| အောင်ဂေါ် ခေါ် မိုက်ကယ်လ် ဂေါ်၏ ဂူဂယ်လ်ပလပ်စ် စာမျက်နှာတွင် သူသည် ကယ်လီဖိုးနီးယား တက္ကသိုလ် ဘာကလေတွင် ပညာသင်ကြားခဲ့ပြီး Cal Coast Financial Corp.တွင် အလုပ်လုပ်နေကြောင်း ဖော်ပြထားသည်။ |
လူဝီဇီယားနားပြည်နယ်၊ နယူးအော်လင်း တရားရုံး တရားသူကြီး ဆာရာ အက်စ် ဗန့်စ်သည် အသက် ၂၆ နှစ်ရှိ အောင်ဂေါ် (ခေါ်) မိုက်ကယ်လ် ဂေါ်အပေါ် ထောင်ဒဏ် ၁၃ နှစ်သာမက ထောင်မှ လွတ်လာလျှင် လည်းလိင်ပြစ်မှု ကျူးလွန်သူအဖြစ် မှတ်တမ်းတင် စာရင်းသွင်း၍ ကြီးကြပ်စောင့်ကြည့်မှု ၁၀ နှစ် အနည်းဆုံး ခံယူရန်လည်း အမိန့်ချလိုက်သည်။
အမေရိကန်နိုင်ငံတွင် ဖော်ထုတ် ဖမ်းဆီးခဲ့သော ကလေးသူငယ် လိင်ကိစ္စအမှုများတွင် အကြီးဆုံးဖြစ်သည့် ညစ်ညမ်းလိင်ဝက်ဘ်ဆိုက်ကို ထူထောင်လုပ်ကိုင်နေသော ဂိုဏ်းတခုမှ ၁၄ ဦးကို ဖမ်းဆီးအရေးယူရာတွင် ဆန်ဖရန်စစ္စကိုအနီး ဖရီးမောင့်မြို့နေ မြန်မာအမျိုးသား အောင်ဂေါ် (ခေါ်) မိုက်ကယ်လ် ဂေါ်လည်း ပါဝင်ပါ သည်။
အောင်ဂေါ် ခေါ် မိုက်ကယ်လ် ဂေါ်သည် ဖရီးမောင့်မြို့မှ အိုလုံးကောလိပ်တွင် တက်ရောက်ခဲ့ပြီးနောက် ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေတွင် ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရခဲ့ကြောင်း သိရသည်။ အိမ်ဝယ်ချေးငွေကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်အရာရှိအဖြစ် အလုပ်လုပ်နေရင်း ကလေးသူငယ်လိင်ဝက်ဘ် ဆိုက် ပြစ်မှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သူသည် အိမ်ထောင်မရှိ၊ ကလေးမရှိသူ လူလွတ်တစ်ဦးဖြစ် သည်။
အဖမ်းခံရသည့်အချိန်က ၎င်းသည် ဆန်ဖရန်စစ္စကိုမြို့ မြန်မာနွယ်ဖွား တိုင်းရင်းသား အများအပြား နေထိုင် သည့် ဘေးဧရိယာရှိ ဖရီးမောင့်မြို့တွင် နေထိုင်လျက်ရှိပြီး၊ ရန်ကုန်မြို့၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး
ကျောင်း TTC မှ ကျောင်းသားဟောင်း တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ထူထောင် လုပ်ကိုင်သော ၎င်းဝက်ဘ်ဆိုက်တွင် ကလေးသူငယ်များ လိင်မှုကိစ္စ မဖွယ်မရာကျူးလွန်နေသည့် ဗီဒီယိုပေါင်း ၂,၀၀၀ ကျော် တင်ထားသည်။ လိင်ကိစ္စအသုံးပြုခံရသော ကလေး သူငယ် စုစုပေါင်း ၂၅၁ ဦးကို တွေ့ရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးခဲ့သမျှ အမှုများတွင်ကျူးလွန်ခံရသောကလေး ဦးရေ အများဆုံး အမှုဖြစ်သည်။
မိုက်ကယ်လ် ဂေါ်သည် အသက် ၂၇ နှစ်ရှိ ဂျွန်နာသန် ဂျွန်ဆင် ဆိုသူ ဦးဆောင်သော ကလေးသူငယ် လိင် ဆိုင်ရာ ဓာတ်ပုံ၊ ဗီဒီယိုနှင့် စာပေများ ဖြန့်ဖြူးသော ဝက်ဘ်ဆိုက်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၃ ခုနှစ် မေလအထိ ပါဝင်လုပ်ကိုင်ခဲ့သဖြင့် အပြစ်ရှိကြောင်း ဝန်ခံလိုက်၍ ထောင်ဒဏ် ၁၃ နှစ်သာ စီရင်ခံရခြင်း ဖြစ် ၏။ ၎င်းကို ဖရီးမောင့်နေအိမ်မှ ဖမ်းဆီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှစ၍ အပြစ်မရှိကြောင်း မိုက် ကယ်လ် ဂေါ်က နှစ်ကြိမ် ငြင်းဆိုခဲ့သည်။
ယခုနှစ် ဇွန်လ ၄ ရက်ကျမှ အပြစ်ရှိကြောင်း ဝန်ခံလိုက်သဖြင့် လျှော့ပေါ့သော ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်၍ ဝန်မခံလျှင် အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၃၀ အထိ ကျခံရဖွယ်ရှိသည်။
၎င်းတို့ဂိုဏ်း၏ ခေါင်းဆောင် ဂျွန်နာသန် ဂျွန်ဆင်အား ရှေ့နှစ်ဆန်းပိုင်းတွင် စီရင်ချက်ချမည် ဖြစ်၏။
kabarthit
မှတ်ချက်များ