အစိုးရစစ် အဋ္ဌမတန်းစာမေးပွဲ သင်္ချာမေးခွန်း ပေါက်ကြားမှု ဖြစ်ဟုဆို



မန္တလေးတိုင်းဒေသကြီး အခြေခံပညာ အဋ္ဌမတန်းစာမေးပွဲတွင် သင်္ချာဘာသာရပ်မဖြေဆိုမီ တစ်ရက်က မေးခွန်းလွှာ ကြိုတင် ပေါက်ကြားမှုဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးမြို့ ပညာရေးအသိုင်းအဝိုင်းမှ သတင်းရရှိ သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖြေဆိုရမည့် သင်္ချာဘာသာရပ် မေးခွန်းလွှာမှာ ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပသို့ ပေါက်ကြားနေပြီး မန္တလေးဒေသခံတက္ကသိုလ် ဆရာအချို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြထားခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့စစ်ဆေးကြည့်ရှုပြီးပါပြီ။ ဖေ့စ်ဘွတ်ခ်မှာ ရှယ်(ဖြန့်ဝေ)ထားတဲ့အတိုင်းပါပဲ။ မေးခွန်းက ကြိုပေါက်နေတာပါ။ မဖြစ်သင့်ဘူးပေါ့ဗျာ။ ကျောင်းစစ်တွေတုန်းကတောင် အဲဒီလိုဖြစ်လေ့မရှိပါဘူး’’ဟု မန္တလေးမြို့မှ ပုဂ္ဂလိကဆရာ ဦးလှမိုးကပြောသည်။

မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ သင်္ချာမေးခွန်းလွှာ ကြိုတင်ပေါက်ကြားနေမှုနှင့်ပတ် သက်၍ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အထက်ပါအကြောင်းကို မသိရှိကြောင်းနှင့် တာဝန်ရှိလူကြီး အပြင် သွားကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၏အခြေခံပညာ စတုတ္ထတန်း သင်္ချာဘာသာရပ်၏ အဖြေ မှန် ရွေးချယ်ရသော မေးခွန်းနံပါတ်(၁)တွင် အဖြေမှန်စာလုံး မကွဲပြားမှုကြောင့် စာမေးပွဲကြီးကြပ်သော ဆရာမများက အဖြေမှန်ကိုပြင်ဆင်ဖြေဆိုစေခဲ့ကြောင်း ကျောင်းသားများကပြောသည်။

ယခုပညာသင်နှစ်မှစတင်၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းဆုံး စာမေးပွဲများကို ခရိုင် နှင့်တိုင်းစစ် အဖြစ် စစ်ဆေးသော်လည်း အအောင်၊ အရှုံး သတ်မှတ်မည်မဟုတ်ဘဲ အောင်မှတ်မရသူများ အနေဖြင့် ပြန်လည်ဖြေဆိုရသော စနစ် ကျင့်သုံးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားထားသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တွင် ဖေဖော်ဝါရီ ၁၉ ရက်က စစ်ဆေးခဲ့သော စတုတ္ထတန်းမြန် မာစာမေးခွန်းတွင် စာလုံးပေါင်းသတ်ပုံ မှားယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး စာမေးပွဲ စနစ်များ စတင်ပြောင်းလဲကျင့် သုံးသော အချိန်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

7Day

မှတ်ချက်များ