တွတ်ပီ၊ သမိန်ပေါသွပ်၊ လေးမွန်၊ ထွေးမွန်တို့ကို မေ့ကြတော့မှာလား


‘‘မရှောင်ရင်လွတ်တယ်’’ဟူသော မချိတင်ကဲအသံ၊ ‘‘ဒီနေ့ကံမကောင်းပါလား’’ဟူသော ရေရွတ်သံတို့ကိုရင်း  ရင်းနှီးနှီး အကျွမ်းဝင်ဖူးပါသလား။ အဆိုပါမေးခွန်းအတွက် သက်ကြီးပိုင်းနှင့် သက်လတ်ပိုင်းလူတော်တော် များထံတွင် ‘‘တွတ်ပီလေ’’ဟူသော ပြုံးစိစိနှင့် အဖြေတစ်ခုရှိပါသည်။ သို့ရာတွင် (၁၀)နှစ်အောက်ကလေး အများစုကတော့ ဘာပြောနေတာလဲဟု ပြန်မေးချင်မေးလိမ့်မည်။

လွန်ခဲ့သောခေတ်များဆီက ကလေးတို့၏ဘ၀ကို လွှမ်းမိုးခဲ့သော မုဆိုးကျော်တွတ်ပီမှာ ရုပ်ပြကာတွန်းစာ အုပ်ထဲမှ ဇာတ်လိုက်ကျော်တစ်ဦး ဖြစ်ပါသည်။ လက်တွေ့ဘ၀တွင် တကယ်တမ်းမရှိခဲ့သော ကာတွန်း ဇာတ်ကောင်များက ကလေးငယ်တို့၏ အသည်းစွဲသူရဲကောင်းများ ဖြစ်ခဲ့ပါသည်။

သို့ရာတွင် ကာတွန်းစာအုပ်ကို ရှေ့ချကာ တခွိခွိနှင့် မျက်စိမဖွင့်တမ်း ရယ်နေသော ကလေးငယ်တစ်
ယောက်၏ပုံရိပ်မှာ ပြောင်းလဲလာသည့် လူနေမှုပုံစံများအတွင်း ရှေးဟောင်းပစ္စည်းတစ်ခုနှင့် ပို၍တူလာ သည်။ တိုးတက်လာသော သတင်းနှင့် နည်းပညာခေတ်တွင် တစ်နေ့ငှားရမ်းဖတ်ခ ကျပ်တစ်ရာဟူသော ကာတွန်းစာအုပ်နောက်ကျောဖုံးက စာတန်းလေးနှင့် ကလေးငယ်များကြားတွင် ရင်းနှီးမှုမရှိတော့။ တွတ်ပီ၊ သမိန်ပေါသွပ်၊ လေးမွန်ထွေးမွန်၊ ရွှေဂေါင်းပြောင်၊ အရိုင်းတို့နေရာတွင် ရုပ်သံမီဒီယာနှင့် ဂိမ်းများမှ ဘန် တန်း၊ စပိုက်ဒါမန်း၊ မီနီယွန်စသော ဇာတ်ကောင်များက နေရာယူလာသည်။

‘‘ကျွန်တော်တို့ ငယ်ငယ်ကတော့ ကာတွန်းစာအုပ်ဆိုတာ အသည်းစွဲပေါ့ဗျာ။ ဘယ်ရမလဲ မုန့်ဖိုးရပြီဆိုတာနဲ့ ကာတွန်းစာအုပ်ဆိုင် တန်းပြေးကြတာ မှတ်မိသေးတယ်။ ဖီးကြမ်းသီးမွှေးတို့၊ ဒီလုံးတို့၊ ရွှေဂေါင်းပြောင်တို့ လေ။ အကြိုက်ဆုံးကတော့ သမိန်ပေါသွပ်ပဲ’’ဟု အသက်(၃၀)ခန့်ရှိ ပြင်သစ်ဘာသာဧည့်လမ်းညွှန် ကိုထွေးကျော်က ပြုံးရင်းပြောသည်။ ‘‘ဒီခေတ်ကလေးတွေကတော့ စာအုပ်ဖတ်ပြီး အားရပါးရရယ်ရတယ်ဆို တာ ဘာမှန်းတောင်သိမှာမဟုတ်ပါဘူး’’

