မြစ်ကြီးနား တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ


ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက အမျိုးသား ပညာရေး ဥပဒေကို ပထမဆုံးအကြိမ် အဖြစ် ဒီကနေ့ ဆန္ဒပြ ခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို မကြိုက်တဲ့အတွက် ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်လို့ ဆန္ဒပြ မြစ်ကြီးနား တက္ကသိုလ် ကျောင်းသူ ဆိုင်းနုပန်က ပြောတယ်။

“ကျမတို့က ဒီမိုကရေစီပညာရေးရယ်၊ ကျောင်းသားအသင်းအဖွဲ့များ လွတ်လပ်စွာဖွဲစည်းခွင့်၊ ပညာရေး အသုံးစရိတ်တိုးမြင့် ပေးရေး၊ မိခင်ဘာသာစကားအခြေပြုသင်ကြားရေး၊ ဗဟိုဦးစီးချုပ်ကိုင်မှု မရှိရေး တောင်းဆိုတာပေါ့။”လို့ သူက ပြောပါတယ်။

ဆန္ဒပြတဲ့ကျောင်းသားတွေ နည်းပေမယ့် အမျိုးသား ပညာရေး ဥပဒေ ကို ဆန့်ကျင် ကန့်ကွက်နေတဲ့ နိုင်ငံတ ၀န်းက ကျောင်းသားတွေနဲ့ အတူ ရှိနေတယ်လို့ ပြောပါတယ်။

ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေဟာ မြစ်ကြီးနား တက္ကသိုလ်ကနေ ကွန်ပြူတာ တက္ကသိုလ် အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ကွန်ပြူတာတက္ကသိုလ်ရှေ့မှာ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြ ကျောင်းသားအဖွဲ့ဟာမြစ်ကြီးနား တက္ကသိုလ်နဲ့ ကွန်ပြူတာတက္ကသိုလ်မှာ ရှိတဲ့ ကျောင်းသား တွေကို ဟောပြောစည်းရုံးဖို့ ကျောင်းထဲကိုဝင်ခွင့်တောင်းပေးမယ့် ကျောင်းတံခါးတွေ သော့ခတ် ထားတဲ့ အတွက် ၀င်ခွင့် မရရှိခဲ့ပါဘူး။

ဒီဆန္ဒပြပွဲကို ဒေသခံအာဏာပိုင်တွေ လာရောက်တားမြစ်တာတွေမရှိပေမယ့် ကျောင်းအသီးသီးမှာ ပြည် နယ်နဲ့ မြို့နယ်တာဝန်ရှိသူတွေအပါအ၀င် ကျောင်းဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို ဖိအားပေးမှုတွေရှိခဲ့တဲ့အတွက် ဆန္ဒပြမှုမှာ ကျောင်းသားတွေ သိပ် ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ဆိုင်းနု ပန်က ပြောပါတယ်။

“အစပိုင်းကတော့ လူ ၄ ရာလောက်သတ်မှတ်ထားပေမယ့် အခြေအနေက ဆရာမတွေက နည်းနည်း ဖိအား ပေးတာရှိတယ်။ပြီးရင် ကျောင်းမှာလည်းဝင်ခွင့်မပေးတာဆိုတော့ ကျမတို့ အတွက်လည်း အဆင် မပြေဘူး။ အဲကြောင့် လူက နည်းနည်းပဲဖြစ်သွားတာ”လို့ သူက ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေအနေနဲ့ ကျောင်းသားအခွင့်အရေးကိုသာ တောင်းဆိုတာမဟုတ်ဘဲ ဆရာဆရာ မတွေရဲ့ အခွင့်အရေးကိုပါ တောင်းဆိုနေတဲ့အတွက် ဆရာဆရာမတွေလည်း သူတို့နဲ့အတူ ပူးပေါင်းပါ ၀င်စေချင်တယ်လို့လည်း ဆိုင်နုပန်က ပြောပါတယ်။

မြစ်ကြီးနား တက္ကသိုလ်မှာတော့ဒီနေ့ကျောင်းသားတွေကို ကျောင်းဝင်ခွင့်ကျောင်းသားကဒ်တွေ စစ်ဆေး မှုပြုလုပ်ပြီး ကျောင်းတံခါးကိုသော့ခတ်ခဲ့ပါတယ်။

နော်နိုရင်း | DVB

မှတ်ချက်များ