သီရိလင်္ကာ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ကြောင်း သမ္မတ ရာဂျာပက္ကဆာ ဝန်ခံ


ရွေးကောက်ပွဲတွင် မိမိ အရေးနိမ့်ခဲ့ကြောင်း သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာပက္ကဆာက ဝန်ခံခဲ့ပြီး အာ ဏာလွှဲပြောင်းရေးကို ညင်သာ ချောမောစွာ လုပ်ဆောင်ပေးသွားမည်ဟု ကတိပြုခဲ့သည်။

ရာဂျာပက္ကဆာသည် သီရိလင်္ကာ၏ နိုင်ငံရေး နယ်ပယ်တွင် ဆယ်စုနှစ် တစ်ခုကြာမျှ ဩဇာကြီးမားစွာ လွှမ်း မိုးခဲ့သော်လည်း ယခုနှစ်အတွင်း ၎င်း၏ ကျန်းမာရေး ဝန်ကြီးက အတိုက်အခံများဘက် ကူးပြောင်းသွားမှု
ကြောင့် မမျှော်လင့်ဘဲ အထိနာသွားခဲ့သည်။

ဇန်နဝါရီ (၈)ရက် ရွေးကောက်ပွဲများ အပြီးတွင် ရာဂျာပက္ကဆာက မိမိ၏ အနေအထားသည် အရေးနိမ့်သည့် ဘက် ရောက်ရှိနေခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများ၏ အလိုအတိုင်း အာဏာ အလွှဲအပြောင်းကို ညင်သာ သိမ်မွေ့စွာ လုပ်ဆောင်ပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မဲအရေအတွက် တရားဝင် စာရင်းသည် ဇန်နဝါရီ (၉)ရက် ညပိုင်းထိ ထုတ်ပြန်ဖြစ်ဦးမည် မဟုတ်သော် လည်း မိုင်သရီပါလာ ဆီရီဆန်နာ အနေဖြင့် မဲ(၅၀)ရာခိုင်နှုန်း အထက်ထိ အလွယ်တကူ ရရှိလိမ့်မည်ဟု အစောပိုင်း ရေတွက်မှု ရလဒ်များက ညွှန်ပြနေသည်။

ဆီရီဆန်နာ ကိုယ်တိုင်ကမူ လက်ရှိ အခြေအနေအပေါ် တစ်စုံတစ်ရာ မှတ်ချက် မပေးသေးချေ။ ရာဂျာပက္ကဆာသည် (၂၀၀၉)ခုနှစ် အတွင်းက တမီလ်သူပုန်များကို ဖြိုခွင်းပြီး သီရိလင်္ကာ၏ ဆယ်စုနှစ် များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံရေးဩဇာ ပိုမိုကြီးမားလာသူ
ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင်မူ အတိုက်အခံများက အားကောင်းစွာ ပြင်ဆင်နိုင်ခဲ့ပြီး ရာဂျာပက္ကဆာ၏ ရုံးအဖွဲ့က လည်း သမ္မတ အနေဖြင့် ရွေးကောက်ပွဲ အရှုံးရလဒ်ကို လက်ခံကြောင်း၊ ပြည်သူ့ဆန္ဒအတိုင်း ပြည်သူ့ အာဏာကို အေးဆေး အဆင်ပြေစွာ လွှဲပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရာဂျာပက္ကဆာသည် ယခုအခါ သမ္မတ အိမ်တော်မှ ထွက်ခွာသွားပြီဖြစ်ပြီး သမ္မတသစ်သည် ဇန်နဝါရီ (၉)ရက် ညနေပိုင်းတွင် ကျမ်းသစ္စာ ကျိန်ဆိုဖွယ် ရှိကြောင်းလည်း သိရသည်။

BBC

မှတ်ချက်များ