ငယ်စဉ်က ဒူးထောင်ပေါင်ကားပြီး ကာတွန်းဖတ်ဖူးသူတိုင်း၊ အငှားဆိုင်ကို အပြေးအလွှားသွားဖူးသူတိုင်း တွင် ကိုယ်ပိုင်ကာတွန်းဇာတ်လိုက်ကျော်များ ရှိပါသည်။ နေ့စဉ်စာအုပ်အငှားဆိုင်ထဲတွင် မွှေနောက်ရှာဖွေခဲ့ ရသည့် အသည်းစွဲဇာတ်ကောင်များရှိပါသည်။

စာအုပ်အသစ်မထွက်မချင်း ကာတွန်းအဟောင်းများကို ထပ်တလဲလဲ ပြန်ဖတ်ကြသော်လည်း လတ်ဆတ်
နေဆဲ အရသာကို ကာတွန်းချစ်သူတိုင်း သိပါလိမ့်မည်။ ကာတွန်းဝါသနာအိုးတိုင်းတွင် ထိုကဲ့သို့ တူညီသော အမှတ်တရများ ရှိသည်သာ။ ယခုခေတ် ကလေးငယ်များကြားတွင် ထိုကဲ့သောဓလေ့ကို မတွေ့ရတတ်
တော့။

ရွေးချယ်စရာ ဖျော်ဖြေရေး အများအပြားရှိနေသည့် နည်းပညာခေတ်ကြီးထဲတွင် ကလေးငယ်တို့၏ ရုပ်ပြ ကာတွန်းအပေါ် စိတ်ဝင်စားနစ်ခြိုက်မှုမှာ သိသာစွာလျော့ကျသွားသည်။ ၂၀၀၈ နောက်ပိုင်းမှစ၍ စာအုပ် အငှားဆိုင်လေးများ အသက်မဲ့ခဲ့သလို ကလေးရုပ်ပြကာတွန်းဈေးကွက်မှာလည်း ချွတ်ခြုံကျခဲ့သည်။

ကလေးငယ်များ ကာတွန်းမဖတ်တော့သလို ကလေးဖတ်ကာတွန်းကို ပိုင်နိုင်စွာရေးဆွဲနိုင်သူများလည်း ရှားပါးလာသည်။ ကာတွန်းများက ကာတွန်းမပီသတော့။ ‘‘လက်ရှိ မြန်မာပြည်မှာ လုံးချင်းကာတွန်းစာအုပ်
ရေးနေတဲ့ ဆရာတွေ လက်ငါးချောင်းမပြည့်ဘူး။ တစ်လနေလို့ထွက်တဲ့ ကာတွန်းစာအုပ်ကလည်း လက် ဆယ်ချောင်းမပြည့်ဘူး’’ဟု ကိုတင့်တို့ရပ်ကွက် ရုပ်ပြကာတွန်းဖန်တီးရှင် ကိုရွှေထူး(ပြည်)က ပြောသည်။

‘‘ဆရာသော်ကရဲ့ အရိုင်းတို့၊ ဦးရှံစားတို့၊ ကျော်စံကေးရဲ့ ဦးပြောင်ရှင်းတို့လို အရင်က ကာတွန်းအဟောင်း
တွေ ဒီခေတ်ကလေးတွေကို ဖတ်စေချင်လိုက်တာ’’

ကာတွန်းစာအုပ်ကို မည်သည့်အသက်မှစ၍ ဖတ်ရမည်ဟု အကြံပြုပြောရန် ခက်ခဲပါသည်။ သို့သော် စာစ ဖတ်လျှင် ကာတွန်းမှစ၍ ဖတ်ပါဟူ၍ တစ်ထစ်ချပြောနိုင်ပါသည်။

