ဘကကျောင်းများ အစိုးရကျောင်းများနည်းတူ အဆင့်တိုးမြှင့်ရေး ပြည်သူ့လွှတ်တော် အတည်ပြု
နိုင်ငံတစ်ဝန်းဖွင့် လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရကျောင်းများနည်းတူ အဆင့်တိုးမြှင့်နိုင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က အတည်
ပြုလိုက်ကြောင်း သတင်း ရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့် တင်သွင်းသော ယင်းအဆိုကို သက်ဆိုင်ရာ ၀န်ကြီးဌာနက မှတ်တမ်းတင်ထားရှိရန်သာ မှတ်ချက်ပေးခဲ့သည်။ ထို့ကြောင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ် ရာ ထောက်ခံသူများသဖြင့် အဆိုအတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို ယခုလ ၉ ရက်တွင် ပြုလုပ် သည့်ပြည်သူ့လွှတ်တော် အစည်းအဝေးမှ အတည်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုအတည်ဖြစ်သဖြင့် ယင်းကိစ္စရပ်ကို ပြည်ထောင်စုအစိုးရက မကြာမီကာလအတွင်း အကောင်အထည်ဖော်ပေးရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
နိုင်ငံတော်တွင် အခမဲ့ပညာရေးစနစ် ကျင့်သုံးသော်လည်း ဘုန်းတော်ကြီးသင်ပညာရေးသင် ကျောင်းများ တွင်မူ အဆိုပါအခွင့်အရေးကို မရရှိသဖြင့် အစိုးရ ကျောင်းများနည်းတူ ထောက်ပံ့ ပေးရေး၊ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများ၏ အဆင့် တိုးလျှောက်ထားမှုကို သတ်မှတ် ချက်နှင့် ညီညွတ်ပါက ခွင့်ပြုပေး နိုင်ရေးစသည့် အချက် ခြောက် ချက်ကို လုပ်ဆောင်ပေးရန် အဆို ရှင်သူရဦးအေးမြင့်က အစိုးရသို့ တိုက် တွန်းခဲ့သည်။
‘‘ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းတွေဟာ အခက်အခဲ အမျိုးမျိုးကြားက ဘုန်းတော်ကြီးများရဲ့ ဦးစီး စွမ်းဆောင်မှု၊ အလှူ ရှင်များရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ ရဲ့ ပညာရေးကို တစ်ထောင့်တစ်နေရာက ဖြည့် ဆည်းဆောင်ရွက် ပေးနေခြင်း ဖြစ်ပါတယ်။ ဒီ ကျောင်းတွေမှာ ဆရာ၊ ဆရာမ တွေကို ထောက်ပံ့ကြေးပေး
နေ တယ်ဆိုပေမယ့်လည်း မရရှိသေး တဲ့ ကျောင်းပေါင်းများစွာရှိနေပါ သေးတယ်’’ ဟု ၎င်းက ပြောကြား သည်။
အဆိုပါ ကျောင်းများအား တစ်နှစ်ထက် တစ်နှစ် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးအပ်နိုင်ရန် ဆောင်ရွက် လျက်ရှိပြီး အဆင့်တိုးမြှင့်ရေးကိစ္စရပ်ကိုမူ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ခြင်းဖြစ်သဖြင့် ယင်းဝန်ကြီး ဌာနက ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ အဆင့်တိုးမြှင့်ရေးကို ကန့်သတ်ထားမှုများရှိကြောင်း သာ သနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘ဒီအဆိုအတည်ဖြစ်သွားတယ်ဆိုတာ ဘုန်းကြီးတို့က အရမ်းဝမ်းသာတယ်။ ဒီကျောင်းတွေဆိုတာ ကိုယ့်
ခြေထောက်ပေါ် ကိုယ်ရပ်ရတာ။ အစိုးရက ထောက်ပံ့တာဆိုလို့ ထောက်ပံ့ကြေးအပြင် ဘာမှ ပေးတာ မဟုတ်ဘူးလေ။ အစိုးရကျောင်းတွေနဲ့လည်း ခွဲခြားဆက်ဆံခံရသေးတယ်’’ဟု လှိုင်သာယာမြို့နယ် ဘုန်း
တော်ကြီးသင်ပညာရေးကျောင်းမှ အရှင်စန္ဒိမာက မိန့်သည်။
မင်းဟိန်းကျော် | 7day

မှတ်ချက်များ