ဖောက်ထွင်းမြင်ရသော တံခါးပေါက် ဘေးဘောင်များနှင့် လမ်းညွှန်ပေးသော “ Ghost Car” Mode ပါရှိသည့် Jaguar ၏ ကား


ဗြိတိန် အခြေစိုက် မော်တော်ကားထုတ်လုပ်သူ Jaguar Land Rover က ကားပတ်ဝန်းကျင် တစ်ခုလုံးကို မြင်တွေ့ရစေရန် ဖောက်ထွင်းမြင်ရသော တံခါးပေါက် ဘေးဘောင်များ တပ်ဆင်ထားမည့် မော်တော်ကား နည်းပညာကို ပြသလိုက်ပါသည်။ ထို့အပြင် အခြား နည်းပညာတစ်ခုမှာ ကား၏ လေကာမှန်ကို Display အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပြီး Display မှ အတုအယောင်ကားတစ်စီးကို လမ်းညွှန်မှုများအတွက် အသုံးပြုနိုင်ပါသည်။ အဆိုပါ လမ်းညွှန်သည့် နည်းပညာကို “Ghost Car” Mode ဟု အမည်ပေးထားပါ သည်။

Jaguar က ယာဉ်မောင်းသူများ၏ အမြင်အာရုံကို ရှင်းလင်းစေရန်နှင့် ၃၆၀ ဒီဂရီ မြင်ကွင်းကို ကြည့်ရှုနိုင်ရန် တံခါးပေါက် ဘေးဘောင်များကို ဖေါက်ထွင်းမြင်ရစေရန် ပြုလုပ်ပေးထားခြင်း ဖြစ်ပါသည်။ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တံခါးပေါက် ဘေးဘောင် လေးခုကို ဖောက်ထွင်းမြင်ရစေရန် ပြုလုပ်ပေးထားပါသည်။ ထိုသို့ ပြုလုပ်ရန် ကား၏ အပြင်ဘက်တွင် ကင်မရာများ တပ်ဆင်ထားခြင်း ဖြစ်ပြီး ကင်မရာများမှ ရိုက်ကူး ထားသော ဗီဒီယိုများကို တံခါးပေါက် ဘေးဘောင်ရှိ Display များတွင် ပြသပေးခြင်း ဖြစ်ပါသည်။

ယာဉ်မောင်းသူက တံခါးပေါက် ဘေးဘောင်ကို ကြည့်ရှုသည့် အချိန်မှသာ ဖောက်ထွင်းမြင်ရခြင်း ဖြစ်ပြီး အခြား အချိန်များတွင် သာမာန် တံခါးပေါက် ဘေးဘောင်အဖြစ်သာ တွေ့မြင်ရမည် ဖြစ်သည်။
“Ghost Car” Mode ကို လမ်းညွှန်မှုများအတွက် အသုံးပြုနိုင်ပါသည်။ အဆိုပါ Mode ကို အသုံးပြုလျှင် လေကာမှန် Display တွင် အတုအယောင် ကားလေးတစ်စီးကို ပြသပေးမည် ဖြစ်ပြီး ကားလေးက ယာဉ်မောင်းသူကို လမ်းညွှန်ပေးမည် ဖြစ်သည်။

Jaguar က အဆိုပါ နည်းပညာ ထည့်သွင်းထားသော ကားများကို မည်သည့် အချိန်တွင် ရောင်းချမည် ဆိုသည်ကို မသိရသေးပါ။

Myanmar Digital Life Journal

မှတ်ချက်များ