ဒီချုပ်အမတ်အချို့၏ ဝေဖန်ချက် မိမိကို အောက်လမ်းနည်းဖြင့် တိုက်ခိုက်သလိုဖြစ်နေဟု ဦးကျော်ဆန်း လွှတ်တော်တွင်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်အချို့ ၏ ဝေဖန်ပြောကြားချက် များသည် မိမိကိုအောက်လမ်းနည်းဖြင့် တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက လွှတ်တော်တွင်ပြောကြားလိုက်သည်။
အဆိုပါဝန်ကြီးဌာန အနေဖြင့် တောင်သူလယ်သမားများအား ချေးငွေများထုတ်ချေးပေးရန် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ သန်းသုံးရာချေးယူရေးကိစ္စ ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာ NLDမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့၏ ဆွေးနွေးပြောဆိုချက်များသည် တိကျမှု မရှိဘဲ တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း ဦးကျော်ဆန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အထက်ပါဖြစ်စဉ်ဖြစ်ပွား ခဲ့ပြီးတစ်ဖက်နှင့်တစ်ဖက် အချီအချပြောဆိုမှု အနည်းငယ် ဖြစ်ပွားခဲ့ကာ ပြည်ထောင်စုလွှတ်တော် နာယ ကမှ သတိပေးသည့်သဘော သက်ရောက်သော စကားရပ် အချို့ဖြင့် ၀င်ရောက်ထိန်းသိမ်းပေးခဲ့ရသည်။
သမ၀ါယမ၀န်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံရှိ ဘဏ်မှ ယခင်ချေးယူထားသော အမေရိကန်ဒေါ်လာသန်း တစ်ရာအား ယခုအ ခါတွင် အပြည့်အ၀ပြန်လည်ရရှိ ပြီးဖြစ်ကြောင်း ဦးကျော်ဆန်း၏ ပြောကြားချက်အပေါ် လက်ရှိအချိန်အထိ မိမိတို့မဲဆန္ဒနယ် အောက်ခြေဒေသများတွင် ပြန်လည် မပေးဆပ်နိုင်သေးသည့်သူများ ရှိနေသဖြင့် ၀န်ကြီး၏ ပြောကြားချက်များသည် စိတ်ကူးယဉ်ဆန်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်က ပြောကြားခဲ့သည်။
‘‘အခုလို ပြောနေတာတွေဟာ တိကျမှန်ကန်မှပြောစေချင်ပါတယ်။ ကျွန်တော်က စိတ်ကူး မယဉ်ပါဘူး။ စိတ်ကူးယဉ်နေတာဟာ ဒေါ်ခင်မွှေးလွင်နဲ့ဒေါ်ခင်စန်းလှိုင်တို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်အခုနပြောခဲ့သ လိုပေါ့လေ။ ကျွန်တော်က ရန်မလိုပါဘူး။ ရန်လိုရင် ရန်ပိုပါတယ်။ ကိုရီးယားက စက်ပစ္စည်းတွေယူတုန်းက လည်း ဒေါ်ခင်စန်းလှိုင်တို့အဖွဲ့ကပဲ ဘယ်လိုပြောလဲ။ အထင်နဲ့စွပ်စွဲတာ။ ခပ်ရိုင်းရိုင်း ပြောရရင် အောက် လမ်းနည်းလို့ပြောရမလို ဖြစ်နေပြီ’’ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပုတ်ခတ် ပြောဆိုခဲ့သည်။
‘‘၀န်ကြီးက ဒီလိုပြောတဲ့အတွက် ကျွန်မတို့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မတို့လည်း ရန်လိုနေတာ မဟုတ်ပါ ဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ အောက်ခြေကပြည်သူ လူထုနဲ့ အမြဲမပြတ်ထိတွေ့နေသူတွေဖြစ်တဲ့အတွက် ကျွန်မတို့ သိ ထားတာကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ ၀န်ကြီးလည်း အောက်ခြေ ကိစ္စတွေ သိတယ်ဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေလောက်တော့ ထဲထဲဝင်ဝင်မသိနိုင်ပါဘူး’’ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြန်လည်ရှင်းလင်းပြောကြား သည်။
ထိုသို့ အပြန်အလှန် ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ၀န်ကြီး၊ ဒု ၀န်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များအနေဖြင့် လွှတ်တော်တွင်းပြောကြားရာတွင် မိမိနာယက အား မဏ္ဍိုင်ပြု၍သာပြောကြားရန်နှင့် ကာယကံရှင်အား အမည်နာမများတပ်ကာ ပြောကြားခြင်းမပြုရန် သတိပေး ပြောကြားခဲ့သည်။
‘‘လွှတ်တော်တွင်းပြောကြားတယ်ဆိုတဲ့နေရာမှာ မိမိနာယကကို မဏ္ဍိုင်ပြုပြီးပြောကြားဖို့ဖြစ်ပါ တယ်။ အခုလို နာမည်တွေတပ်ပြီး တိုက်ရိုက်ပြောတဲ့အတွက် မလိုလားအပ်တဲ့အချိန်ကြန့်ကြာမှု တွေ၊ ပြောဆို မှုတွေဖြစ်ပါတယ်။ ဒါကြောင့် နောက်နောင်ပြောဆိုတဲ့အခါမှာ လွှတ်တော်နာယကကို မဏ္ဍိုင်ပြုဖို့ သတိ ထားစေလိုပါတယ်’’ဟု သူရဦးရွှေမန်းကပြော ကြားသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များဘက်ကလည်း ပြဋ္ဌာန်းထားသည့် လွှတ်တော်များဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီဆွေးနွေးကြရန်လိုကြောင်းလည်း ၎င်းကပြောသည်။
မင်းဟိန်းကျော် | 7Day

မှတ်ချက်များ