TDI စနစ်နဲ့ ဖန်တီးထားတဲ့ 2014 Audi Q7 ဆိုတာ


ကားအများစုကို သဘာဝဓာတ်ငွေ့သုံးစနစ်နဲ့ ဖြစ်ဖြစ်၊ ဓာတ်ဆီသုံး စနစ်နဲ့ဖြစ်ဖြစ် ထုတ်လုပ် လာကြတာ များပေမယ့် ဒီဇယ်ဆီ စနစ်သုံး အင်ဂျင်တွေကတော့ မျက်နှာငယ်စရာ ကောင်းလောက်အောင် ထုတ်လုပ်မှု နည်းလာတာ သိကြမှာပါ။

အဓိကအကြောင်းကတော့ အင်ဂျင်သံ ဆူညံမှုများတာ၊ ဓာတ်ငွေ့ထုတ်လွှတ်မှု များတာနဲ့ ဆီချေးအထွက် များတာတွေကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် အခု ကျနော်ပြောနေတဲ့ 2014 Audi Q7 ၂၀၁၄ ခုနှစ် မော်ဒယ်ကို ဒီဇယ်အင်ဂျင်နဲ့ပါ ထုတ်လုပ်
ရောင်းချနေပါတယ်။

ဘာထူးခြားချက်၊ အားသာချက်တွေ ရှိတာကြောင့် အခုလို ဒီဇယ်အင်ဂျင်တပ် မော်ဒယ်ကို ထုတ်လုပ်ရောင်း ချတယ်ဆိုတာ ဈေးကွက်က စိတ်ဝင်စားနေကြပါတယ်။

ဒီတော့ ကျနော်တို့က Q7 ဘာကြောင့် အင်ဂျင်စုံ၊ မော်ဒယ်စုံနဲ့ ဈေးကွက်ဝင်လာတယ်ဆိုတာ ဆက်ကြည့်ကြရအောင်။


အားသာချက်

အရင်ဆုံး မပြောဘဲ မနေနိုင်လောက်အောင် ပြောရမယ့် အားသာချက်ကတော့ အတွင်းပိုင်းတည် ဆောက် မှုဖြစ်ပြီး ရိုးရှင်းတယ်၊ သေသပ်တယ်၊ ခိုင်ခံ့တယ်၊ အဆင့်မြင့်တယ်။

နောက်တခု ရှိသေးတာက Steering အပိုင်းဖြစ်ပြီးတော့ အရှိန်မြင့် မောင်းနှင်မှုတွေမှာတောင် အကောင်းဆုံး ထိန်းချုပ်မောင်းနှင် နိုင်မှာဖြစ်သလို အကွေ့နဲ့ လမ်းကြမ်းစမ်းသပ်မောင်း နှင်မှုတွေမှာလည်း မှတ်ချက်
ကောင်းတွေ ရထားပါတယ်။

နောက်ဆုံးတချက်ကတော့ ဒီဇယ်ဆီစနစ်နဲ့ကိုမှ ပုံမှန်ဒီဇယ်ဆီစနစ်နဲ့ မဟုတ်ဘဲ Turbo Direct Injection စနစ်နဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။

အားနည်းချက်

Q7 ရဲ့ အားနည်းချက်အပိုင်းကို တချက်လောက် ကြည့်မယ်ဆိုရင် တတိယထိုင်ခုံတန်း ထည့်သွင်းထား တာက ခရီးသည် ပိုပြီး စီးနင်းနိုင်တယ်ဆိုတဲ့ အားသာချက် သဘောမျိုး ဖြစ်ပေမယ့် ခေါက်နိုင်၊ သိမ်းနိုင်
အောင်တည်ဆောက်ထားတာ မဟုတ်လို့ နောက်ဘက်ဝန်တင်ခန်းပါ အလုပ်လုပ်ရမယ့် SUV တစီးအ တွက် နေရာကျဉ်းသွားပါတယ်။

ဒါကြောင့်လည်း နောက်ဘက် ဝန်တင်ခန်းရဲ့ ဆံ့ဝင်နိုင်မှုက အကြီးစား ဆီဒင်တစီးစာလောက်ပဲရှိတာ
တွေ့ရပါတယ်။

နောက်တခုကတော့ DVD Player ကို ထူးထူးခြားခြား ထည့်သွင်း မထားတာကြောင့် နောက်ပိုင်း ကိုယ့် လက်ထဲရောက်မှ Multimedia အပိုင်းကို ပြန်စီစဉ်ရပါလိမ့်မယ်။