‘‘ကလေးအရွယ်မှာ ကာတွန်းစဖတ်ခြင်းဖြင့် ကလေးငယ်များ တွေးတတ်လာမယ်၊ ရေးတတ်လာမယ်၊ လူစွမ်းကောင်းတွေကို အားကျတတ်လာမယ်၊ ဇာတ်လမ်းတွေရဲ့ မြှုပ်ကွက်ကို မြင်တတ်လာမယ်၊ သမိုင်းနဲ့ ကျိုးကြောင်းဆက်စပ်တွေးတတ်လာမယ်၊ လူမှုဆက်ဆံရေးကောင်းလာမယ်၊ စာဖတ်ကျင့်မွေးမြူပြီးသား ဖြစ်လာမယ်’’ဟု အင်္ဂလိပ်လူမျိုး စာရေးဆရာမ Lauren Perry က ရေးသားဖော်ပြဖူးသည်။

တစ်ချိန်က မြန်မာ့ကာတွန်းကောင်းများသည် ကလေးများအတွက် ထိုအချက်များနှင့် ပြည့်စုံလွန်းခဲ့ပါသည်။ ‘‘အရိုင်း’’ကဲ့သို့သော လူစွမ်းကောင်းကာတွန်း ‘‘ရွှေဂေါင်းပြောင်’’၊ ‘‘သမိန်ပေါသွပ်’’ကာတွန်းများက ကလေး များကို လူဆိုးနှင့် လူကောင်းကို ခွဲခြားပေးလိမ့်မည်။ အဖြူနှင့်အမည်းကို သဲကွဲစေလိမ့်မည်။ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ စိန်မျောက်မျောက်၊ မောင်တီထွင်၊ ဘိုဘိုကဲ့သို့ ကာတွန်းများက ကလေးများအပေါ် ဖန်တီးချင် စိတ်နှင့် ဆန်းသစ်ချင်စိတ်ရှိလာစေလိမ့်မည်။

လေးမွန်၊ ထွေးမွန်၊ ကိုတင့်တို့ရပ်ကွက်၊ ပိုးဇာ၊ တာရာပွကြီး၊ ဦးကပ်စေးတို့လို ကာတွန်းများကလူ မှုဆက် ဆံရေးနှင့် ကျိုးကြောင်းဆက်ဆံရေးအတွက် အထောက်အကူပြုနိုင်သည်။ ကာတွန်းအားလုံး၏ တူညီသော အချက်ကတော့ ပြုံးရယ်စေနိုင်ခြင်းပင် ဖြစ်သည်။

‘‘ကလေးတစ်ယောက်ရဲ့ စာရိတ္တဟာ ကာတွန်းစာအုပ်တွေနဲ့ တိုက်ရိုက်အချိုးကျနေတာ။ အရည်အသွေး
ကောင်းတဲ့ ကာတွန်းစာအုပ်တွေက ကလေးတွေအတွက် တကယ်လိုအပ်တဲ့အရာပဲ’’ဟု အသက်သုံး ဆယ်အရွယ်ရှိ ကလေးတစ်ဦး၏ မိခင်က ပြောသည်။ ‘‘ကလေးတွေ ကာတွန်းစာအုပ်ဖတ်ဖို့ တကယ်လို တာ’’ဟု ၎င်းကဆက်လက်ပြောသည်။

(၁၀)နှစ်အရွယ် ကလေးတစ်ဦး၏ဖခင် ကိုစိုးမိုးခန့်က ‘‘အရင်တုန်းကတော့ အိမ်ကသားက ကာတွန်းစာ အုပ်ဖတ်လေ့ရှိပါတယ်။ နောက်တော့ ကိုယ်တွေလည်း မအားတာနဲ့ သွားမငှားပေးဖြစ်တော့ အိမ်က ဖုန်းဂိမ်းကိုပဲ ဆော့တယ်’’ဟု ပြောသည်။

