Why coat apple fruits ဖယောင်းသုတ် ပန်းသီး


ပန်းသီးပေါ်မှာ ဖယောင်းသုတ်ပြီးရောင်းတာကိုစားရင် ဘာဖြစ်နိုင်သလဲ။

ဖယောင်းသုတ်ရတဲ့အကြောင်းတွေ တခုမကရှိတယ်။ အထားခံအောင်နဲ့ အမြင်လှအောင် အတွက်ဖြစ် တယ်။ ပန်းသီးမှာ နဂိုအတိုင်း သဘာဝဖယောင်း ပါနေပြီးသာဖြစ်တယ်။ ဒါကြောင့် ပန်းသီးဟာ ထားတာ ကြာပေမဲ့ ရှုံ့တွမသွား၊ အလေးချိန်လဲ မလျော့ပါ။ ဖယောင်းအတု သုတ်ကြတာက မရောင်းချမီ၊ မတင်ပို့မီ၊ ထုပ်ပိုးမီမှာ သဘာဝဖယောင်းကို ပွတ်တိုက် ဆေးကြောလိုက်တာမို့ ဖယောင်းအတု ထပ်သုတ်တာဖြစ် တယ်။ ဒီလိုလုပ်လိုက်ရင် ၅ဝ% ကုန်သွားနိုင်တယ်။ ဆေးကြောနည်းအပေါ်မှာ မူတည်တယ်။

ဖယောင်းအတုဆိုတာ တိရစ္ဆာန်ဖယောင်းနဲ့ အသီးအနှံဖယောင်းဖြစ်မယ်။ ဒါမှမဟုတ် ဓါတ်ဆားနဲ့ ဓါတ်ခွဲ ခန်းကထုတ်တာ ဖြစ်မယ်။ အများဆုံးသုံးကြတာက အသီးအနှံကရတဲ့ Canauba wax နဲ့ Shellac ဖြစ် တယ်။ ဆူပါမားကက်တွေမှာဝယ်ရင် ဖယာင်းသုတ်တာ မလွတ်ပါ။

ပန်းသီးထဲမှာနေပါတဲ့ ရေဓါတ်မခမ်းစေအောင်အတွက်လဲ ဖယောင်းသုတ်ကြတယ်။ အလေးချိန်လဲမ
လျော့စေပါ။ အရည်ရွှမ်းတာကိုလဲ ထိန်းထားမယ်။ အဝေးကိုတင်ပို့ရောင်းချဘို့ဆိုရင် ပိုအပ်တယ်။ ဒါမှ မှည့်မှာကို နှေးစေမယ်။

ပန်းသီးကို ဖယောင်းသုတ်လို့ အနုတ်သဘောဆောင်တာတွေရစေနိုင်တယ်။ လေမရတဲ့ အသက်ရှူဖြစ်စဉ်
ဖြစ်စေမယ်။ ပန်းသီးရဲ့ ပင်ကိုယ်အရည်အသွေးကို လှည့်ဖျားစေမယ်။ ကြည့်လိုက်ရင်တော့ ပန်းသီးဟာ
တောက်ပြောင်၊ တင်းတင်းရင်းရင်း ရှိနေမယ်၊ စားချင်စဖွယ်ဖြစ်မယ်။ ဒါပေမဲ့ စားကြည့်လိုက်ရင် ကြွတ် ဆတ်မှုနည်းနေမယ်။

ပန်းသီးကိုဖယာင်းသုတ်ထား-မထားဘယ်လိုသိနိုင်လဲ။ ပန်းသီးကို အပင်ကနေ ခူးဆွတ်ပြီး လက်နဲ့ပွတ် လိုက်ရင် လက်မှာ အဖြူရောင်အမှုံပေလာတာတွေ့ရမယ်။ အဲဒါက သဘာဝဖယောင်းဖြစ်တယ်။ အဲလိုဘဲ ဖယောင်းအတုသုတ်ထားတဲ့ ပန်းသီးကို ပွတ်လိုက်ရင် အလွှာတခုကွာကျလာတောတွေ့ရမယ်။

၁၆-၈-၂ဝ၁၂ နေ့က ကနေဒါကလာတဲ့သတင်းတခုမှာ Ottawa to review fruit wax after reports of cancer link အသီးတွေမှာ ဖယာင်းပါတာနဲ့ ကင်ဆာ ဆက်စပ်မှု သတင်းထွက်လို့ ဆန်းစစ်မှုလုပ်မယ်လို့ ဆိုပါတယ်။ ဖယောင်းထဲမှာ morpholine ပါနေရင်ကို ဆိုလိုတာဖြစ်တယ်။ ဒီဓါတ်ဟာ ကင်ဆာဖြစ်စေနိုင် တဲ့ N-nitrosomorpholine ဖြစ်တယ်။

သဘာဝဖယောင်းရော ဖယောင်းအတုရော စားလို့ ကျန်းမာရေးမှာ ဘာထိခိုက်သလဲ တိတိကျကျ မပြောနိုင်ပါ။ တိတိကျကျ မပြောနိုင်တာမို့ ကျန်းမာရေးအတွက် စိုးရိမ်ရင် ဒါတွေလုပ်နိုင်ပါတယ်။ မစားခင်မှာ ပန်းသီးကို ရေခပ်နွေးနွေးလေးနဲ့ ပွတ်ဆေးပါ။ ဖယောင်းသာမက ကျန်တဲ့ မလိုလားအပ် တာတွေလဲ ပြောင်စေပါမယ်။ ဆပ်ပြာလိုဟာ မသုံးသင့်ပါ။ အပေါက်ပါနေတာအတွက်လဲ မသုံးပါနဲ့။ ဗနီဂါရည်သုံးချင် သုံးနိုင်ပါတယ်။ ပြီးရင် စက္ကူနဲ့သုတ်ပါ။ အရှင်းဆုံးနည်းကတော့ ပန်းသီးကို အခွံနွှာပြီးမှ စားသုံးပါ။

ဒေါက်တာတင့်ဆွေ

မှတ်ချက်များ