လူနာ၏ အလောင်းကို မြစ်ထဲ စွန့်ပစ်လိုက်သည့် ဗီယက်နမ် ခွဲစိတ်ဆရာဝန် ထောင်(၁၉)နှစ်ကျ


လူနာတစ်ဦး၏ အလောင်းကို မြစ်ထဲ လွှင့်ပစ်မှုအတွက် အလှအပ ပြုပြင်မှု ခွဲစိတ်ဆရာဝန် တစ်ဦးကို ဗီယက်နမ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၉)နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

(၂၀၁၃)ခုနှစ်၊ အောက်တိုဘာလက အသက်(၃၇)နှစ် လီသီထန်ဟွမ်းသည် အဆီဖယ်ရှားခြင်းနှင့် ရင်သားပုံ စံ ပြောင်းလဲသည့် ခွဲစိတ်မှု တစ်ခုကို ခံယူရင်း သေဆုံးခဲ့သည်။ သူမ၏ အသက်ကိုကယ်ဆယ်ရန် ဆေးခန်း ဝန်ထမ်းများက အလေးအနက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဟနွိုင်းမြို့ရှိ ကတ်တူယွန် ဆေး ခန်းတွင် သူမအနေဖြင့် သွားရောက် ခွဲစိတ်မှု ခံယူခဲ့ခြင်းဖြစ်ပြီး ယင်းခွဲစိတ်မှုတွင် ဖြစ်ကတတ်ဆန်းလုပ်
ဆောင်မှုများ ရှိခဲ့ကြောင်းလည်း နောက်ပိုင်း စစ်ဆေးမှုများအရ သိရှိလာရသည်။

ရဲများက ဒေါက်တာ ငုယန်မန်တွန်သည် လူနာသေဆုံးပြီးနောက် အမှုပတ်မည်ကို စိုးရိမ်သဖြင့် သူမ၏ အလောင်းကို မြို့ထဲရှိ ပင်မမြစ်ကြောင်းကြီးအတိုင်း စွန့်ပစ်လိုက်သည်။ ဒေါက်တာငုယန်ကို ဆေးခန်း၏ လုံခြုံရေး အစောင့်တစ်ဦးက အလောင်းဖျောက်ဖျက်ရန် အကူအညီ ပေးခဲ့သည်။

သူမ၏ အလောင်းကို မြစ်ထဲတွင် ပြန်လည် တွေ့ရှိချိန်၌ ဦးခေါင်းမပါတော့ဘဲ ဖြစ်နေသဖြင့် DNA စစ်ဆေး မှုများ ပြုလုပ်ကာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုချက် ရယူခဲ့ရသည်။ ထို့နောက် ရဲများက အမှုကို ကွင်းဆက်များ ဖော်ထုတ်ခဲ့ပြီး ဒေါက်တာငုယန်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ (၅)ရက်တွင်မူ တရားရုံးက ဒေါက်တာငုယန်အား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ် များ ဆိုးရွားစွာ ဖောက်ဖျက်မှု၊ သေဆုံးသူ လူနာတစ်ဦး၏ ရုပ်အလောင်းကို ဖျက်ဆီးမှုများအတွက် အပြစ် ရှိကြောင်း ဆုံးဖြတ်ကာ ထောင်ဒဏ်(၁၉)နှစ် ချမှတ်ခဲ့သည်။ ၎င်းကို ကူညီသည့် ဆေးခန်း လုံခြုံရေး ဝန် ထမ်းမှာမူ သေသူ၏ မိုဘိုင်းဖုန်းကို ခိုးယူထားမှု၊ အလောင်းဖျောက်ဖျက်မှုများအတွက် ထောင်ဒဏ် (၃၃)လ ကျခံခဲ့ရပြီး ဖြစ်သည်။

“ကျွန်တော် အရမ်းနောင်တရပါတယ်။ တကယ့်ကို နာနာကျင်ကျင် ခံစားမိပါတယ်။ ပြီးတော့ သေဆုံးသူ လူနာရဲ့ မိသားစုကို တောင်းပန်လိုပါတယ်”ဟု တရားရုံးတွင် ဒေါက်တာ ငုယန်က ပြောကြားခဲ့သည်။ ၎င်းခွဲစိတ်မှု ပြုလုပ်ခဲ့သည့် ဆေးခန်းသည် တရားဝင် လိုင်စင်ဖြင့် ဖွင့်လှစ်ထားသော်လည်း ယခုကဲ့သို့ ခွဲစိတ်မှုမျိုး ပြုလုပ်ပိုင်ခွင့် မရှိသည့်အတွက် အခင်းဖြစ်သည့်နောက်ပိုင်း အပိတ်ခံထားရသည်။

သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ခန္ဓာကိုယ် အလှအပ ခွဲစိတ်မှုတစ်ခု ခံယူမည့် အစီအစဉ်ကို လုံးဝ ကြိုတင် အသိပေးမထားခဲ့ဟု ဆိုသည်။ တရားဝင် အချက်အလက်များ ထုတ်ပြန်မှု မရှိသော်လည်း ဗီယက်နမ် မီဒီယာများ၏ အဆိုအရ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဗီယက်နမ် အမျိုးသမီးထုကြားတွင် ရင်သား အရွယ်အစား ကြီးထွားစေရန် အလှအပ ပြုပြင်ခွဲစိတ်မှုများ အလွန်ခေတ်စားလာကြောင်း သိရှိရသည်။

7day

မှတ်ချက်များ