ကလေးများအတွက် သီးသန့်ကာတွန်းမရှိတော့သလို ကလေးမိဘများကိုယ်တိုင်ကလည်း စာမဖတ်ကြ သဖြင့် မိမိကလေးအတွက် အချိန်ပေးကာ ကာတွန်းဖတ်ရန် မတိုက်တွန်းကြတော့ကြောင်း ကာတွန်း ၀င်းအောင်ကပြောသည်။ ‘‘ကာတွန်းဆိုတာကို မိဘတွေကိုယ်တိုင်ကိုက အချိန်ပေးပြီး ဖတ်ခိုင်းသင့်မှန်း နားမလည်ကြတော့ဘူး။ ကာတွန်းစာအုပ်ဖတ်တဲ့အကျင့်ရှိမှ အဲ့ဒီကလေးကြီးလာရင် စာဖတ်မှာ’’ဟု ၎င်း ကပြောသည်။

ယခုခေတ် (၁၀)နှစ်အောက် ကလေးငယ်တစ်ဦး ကာတွန်းစာအုပ်ကို တကူးတကသွားငှားဖို့ နေနေသာသာ မြန်မာကာတွန်းနာမည်များကိုပင် မသိတတ်နိုင်တော့ ‘‘ကာတွန်းဆိုရင် တေဇကာတွန်းစာစောင်ထဲက ‘‘ဂူဖီး’’ကို ကြိုက်တယ်’’ဟု မြောက်ဥက္ကလာပမြို့နယ်မှ အသက်(၉)နှစ်အရွယ် မင်းထက်ပြည့်ပြောသည်။

ကလေးများအတွက် အဆင့်မြင့်ရုပ်ပြကာတွန်းတွေ ထုတ်ချင်သော်လည်း ယခင်ကလို ပညာရှင်တွေ နည်းလာ၍ အခက်အခဲဖြစ်လာကြောင်း စိတ်ကူးချိုချိုစာအုပ်တိုက်မှ ဦးစန်းဦးကပြောသည်။ ‘‘အရင်လိုမျိုး ကိုယ်ပိုင်ထုတ်နိုင်တဲ့ လူတွေနည်းလာတော့ အခုလုပ်နိုင်တာက နိုင်ငံခြားစာအုပ်တွေကို ဘာသာပြန်တာပဲ လုပ်နိုင်တော့တယ်’’ဟု ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ ကလေးကာတွန်း ဈေးကွက်အခက်အခဲကြောင့် ပြည်တွင်းမှ ကာတွန်းဆရာများ နိုင်ငံခြားမှ ကာတွန်းစာအုပ်လုံးချင်းများကို အခကြေးငွေယူကာ ဆွဲပေးရသည့် ဈေးကွက်အမှန်ပင်ရှိနေကြောင်း ဘိုဘိုနှင့် အီးတီဇာတ်ကောင်ပိုင်ရှင် ကာတွန်းမင်းဇော်ကပြောသည်။

‘‘ကလေးတွေက ကာတွန်းဖတ်မယ့်အစား ကာတွန်းကားပဲ ကြည့်တော့တယ်။ စာအုပ်ငှားခတစ်ရာ ပေးမယ့် အစား ဂိမ်းတစ်ရာဖိုး သွားဆော့ကြတယ်’’ဟု ၎င်းကပြောသည်။

ဖွံ့ဖြိုးလာသော အခြားမီဒီယာများကို မြန်မာကာတွန်းများ၊ ကာတွန်းဆရာများ ကြံ့ကြံ့မခံနိုင်ခဲ့ပါ။ ကလေး များဖတ်စရာ ကာတွန်းကောင်းများ ရေးဆွဲမည့်အစား ဈေးကွက်နောက်ကိုလိုက်ပြီး ညံ့ဖျင်းသော ကာတွန်း များဆွဲနေရသည်ဟု ကာတွန်းမင်းဇော်ကပြောသည်။ ‘‘ကျွန်တော်တို့လည်း ကလေးတွေအပေါ် တာဝန် မကျေခဲ့ဘူးဗျာ’’

