အဲအေးရှား လေယာဉ်ပျက် ဆယ်ယူရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းလိုက်ပြီဟု အင်ဒိုနီးရှား ရေတပ်ကြေညာ


ရေအောက်တွင် နစ်မြုပ်နေသည့် အဲအေးရှား လေယာဉ်ပျက်ကို ဆယ်ယူမှု လုပ်ငန်းစဉ်များ ရပ်ဆိုင်းလိုက်ပြီ ဟု အင်ဒိုနီးရှား ရေတပ် အာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က ပျက်ကျခဲ့သည့် လေယာဉ်ကို လိုက်လံရှာဖွေမှုနှင့် ဆယ်ယူမှု လုပ်ငန်းများ ဆောင် ရွက်ခဲ့သည်မှာ တစ်လမျှ ကြာမြင့်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင် ယခုကြေညာချက်ကို ထုတ်ပြန်လိုက်
ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား ရေငုပ်သမားများသည် ခရီးစဉ်အမှတ် QZ8501 လေယာဉ်၏ ကိုယ်ထည်ကို ရေမျက်နှာပြင်ပေါ် ဆယ်ယူရန် လုပ်ဆောင်ခဲ့သော်လည်း အကြိမ်ကြိမ် ချွတ်ယွင်းပျက်ပြယ်နေသည့်နောက် လက်လျှော့လိုက်ခြင်း ဖြစ်သည်။

လေယာဉ်ပျက် ဆယ်ယူရေး လုပ်ငန်းများကို ဦးစီးနေသည့် အင်ဒိုနီးရှား ရေတပ် နောက်တန်း သေနာပတိ ဝီဒိုဒိုက တာဝန်ရှိသူများ အနေဖြင့် အဲအေးရှား လေယာဉ်ကို ဆယ်ယူရေးနှင့် အလောင်းများ ရှာဖွေနေမှု လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

“Operationကို ရက်ပေါင်း(၃၀) ကြာတဲ့ထိ လုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ ပူးပေါင်း အဖွဲ့တွေလည်း ပြန် လည် ထွက်ခွာသွားပါပြီ။ သေဆုံးသူတွေရဲ့ မိသားစုတွေကို အလေးအနက် တောင်း ပန်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပျောက်ဆုံးနေတဲ့ သေဆုံးသူတွေကို လိုက်ရှာဖို့ အစွမ်းရှိသမျှ ကြိုးစားခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

Airbus A320-200 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် ရာသီဥတု ဆိုးရွားနေစဉ် ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ (၁၆၂)ဦးစလုံး သေဆုံးခဲ့သည်။ လေယာဉ်မှ Black Boxများကို ရှာဖွေတွေ့ရှိထားရာ ယခုအခါ လေယာဉ်ပျက်ကျမှု၏ အကြောင်းရင်းကို ခြေရာခံ စုံစမ်းနေဆဲ ဖြစ်သည်။

လေယာဉ်ပျက် ဆယ်တင်ရေး အဖွဲ့များသည် ဇန်နဝါရီ ၂၄ ရက် ကတည်းက လေယာဉ်ကိုယ်ထည်ကို
ရေပေါ်ဆွဲတင်ပြီး အတွင်းမှ အလောင်းများကို သယ်ထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း ရာသီဥတု ဆိုးရွား မှုနှင့် အခြားသော အကြောင်းများကြောင့် မအောင်မြင်ခဲ့ချေ။ လေယာဉ်ကိုယ်ထည်သည် ရေအနက် မီတာ (၃၀)ခန့်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူများအနက် အလောင်း(၇၀)သာ
ပြန်လည် ရရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

7day

မှတ်ချက်များ