ကိုးကန့်ဒေသလောက်ကိုင်၊ တာရွှေထန်နှင့်ကုန်းကြမ်းတို့ကို ဖုန်ကြားရှင်တပ်အင်အား ၁ဝဝဝခန့်ဝင်ရောက်တိုက်ခိုက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့နယ် တာရွှေထန်၊ ကုန်း ကြမ်းနှင့် ညံခွမ်း ဒေသများသို့ ယနေ့နံနက် ၁၁ နာရီခန့်က ဖုန်ကြားရှင် တပ်အင်အား ၁ဝဝဝ ခန့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ''ကိုးကန့်နယ်မြေကို ပြန်လည်သိမ်းပိုက်ဖို့ တိုက်ကွက် ဖော်လာတဲ့ ဖုန်ကြားရှင်အနေနဲ့ လက်ရှိအစိုးရဲ့ နိုင်ငံရေး အကျပ်အတည်း ဖြစ်မယ့် အခါအခွင့် ကို စောင့်နေပုံရတယ်။ ချုံထဲက ချိုသွေးတမြမြပေါ့။ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးအစိုးရအနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရချိန်မှာ အမျိုးသား ရင်ကြားစေ့ရေး အတွက် တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခအရေးကို အလေးထား ဆောင်ရွက်ခဲ့ ပေမယ့်လည်း အခုကိုးကန့်ကိစ္စဟာ KIA , TNLA , ABSDF အဖွဲ့လေးတွေနဲ့ ညှိနှိုင်းလို့မရတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့ ပြောရမှာ ပဲ''ဟု တပ်မတော် အငြိမ်းစား အရာရှိတစ်ဦး က လောက်ကိုင်ဒေသ၌ ဖြစ်ပေါ် နေသည့်တိုက်ပွဲများနှင့် ပတ်သက်၍ သုံး သပ်ပြောကြားသည်။

လက်ရှိအချိန်(ညနေ၃နာရီခွဲ)ထိ အစိုးရဝန်ထမ်းများမှာ တာဝန်ကျရာ ရုံးများတွင်သာ ဆက်လက် နေလျက် ရှိပြီး အခြေအနေကို စောင့်ကြည့်နေရ ကြောင်း၊ အထက်မှလည်း အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရန် ညွန်ကြား ထားကြောင်း လောက်ကိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။

''လောက်ကိုင်က တရုတ်တော်တော်များများကတော့ တရုတ်ပြည် နမ့်ဆန်ဘက်ကို ကားတွေနဲ့ အခုနေ့ လယ်ကတည်းက ရွှေ့နေကြပြီ။ ကျွန် တော်တို့ကတော့ ရုံးမှာပဲ ရင်တမမနဲ့စောင့်နေတယ်။ လာတိုက် တဲ့ဘက်က အင်အား ၁ဝဝဝ လောက်ရှိတယ်လို့ကြားတယ်။ သိန်းနီနဲ့ ကွမ်လုံဘက်ကနေ အစိုးရ စစ်ကူတပ်တွေပို့နေပြီလို့တော့ပြောတယ်''ဟု၎င်းကပြောသည်။ လောက်ကိုင်နှင့်ကုန်းကြမ်းကြား ရှော်ကိုင် လမ်းခွဲတွင် ဖုန်ကြားရှင် တပ်များက လာသမျှကားများကိုတားဆီးကာ လူများအား ဖမ်းဆီးလျက် ရှိပြီး ကုန်းကြမ်းထွေအုပ်ရုံးမှ ဝန်ထမ်းများလည်း ထိန်းသိမ်းခံရလျက် ရှိသည်ဟု သတင်းထွက်ပေါ်နေကြောင်း လောက်ကိုင်ဒေသခံများက ပြောသည်။ လက်ရှိအချိန်တွင်မိမိတို့လည်း အခြေအနေစောင့်ကြည့် နေဆဲ သာဖြစ်ပြီး တစ်စုံတစ်ရာ မပြောနိုင်သေးကြောင်း လောက်ကိုင် ထွေအုပ်ရုံးသို့ ညနေ ၃နာရီခွဲအချိန်က ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

လောက်ကိုင်ခရိုင်ရုံး-ဝ၈၂၇၂ဝ၁၂ သို့ ဆက်သွယ်မေးမြန်းရာ အထက်မှတားမြစ်ထားသောကြောင့် အဆိုပါ ကိစ္စ များအား အတည်ပြု ဖြေကြားနိုင်ခြင်းမရှိကြောင်း ဖုန်းဖြေဆိုသည့် ဝန်ထမ်းတစ်ဦးက အကြောင်း ပြန်သည်။ ''ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ရယ်၊ တိုင်းမှူး ကြီးတို့ ပေါင်းစပ်ညှိနှိုင်း နေပါတယ်။ ကျွန်တော်တို့ လာရှင်းနေတယ်။ လောလော ဆယ်အခြေအနေတော့ ဘာမှပြန်မကြားသေး ဘူး''ဟု လောက်ကိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်နီနိုင်ကပြောသည်။ ဒကစ(လောက်ကိုင်)ကွပ်ကဲမှုအောက်ရှိ တာရွှေထန်၊ ကုန်းကြမ်းနှင့် ညံခွမ်းတို့၌ စခန်းချထားသည့် ခလရ(၁၂၅)တပ်ဖွဲ့များကို ၁ဝ၅ မမ အမြောက်ပစ်ကူ သာလွန်အင်အားဖြင့် ဖုန်ကြားရှင်တပ်အင်အား ၁ဝဝဝခန့် က ယနေ့ ၁၂ နာရီခွဲခန့်တွင် တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ရာ တပ်မတော်က မဆုပ်တမ်းခုခံသဖြင့် ရန်သူများ ဆုတ်ခွာသွားကြောင်း၊ သိန်းနီရှိစကခ ၁၆တပ်များလည်း လောက်ကိုင်သို့ စစ်ကူချီတက်နေပြီ ဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ၄င်း၏လူမှုစာမျက်နှာ တွင်ဖော်ပြထားသည်။

The Union Daily

မှတ်ချက်များ