ကာတွန်းဈေးကွက်တစ်ခုလုံးမှာ ယိုင်နဲ့နဲ့ ရှေ့ဆက်နေရပြီး ကလေးကြိုက်ကာတွန်းများကို နှစ်လတစ်ကြိမ်မှ သာ ထုတ်ဝေနိုင်ကြောင်း လောကနတ်စာပေမှ ထုတ်ဝေမှု သက်တမ်းအနှစ် ၂၀ ခန့်ရှိ ထုတ်ဝေသူကို သိန်းဇော်က ပြောသည်။ ‘‘အရင်က ကာတွန်းဆိုတာ တစ်ပတ်နှစ်အုပ်လောက် ထွက်နေကျဗျ။ အခုတော့ နှစ်လတစ်အုပ်တောင်မှ ကံကောင်းလို့’’ဟု ၎င်းကပြောသည်။

၁၉၇၀ နှစ်များက ကာတွန်းအောင်အောင်၏ ရွှေဂေါင်းပြောင်၊ ကာတွန်းဦးဘကြည်၏ ဇာတ်ကြီးဆယ်ဘွဲ့၊ ဆရာဦးဖေသိန်း၏ သုံးဆယ့်ရှစ်ဖြာ ရုပ်ပြကာတွန်းများက ကာတွန်းရွှေခေတ်ကို အစပျိုးပေးခဲ့ပြီး ၁၉၈၀ နောက်ပိုင်းမှစ၍ ဆရာသော်က၏ အရိုင်း၊ ဆရာဦးအောင်ရှိန်၏ ဦးကပ်စေး၊ ဦးစိတ်တိုနှင့် မျောက်ညို၊ ဆရာဆွေမင်း (ဓနုဖြူ)၏ မြိုင်ရာဇာတွတ်ပီ၊ ကျောစံကေး၏ ကွက်ကျော်ကွက်ကျားတို့၏ အောင်မြင်မှုက လည်း ဆယ်စုနှစ်တစ်ခုကြာခဲ့သည်။

တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့် ကာတွန်းဇာတ်ကောင်များဖြစ်သော သမိန်ပေါသွပ်၊ တွတ်ပီ၊ လျှပ်စီးဇာတ်လိုက်ကျော်များ၏ ဖန်တီးရှင် မောင်ဝဏ္ဏနှင့် ဆွေမင်း (ဓနုဖြူ)တို့ ကွယ်လွန်သွားခဲ့ သည်ကလည်း ကာတွန်းလောကကို ပို၍အားနည်းသွားစေသည်။

အစားထိုးလာသော ကာတွန်းကားများ၊ တီဗီဂိမ်းများနှင့် လက်ကိုင်ဖုန်းများကြောင့် ကလေးငယ်များ စာအုပ် ကိုင်ရန် ၀န်လေးလာကြကြောင်း ကာတွန်းရေးသူများ၊ ဖြန့်ချိသူများ၊ စာအုပ်အငှားဆိုင်များအားလုံးက တညီတညွတ်တည်း ဆိုကြပါလိမ့်မည်။ နည်းပညာသုံးဖျော်ဖြေရေးများက ကာတွန်းစာအုပ်များကို ဈေးကွက်အတွင်းမှ မောင်းထုတ်ခဲ့ကြသည်။ ကာတွန်းဖတ်သူကလေးငယ်ကလည်း မရှိသလောက်ပင်။

‘‘တစ်ရက်နေလို့ ကာတွန်းလေးအုပ်လောက်ငှားရရင် ကံကောင်းလို့ပဲ။ နွေရာသီကျောင်းပိတ်မှ နည်းနည်းငှားရတာ’’ဟု ကမာရွတ်မြို့နယ်ရှိ ‘‘ခိုင်’’ စာအုပ်အငှားဆိုင်မှ မသီရိလှိုင်ကပြောသည်။

