ရော်ဘာဝယ်ယူမှု အများဆုံးတရုတ်နိုင်ငံက ဈေးကွက်ဖွင့်ဝယ်ယူမှုမရှိသဖြင့် နိုင်ငံတကာရော်ဘာဈေး ငြိမ်နေပြီး ဒေါ်လာဈေး မြင့်တက်လာသော်လည်း ပြည်တွင်းရော်ဘာဈေး ပြောင်းလဲမှုမရှိ


ရော်ဘာဝယ်ယူမှု အများဆုံးဖြစ်သည့် တရုတ်နိုင်ငံက ဈေးကွက်ဖွင့်ဝယ်ယူခြင်း မရှိသဖြင့် နိုင်ငံတကာရော် ဘာဈေးငြိမ်နေပြီး ဒေါ်လာဈေးမြင့်တက်လာသော်လည်း ပြည်တွင်းရော်ဘာဈေး ပြောင်းလဲမှုမရှိကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် တရုတ်နိုင်ငံက ရော်ဘာကုန်ကြမ်းတွေကို အလုံးအရင်းနဲ့ ဝယ်ယူမှုရှိပေမယ့် အခု
နောက်ပိုင်းမှာ ဝယ်ယူတဲ့ပုံစံ ပြောင်းလာတယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်ပဲ ဝယ်တယ်။ အဝယ်ကို ထိန်းထားတယ်။

အဲဒီအတွက် နိုင်ငံတကာရော်ဘာဈေးကျနေတဲ့အချိန် နိုင်ငံတကာမှာ ဝယ်ယူမှုအများဆုံးဖြစ်တဲ့ တရုတ်က လည်း လိုသလောက်ကို ဈေးကွက်ဖွင့်ပြီးမဝယ်တဲ့အခါကျတော့ နိုင်ငံတကာဈေးက အကျဈေးဖြစ်တဲ့ တစ် တန်ကို ဒေါ်လာ ၁၆ဝဝ ဝန်းကျင်မှာပဲ ရှိနေတယ်” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့သူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။

နိုင်ငံတကာ ရော်ဘာဈေးကျဆင်းခြင်းကြောင့် ပြည်တွင်းရော်ဘာအရောင်းအဝယ်ဈေးကွက်၌လည်း ဈေးနှုန်း
ကျဆင်းလျက်ရှိပြီး ပြည်တွင်း၌ ဒေါ်လာဈေးမြင့်တက်လာချိန်တွင် ရော်ဘာဈေးနှုန်းမှာသိသာစွာပြောင်းလဲမှု မရှိကြောင်း သိရသည်။

“အရင်က ပြည်တွင်းမှာဒေါ်လာဈေးတက်ရင် ရော်ဘာဈေးတက်လေ့ရှိတယ်။ ဒါပေမဲ့ အခု ဒေါ်လာဈေး တက်ပေမယ့် ရော်ဘာဈေးက အရင်ကလောက် သိသိသာသာ တက်မသွားဘူး။ ဒါပေမဲ့ ဒေါ်လာဈေး တက်နေတဲ့အတွက် ပြည်တွင်းရော်ဘာဈေးက အရမ်းကျမနေတော့ဘူး” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက် ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ဆက်လက်ပြောကြားသည်။

လက်ရှိနိုင်ငံတကာဈေးကွက်၌ RSS3 အမျိုးအစားတစ်တန်လျှင် ဒေါ်လာ ၁၆ဝဝ ခန့်ရှိပြီး ပြည်တွင်းဈေး ကွက်၌ RSS3 အမျိုးအစားတစ်ပေါင်လျှင် ကျပ် ၆ဝဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

ပြည်တွင်းရော်ဘာဈေးနှုန်းများမှာ နှစ် နှစ်ဆက်တိုက် ကျဆင်းလျက်ရှိနေပြီး ပြည်တွင်းရော်ဘာလုပ်ငန်းရှင် အများစုမှာ လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းဖြင့် လုပ်ငန်းလုပ်ကိုင်ရန် တွက်ခြေမကိုက်ဘဲ အချို့မှာ ရော် ဘာကုန်ကြမ်းရောင်းချမှုမှ ရငွေကို အလုပ်သမားစရိတ်နှင့် ခြံထိန်းသိမ်းစရိတ်များ အတွက်သာ အသုံးပြုနေ ရကြောင်း သိရသည်။

ချမ်းမြေ့သူ | EMG

မှတ်ချက်များ