ကိုယ်ထည်ပိုင်း

အရွယ်အစားပိုင်းကတော့ အလျား ၁၆ ပေနဲ့ ၉ လက်မနီးပါး ရှိမှာဖြစ်သလို မျက်နှာစာ အကျယ် ၆ ပေနဲ့ ၆ လက်မ ကျော်ကျော်၊ အမြင့် ၅ ပေနဲ့ ၈ လက်မ စွန်းစွန်းဆိုတော့ နှိုင်းရရင်တော့ တကယ်ကို ကောက်ကြောင်း လှပြီး ဆွဲဆောင်မှုရှိမယ့် နတ်သမီးလေးပါပဲ။

မြေပြင်နဲ့ ကင်းလွတ် ပမာဏကလည်း ၈ လက်မ ကျော်တဲ့အထိအောင် ရှိမယ်ဆိုရင် လမ်းကြမ်းတွေမှာပါ စိတ်ကြိုက်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အတွင်းခန်း အနေအထားကို ကြည့်မယ်ဆိုရင်တော့ ရှေ့ဘက်ခန်းက ၅၉ လက်မနီးပါးနဲ့ နောက်ခန်းမှာ
တော့ ၅၈ လက်မထိအောင် ကျယ်ဝန်းမှာဖြစ်ပြီး ဝန်တင် ရုန်းကန်နိုင်မှုကတော့ ပေါင် ၆၆၀ဝ လောက်ထိ
အောင် ဖြစ်တာမို့ လုပ်ငန်းသုံးအတွက်ပါ အဆင်ပြေစေမှာပါ။

အင်ဂျင်ပိုင်း

ဒီအပိုင်းကို ရေးမယ်စိတ်ကူးပြီး သူ့ရဲ့ Spec တွေကို ကြည့်လိုက်တော့ ကျနော် အောင်မလေးတချက် တဖြစ်လိုက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ Q7 ရဲ့ အလေးချိန်ကြောင့်ပါ။ အထက်မှာတော့ Q7 ကို နတ်သမီးလေးနဲ့ နှိုင်းလိုက်ပြီးသားဆိုတော့ ပြန်မပြင်တော့ဘူးဗျာ။

ဒါပေမယ့် သူ့ရဲ့အလေးချိန်က ကိုယ်ထည် အရွယ်နဲ့ မလိုက်အောင် လေးလွန်းတာတွေ့ရပြီး ပေါင် ၅၃၀ဝ နီးပါးတောင်မှ ရှိပါတယ်။

ဒီပမာဏက အမေရိကန်ထုတ် Cadillac ၊ GMC တို့လို Truck တစီးရဲ့ အလေးချိန်နီးပါး လောက်ထိအောင်
ဖြစ်လို့ပါ။ ထားပါတော့။ ကျနော်တို့ အင်ဂျင်ပိုင်းကို ဆက်ကြည့်ရအောင်။

ပေါင် ၅၃၀ဝ လောက်ရှိမယ့် Q7 ကို တနာရီ မိုင် ၆၀ အတွင်း အချိန် ၆ စက္ကန့် ဝန်းကျင်နဲ့ ရောက်အောင် ရုန်းသွားမယ့် အင်ဂျင်က ၃ ဒသမ ဝ လီတာ သုံး V6 အင်ဂျင်ဆိုတော့လည်း ဟုတ်သလိုလိုပါပဲ။
ဒါပေမယ့် ကျနော့် စိတ်ထဲ V6 အစား V8 ဒါမှ မဟုတ် V10 လောက်တော့ ဖြစ်စေချင်တာအမှန်။ ကျနော်ထုတ်တဲ့ကားမှ မဟုတ်တာ၊ ဘာပြောလို့ရမှာလဲ။

အင်ဂျင်ရဲ့ရုန်းအားက ၂၉၅ ပေ ပေါင်ရှိပြီး ထွက်ရှိလာမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၂၈၀ အားဆိုတော့ ဆီစားနှုန်းတော့ နည်းနည်းများတော့မယ် ထင်တယ်နော်။

ခံသာသွားတာတချက်က အင်ဂျင်ရဲ့လည်ပတ်အား။ တမိနစ်ကို အမြင့်ဆုံး အပတ်ရေ ၄၉၂၀ ပဲ ဆိုတော့ ပုံမှန်အင်ဂျင်တွေထက် လည်ပတ်အားနည်းနေတာပေါ့။ ဒါဆို ဆီစားနှုန်း ဒီလောက်မများနိုင်တော့ဘူး မဟုတ်လား။

ဒီဇယ်အင်ဂျင်တွေရဲ့ အားသာချက်က စွမ်းအင်ထုတ်လုပ်နိုင်မှု ပိုသာတာဖြစ်ပြီးတော့ Audi ကတော့ အသံဆူညံမှု အပိုင်းရော၊ ဆီချေးထွက်ရှိမှု အပိုင်းမှာပါ ဓာတ်ဆီအင်ဂျင်တွေနဲ့ တန်းတူပဲလို့ အာမခံထား တာက သဘောကျစရာပါ။