လစဉ်ပုံမှန်ထုတ်ဝေနိုင်သော ကာတွန်းစာအုပ်တိုက်ဆိုသည်မှာ လုံးဝမရှိတော့ဘဲ တစ်လရောင်းချရသည့် ကာတွန်းစာအုပ်ကလည်း ဆယ်အုပ်သာသာဟု ကလေးကာတွန်းများစွာ လက်လီလက်ကား ဖြန့်ချိနေသော ပန်းရွက်ဝေစာအုပ်တိုက်မှ ကိုသန့်စင်ကပြောသည်။ ‘‘နယ်တွေ၊ တောဘက်တွေမှာတော့ ကာတွန်းစာ အုပ်ရောင်းရသေးတယ်။ သူတို့ဘက်က မီးမှမမှန်တာ။ လျှပ်စစ်မရှိတော့ ကာတွန်းပဲ ဖတ်ကြတာ’’ဟု အရယ်တစ်ဝက်ဖြင့် ကိုသန့်စင်ကပြောသည်။

ယခင်ခေတ်က ကာတွန်းလက်ရာဟောင်းများမှာလည်း ရှာဖွေဖို့ခက်သည့်အပြင် ဈေးကွက်အတွင်းမှ ပျောက်ကုန်ကြသည်။ စာအုပ်အရောင်းဆိုင်များတွင်လည်း နိုင်ငံတကာကာတွန်းများက အစားထိုး ၀င်ရောက်လာကြသည်။ ကလေးများအတွက် လူစွမ်းကောင်းတွေက ပင့်ကူလူသားနှင့် လင်းနို့လူသားတွေ ဖြစ်ကုန်ကြသည်။ ‘‘အဲဒီနိုင်ငံက ဘာသာပြန်လူစွမ်းကောင်းကာတွန်းတွေက ဖျော်ဖြေမှုသက်သက်ပဲ ပေးနိုင်မယ်။ ဗမာကလေးတွေ တကယ်လိုအပ်တဲ့အရာတွေကို အဲဒီကာတွန်းတွေဆီက ဘယ်လိုမှမရနိုင် ဘူး’’ဟု ကာတွန်းဝင်းအောင်ကပြောသည်။

‘‘မြန်မာတွေရေးတဲ့ မြန်မာ့ကာတွန်းတွေကမှ ကလေးတွေရဲ့ ယဉ်ကျေးမှုနဲ့စာရိတ္တကို လွှမ်းမိုးနိုင်မှာ အင်္ဂလိပ်စာနေရာမှာ မြန်မာလိုပြောင်းလိုက်တာနဲ့ မြန်မာကာတွန်းဖြစ်လာမှာ မဟုတ်ဘူးဗျ’’ဟု ၃၁ လမ်းရှိ စာအုပ်အဟောင်း အရောင်းအ၀ယ်ပြုလုပ်သည့်ဆိုင်မှ ကိုရဲထွဋ်က လက်ရှိကာတွန်းဈေးကွက်တွင် နိုင်ငံခြားကာတွန်းများကို ဘာသာပြန်ထုတ်ဝေမှုနှင့် ပတ်သက်၍ ပြောသည်။

‘‘နိုင်ငံတကာက နာမည်ကြီးနေတဲ့ စာအုပ်ကြီးတွေ၊ ဟိုအရင်က ဂန္တ၀င်စာအုပ်ကြီးတွေကို ခင်ဗျားပိုက် ဆံများများပေးရင် ၀ယ်လို့ရတယ်ဗျ။ အခုနေများ ခင်ဗျားငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကာတွန်းစာအုပ်လေး ခင်ဗျား သားသမီးတွေဖတ်ဖို့ လိုက်ရှာလို့ရမှာ မဟုတ်တော့ဘူး’’ဟု ၎င်းကပြောသည်။

ဟိန်းသာ | 7day

မှတ်ချက်များ