အမျိုးသားပညာရေးဥပဒေပြင်ဆင်ရန် လွှတ်တော်နှင့် အစိုးရအဖွဲ့ ဘော်လီဘောပုတ်နေခြင်းမဟုတ်ဟုဆို


အမျိုးသားပညာရေး ဥပဒေကို ပညာရေးဝန်ကြီးဌာနက ပြန်လည်ပြင်ဆင်၍ လွှတ်တော် သို့တင်သွင်းစေခြင်း သည် အစိုးရ အဖွဲ့နှင့်လွှတ်တော် ဘော်လီ ဘောပုတ်ခြင်းမဟုတ်ဘဲ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေး မှူး ဒေါက်တာမြတ် ဉာဏစိုးက ပြောကြားသည်။

သမ္မတ လက်မှတ်ရေး ထိုးထုတ်ပြန်ထားသည့် ဥပဒေဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ တာ ဝန်ခံအဖွဲ့ အစည်းဖြစ်သော ပညာရေးဝန်ကြီးဌာနကသာ လက်ရှိဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင် ဆင်ရန်တောင်းဆိုနေသည့် အဖွဲ့များနှင့်ညှိနှိုင်း၍ ပြန်လည်ရေးဆွဲပြီး မှသာ လွှတ်တော်သို့ တင်သွင်းရမည် ဟု ဒေါက်တာမြတ်ဉာဏစိုး က ပြောသည်။

အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်နေသော ကျောင်းသားများက အစိုးရ၊ လွှတ်တော်နှင့် ပညာ
ရေးကွန်ရက် သပိတ်မှောက်အဖွဲ့အစည်းများ လေးပွင့်ဆိုင်ပူးပေါင်း၍ ဥပဒေ ပြန်လည်ပြင်ဆင်ပေးရန် သပိတ်မှောက်တောင်းဆိုနေစဉ် သမ္မတက လွှတ်တော်သို့ ပြင်ဆင်ပေးရန် သဝဏ်လွှာပို့ခဲ့ပြီး လွှတ်တော် ကလည်း ပညာရေးဝန်ကြီးဌာနကသာ ပြန်လည်ပြင်ဆင်ပေးရန် အကြောင်းပြန်ကြားခဲ့သဖြင့် သပိတ်
မှောက်အဖွဲ့အစည်းများက အစိုးရနှင့် လွှတ်တော်တို့ဘော်လီဘောပုတ်နေသည်ဟု စွပ်စွဲခဲ့သည်။

လွှတ်တော်က ပြန်လည်ပြင် ဆင်ပေးမည်ဆိုပါက ပြင်နိုင်ပြီး ဥပဒေပြင်ဆင်ရေးကို လွှတ်တော်က တိုက် ရိုက်လုပ်နိုင်ကြောင်း၊ လွှတ်တော်တွင် ဝန်ကြီးဌာနကို ဆွေးနွေးရန် တိုက်ရိုက်ခေါ်နိုင် သည့် ပြဋ္ဌာန်းချက် ရှိသဖြင့် ယခု ကဲ့သို့ ပညာရေးဝန်ကြီးဌာနသို့ ပြန်လွှဲခြင်းမှာ ပုတ်ထုတ်ခြင်းသာ ဖြစ်ကြောင်း ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ် ဦးရဲထွန်းက ၎င်း ၏ ထင်မြင်ချက်ကို ပြောကြား သည်။

‘‘သမ္မတက လက်မှတ်မထိုး ရသေးဘူးဆိုရင် လွှတ်တော်က လုပ်နိုင်တယ်။ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်
ဘောင်ထဲမှာရှိတယ်။ အခုက မရတော့ဘူး။ သမ္မတက ဆောင်ရွက်ပေးဖို့ သဝဏ်လွှာပေး ရုံနဲ့လည်း မရပါဘူး။ လွှတ်တော် က ဥပဒေတွေကို ပြဋ္ဌာန်းပြင်ဆင် တဲ့အခါမှာ မူရင်းဥပဒေ၊ နောက် လွှတ်တော် ရဲ့ဥပဒေ၊ နည်းဥပဒေ တွေအတိုင်းသွားတဲ့အတွက် လုပ် ငန်းစဉ်အတိုင်းပဲ လုပ်ရမှာပါ’’ဟု ဒေါက်တာမြတ် ဉာဏစိုးက ပြော သည်။

‘‘အမျိုးသားပညာရေးဥပဒေ စတင်ရေးဆွဲကတည်းက ကျောင်း သား၊ ပြည်သူကိုအခြေမခံဘူး။ အခုပြင်
တော့လည်း ကျောင်းသား၊ ပြည်သူကိုအခြေမခံဘဲ သမ္မတ၊ လွှတ်တော်အပြန်အလှန်ဘော်လီ ဘော ပုတ်နေတဲ့အပေါ်မှာ သပိတ် မှောက်ကျောင်းသားတွေအနေနဲ့ သဘောထားမှတ်ချက်မပေးဘူး။ ကျွန်တော် တို့တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်တွေ့ဖို့အတွက် သပိတ်မှောက်နေဦးမှာပါ’’ဟု ဒီမို ကရေစီပညာရေးလှုပ် ရှားမှုကော် မတီပြန်ကြားရေးတာဝန်ခံ ကိုရဲ ရင့်ကျော်က ပြောသည်။

ဇန်နဝါရီ ၂၀ ရက်မှ ယနေ့ ထိ ကျောင်းသားသမဂ္ဂသုံးခု စုပေါင်းပြီး မန္တလေးမြို့မှစတင်၍ ရန်ကုန်ထိ မြို့စဉ် တစ်လျှောက် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေသော်လည်း အစိုးရနှင့် လွှတ်တော်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေး ပေ။

အကယ်၍ လွှတ်တော်က ပြန်ကြားထားသည့်အတိုင်း ပညာ ရေးဝန်ကြီးဌာနက ဥပဒေကို ပြင် ဆင်၍ လွှတ်တော်သို့ တင်သွင်း ပါက ပြည်ထောင်စုလွှတ်တော်သို့ တိုက်ရိုက်တင်သွင်းခွင့်မရှိဘဲ ပြည်သူ (သို့မ ဟုတ်) အမျိုးသား လွှတ်တော်မှစ၍ အသစ်ပြန်လည် ဆွေးနွေးပြီး လွှတ်တော်နှစ်ခု သဘောထားမတိုက် ဆိုင်ပါက ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံဆွေးနွေးပြီးမှသာ ဥပဒေ ပြင်ဆင်မှု အတည်ဖြစ်မည်ဖြစ် သည်။

အိဖြူလွင် | 7day

မှတ်ချက်များ