ဒီဇယ်အင်ဂျင်က ပုံမှန်အင်ဂျင်တွေထက် ဆီစားနှုန်းလည်း အနည်းငယ် သက်သာမယ်လို့ ဆိုထားပြန်ပါသေး တယ်။ အသုံးပြုမောင်းနှင်နိုင်မယ့် ဂီယာချက်က ၈ ချက် Auto ဖြစ်ပြီး လေးဘီးယက်စနစ်နဲ့ သွားမှာပါ။ အထူးသဖြင့်တော့ လမ်းကြမ်းတွေနဲ့ ပိုပြီးသင့်လျော်မှာဖြစ်ကာ တောင်တက်လမ်းတွေမှာ ဆိုရင်တော့ လေး ဘီးယက်စနစ်က ဆီပိုစားနိုင်ပါတယ်။

ဆီစားနှုန်း

ပုံမှန် SUV တွေမှာ တပ်ဆင်ထားတတ်တဲ့ ဆီတိုင်ကီက ဂါလန် ၃၀ ဝန်းကျင် ဆံ့ပေမယ့် Q7 မှာ တပ်ဆင် ထားတဲ့ ဆီတိုင်ကီက ၂၆ ဒသမ ၄ ဂါလန် ဝင်ဆံ့ပါလိမ့်မယ်။

အင်ဂျင်ရဲ့ အရွယ်အစားလည်း သေးငယ်တယ်၊ လည်ပတ်အားလည်း နည်းတယ်ဆိုတဲ့ အချက်တွေက ဆီစားသက်သာနိုင်ပေမယ့် အင်ဂျင်က ရုန်းအားများပြီး Auto စနစ်နဲ့ ဖြစ်နေတာကြောင့် ဆီစားက မသက် သာနိုင်လောက်တော့ပါဘူး။

ဟုတ်ပါတယ်၊ Q7 ရဲ့ ပျမ်းမျှဆီစားနှုန်းက မိုင် ၂၀ ဖြစ်ပြီး မြို့တွင်းလမ်းကြောတွေမှာ ၁၈ မိုင်နှုန်းနဲ့ အဝေး
ပြေးလမ်းမတွေပေါ်မှာ ဆိုရင်တော့ ၂၄ မိုင် လောက်အထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရမှု

တပ်ဆင်ထားတဲ့ ဘရိတ်စနစ်က လေးဘီးချုပ် ABS စနစ် ဖြစ်ပြီးတော့ အချက်ညီညီ ထိန်းချုပ် မောင်းနှင်နိုင် မယ့် Steering စနစ်၊ Traction Control နဲ့ Stability Control တွေအပြင် Navigation System တွေက သင့်ကို အကောင်းဆုံး အထောက်အကူ ဖြစ်စေမှာပါ။

နောက်ပြီး ရှေ့ဘက် အသက်ကယ် လေအိတ်စနစ်၊ ဦးခေါင်းပိုင်း အသက်ကယ် လေအိတ်စနစ်၊ ဘေးဘက် အသက်ကယ် လေအိတ်စနစ်၊ နောက်ဘက် စုပေါင်း အသက်ကယ် လေအိတ်စနစ်တွေက ကမ္ဘာ့အဆင့်ရှိ ပါတယ်။

Suspension စနစ်မှာက Luxury တွေမှာ အသုံးများတဲ့ Double Wishbone ကို ရှေ့မှာအထိုင်ထားပြီး
နောက်ဘက်ကတော့ ရိုးရာမပျက် Multi Link နဲ့ တွေ့ရပါတယ်။

ဘီးလေးဘီးစလုံးမှာ Independence စနစ်တွေ အကူအဖြစ်နဲ့ ထိုင်ထားသေးပြီး Stabilizer တွေလည်း တပ် ဆင်ထားတာ တွေ့ရပါတယ်။

ဒီတော့ သင်ဘယ်ကား အမျိုးအစားကို လိုချင်သလဲ။ SUV လား၊ Truck လား၊ Sedan လား။ SUV ဆိုရင်တော့ Q7 က မဆိုးဘူးနော်။

အာရှထုတ်မဟုတ်တဲ့ အရည်အသွေးမြင့် SUV ထဲက ဆီစားနှုန်း သက်သက်သာသာ ဆိုရင်တော့ Q7 ပဲ ရှိမယ်။ အမေရိကန်ထုတ် SUV ဆိုရင်တော့ ပျမ်းမျှ ၁၇ မိုင် ဝန်းကျင်လောက်ပဲ တွက်ထားပေါ့။
နောက်ပြီး ဒီဇယ်အင်ဂျင်ကိုလည်း ရွေးချယ်စရာ ရှိသေးတယ်နော်။ မဆိုးပါဘူး။ စိတ်ကူးမလွဲဖို့ပဲလိုတာပေါ့။

လင်းထက် (IA)


မှတ်ချက်များ