မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့စခန်းများတွင် အသုံးပြုရန်အ တွက် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာအဆင့်မီ အချုပ် ယာဉ် အစီး ၄၀ ကျော် ဝယ်ယူထားကြောင်း
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းက ပြောကြားသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်သော အမျိုး သားလွှတ်တော် အစည်းအဝေးတွင်ကချင်ပြည်နယ်
မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော် ဦးဂမ် ဆိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်ရှိသည့်အချုပ်ယာဉ်
များ ကို နိုင်ငံတကာအဆင့်မီ အချုပ်ယာဉ်များဖြင့် အစားထိုး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ တွင် ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်
သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အချုပ်ယာဉ် အသစ် ၄၃ စီး ဝယ်ယူထားကြောင်း ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းက ပြောကြားသည်။
“မူလရှိပြီး အချုပ်ယာဉ်ဟောင်း ၃၂ စီးကိုလည်း အချုပ်ယာဉ် မရှိသေးသော ခရိုင်အဆင့် မြို့နယ်များကို ဦးစားပေး အစီအစဉ်ဖြင့် လွှဲပြောင်း ဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းကဆိုသည်။
သို့သော်လည်း အချို့မြို့နယ်များတွင် အချုပ်သားများကို ဖမ်းဆီး၍ တရားရုံးသို့ ပို့ဆောင်ခြင်းများတွင်
မော်တော်ဆိုင်ကယ်များပေါ်၌ လည်းကောင်း၊ လမ်းလျှောက်၍သော် လည်းကောင်း ရဲတပ်ဖွဲ့ဝင်များက အချုပ်သား ပို့ဆောင်မှုများ ရှိနေပြီး အချုပ်သားများနှင့် ပြည်သူလူထု လုံခြုံရေးအတွက် စိတ်ချရမှုမ ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂမ်ဆိုင်းက ပြောကြားသည်။
“အချုပ်သားတွေ ထွက်ပြေးနိုင်မှုလည်း အလွယ်တကူ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
အသစ်ဝယ်ယူထားသော အချုပ်ယာဉ် ၄၃ စီးမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ၂၄ စီး၊ မန္တလေးတိုင်း
ဒေသကြီး ရဲတပ်ဖွဲ့တွင် ရှစ်စီး၊ နေပြည်တော် ရဲတပ်ဖွဲ့တွင် လေးစီးနှင့် မြဝတီ၊ တမူး၊ ကော့သောင်း၊ တာချီ လိတ်၊ မူဆယ် စသည့် မြို့နယ်ရဲတပ်ဖွဲ့များတွင် တစ်စီးစီ ခွဲဝေချထားပေးပြီး အရန်သင့် အသုံးပြုရန် နှစ်စီး ထားရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။
The Voice

မှတ်ချက်များ