုစဉ်ကာလက မျက်မှန်ကြီးအား ၁၁/၂ဟုခေါ်ကြပါသည်။ ပြောရလျှင် ဦးနေ၀င်း ပြီးလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ထားကြပါသည်။ အရာရာ အားလုံးသည် ၁၉၇၆ တပ်မတော်နေ့ ညစာစားပွဲတွင် ၄င်းစီစဉ်သလို ဖြစ်မလာသောအခါ ဗိုလ်ကြီးအုန်းကျော်မြင့်သည် ထိုစဉ်က လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် စောဖြူးအား သွားရောက် တွေ့ဆုံပြီးနောက် အမေရိကန် သံအမတ် အိမ်တွင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားခဲ့သော်လည်း မအောင်မြင့်ခဲ့ပါ။
နောက်ဆုံးတွင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခြင်း ခံလိုက်ရပါသည်။ ၁၉၆၂ မတ်လ ၂ရက် အာဏာ သိမ်းပြီးသော ကာလမှစ၍ ပထမဦးဆုံးအကြိမ် ဦးနေ၀င်းအား တပ်မတော် အရာရှိငယ်များမှ အာဏာသိမ်း ရန် ကြံစည်သော အမှုကြီးသည် ပထမဆုံး ပေါ်ပေါက်ခြင်း ဖြစ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်ထံမှ ဗိုလ်ချုပ်ကြီး သန်းရွှေ အာဏာသိမ်းခြင်းမှာ ဒုတိယမြောက် ဖြစ်ပါသည်။ ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် ပါဝင်ခဲ့သော အရာရှိငယ်များမှာ ဗိုလ်ကြီးဝင်းသိန်း၊ အနောက်ပိုင်းတိုင်းမှူး (ဗိုလ်ချုပ် မင်းဂေါင်၏ ကိုယ်ရေးအရာရှိ)၊ ဗိုလ်ကြီးဟန်ဇော် (မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးကြီးလှဖေ၏ ကိုယ်ရေးအရာရှိ)၊ ဗိုလ်ကြီးဝင်းမောင် (အရှေ့တောင်တိုင်းမှူး ဗိုလ်မှူးကြီး ထွန်းကြည်၏ ကိုယ်ရေးအရာရှိ)၊ ဗိုလ်ကြီးဘချစ် (ဗိုလ်ချုပ်သန်းတင်၏ ကိုယ်ရေးအရာရှိ)၊ ဗိုလ်ကြီး ၀င်းထိန် (က.က.ကြည်း) ယခု NLD ပါတီ မိတ္ထီလာ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးစိန်သောင်း (ဗိုလ်မှူးကြီး မျိုးအောင်၏ ကိုယ်ရေးအရာရှိ)၊ ဗိုလ်ကြီးမြင့်သိန်း (ဗိုလ်ချုပ် ချစ်လှိုင်၏ ကိုယ်ရေးအရာရှိ)၊ ၄င်းဗိုလ်ကြီး မြင့်သိန်းမှ ဗိုလ်ကြီး အုန်းကျော်မြင့်၏ အကြံအစည်ကို လုံးဝမသိဘဲ။
မေမြို့ရှိ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေး အရာရှိဟောင်း ဗိုလ်ကြီးစံကြည်ထံသို့ OKဆိုသော စကားကိုပြော မိ၍ တပ်မှထုတ်ပယ်ခံရခြင်း ဖြစ်ပါသည်။ ၄င်းအပြင် စခန်းရုံးမှ ဗိုလ်မှူးစိန်မြင့် Colonel GS ဗိုလ်မှူးကြီး
မောင်မောင် အစရှိသည်ဖြင့် အရာရှိများ နှင့်တကွ ဗိုလ်ချုပ်ကြီး သူရတင်ဦးတို့သည် ပြစ်မှုစီရင်ခြင်း ခံရပါသည်။
ဗိုလ်ကြီး အုန်းကျော်မြင့် နှင့် တကွ ဤအမှုကြီးတွင် ပါဝင်ခဲ့သော အရာရှိများသည် အနာဂတ် အတွက် ရာထူးတက်လမ်းများ မျှော်လင့်ချက်များစွာရှိသော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ သို့သော် ၄င်းတို့သည် အာဏာရှင် စနစ်ကို ဖြတ်သိမ်းရန် ကြံရွယ်ပြီး၊ ၄င်းတို့ ကိုယ်ကျိုးအတွက် မည်သည့် မျှော်လင့်ချက်မျှ မထားခဲ့ဘဲ လုပ်ဆောင်ခဲ့ကြသူများ ဖြစ်ပါသည်။
ဗိုလ်ကြီး အုန်းကျော်မြင့်နှင့်တကွ ပါဝင်ခဲ့သော အရာရှိများသည် ဗိုလ်သင်တန်း အပတ်စဉ် ၂၉၊ ၃၀၊ ၃၁ တို့မှဖြစ်၍ ၄င်းအမှတ်စဉ်မှ အရာရှိများသည် တပ်မတော် အစိုးရလက်ထက်တွင် ၀န်ကြီးများ၊ ဗိုလ်ချုပ်များ ဒုဗိုလ်ချုပ်ကြီး အဆင့်သို့တိုင် ရောက်ခဲ့သူများ ဖြစ်ကြပါသည်။ နိုင်ငံတော်ဘက်မှကြည့်လျှင် ဥပဒေချိုးဖောက်သူများ ဖြစ်ပြီး တပ်မေတော်၏ အစဉ်အလာကိုလည်း ချိုးဖောက်သူများဟု ယူဆနိုင်ပါသည်။ မိမိအမြင်ဖြင့် မိမိ၏ လိုရာသို့ ဆွဲယူမြင်နိုင်ကြပါသည်။
ဗိုလ်ကြီး အုန်းကျော်မြင့်အား သေဒဏ်ကို အတည်ပြုသောအခါတွင် ဦးနေ၀င်မှ မှတ်တမ်းတင်ထိုက်သော စကားတစ်ခွန်းကို နိုင်ငံတော် ကောင်စီဝင်များအား ပြောကြားခဲ့ပါသည်။ ၄င်းမှာ “ငါ့အနေနဲ့ ဒီကလေးကို
သေဒဏ်မပေးချင်ဘူး။ ဒါပေမယ့်လည်း တပ်မတော်က ဖြစ်နေတော့ ဒါမျိုးကို ခွင့်လွှတ်လိုက်လျှင် နောင် တပ်မတော်ကို ထိန်းရခက်သွားမည်။ ငါဝမ်းနည်းစွာနဲ့ပဲ ဒီအပြစ်ဒဏ်ကို အတည်ပြုလိုက်ရတယ်” ပို၍ ၀မ်းနည်းဖွယ် ကောင်းသည်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်အား ကြိုးပေးခြင်းကို သူ၏ဇနီးအား အသိမပေးခဲ့ ပါ။
ထောင်ဝင်စာ သွားတွေ့သောအခါတွင်လည်း မတွေ့ရသဖြင့် ဗိုလ်ချုပ်ကြီး ကျော်ထင်အိမ်သို့ သွားမေးရာမှ သူ၏ခင်ပွန်းကို ကြိုးပေးကွပ်မျက် သေဆုံးသွားကြောင်း သိခဲ့ရပါသည်။ အာဏာရှင် စနစ်ကို တွန်းလှန်ရဲ ခဲ့သော ဗိုလ်ကြီးအုန်းကျော်မြင့် ကောင်းရာသုဂတိလားပါစေ။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် ချုပ်ငြိမ်း
နိုင်ပါစေ။
ကိုရင်မောင် | Tomorrow Journal

မှတ်ချက်များ