ပညာရေးမသမာမှု


ပညာရေး မသမာမှုဟူသည် ရာဇ၀တ်မှု လိုပင်အရေးပါ၍ ပညာရေး ရာဇ၀တ်မှုဟု ပညာရေး နယ်ပယ်က သတ်မှတ်သည်။ ပညာရေးတွင် မိဘပြည်သူတို့ သိသင့်သိထိုက်သည့် ပညာရေး ရာဇ၀တ်မှုတို့ အကြောင်း နိဒါန်းမျှသာ ချီလိုခြင်းဖြစ်ပါသည်။

ပညာရေးမသမာမှုများမှာ (၁) စာမေးပွဲခန်းတွင် မသမာခြင်း၊ (၂) မေးခွန်းပေါက်ကြားခြင်း၊ အဖြေလွှာမသ မာစစ်ဆေးခြင်း၊ (၃) အမှတ်လိမ် လည်/ မှားယွင်းသွင်းခြင်း၊ (၄) ကျောင်းပြောင်းလက်မှတ် (TC)ထုတ်ပေး ခြင်း/ ထုတ်မပေးခြင်း၊ (၅) ကျောင်းဆရာ/မများ ကျူရှင်ပြခြင်း၊ (၆) ပညာရေးဝန်ထမ်းခန့်ထား/ ပြောင်းရွှေ့ ရာတွင် လာဘ်ယူခြင်း၊ (၇) ပညာ ရေးဘတ်ဂျက်များ မမှန်မကန်သုံးစွဲခြင်း စသည်တို့ဖြစ်သည်။

ထိုပညာရေး မသမာမှုတို့သည် မဆလခေတ်တွင် ရှားရှားပါးပါး ဖြစ်ပွားခဲ့သော်လည်း ဦးစောမောင်၊ ဦးသန်းရွှေအုပ်ချုပ်သည့်ခေတ်တွင် ပညာရေးဝန်ထမ်း အများစုအဖို့ ထမင်းစားရေသောက် တမျိုးမဟုတ် တမျိုး လွယ်လွယ်ကူကူ ချိုးဖောက်ခဲ့ကြသည်။ ဤမသမာမှုတို့သည် ဟီရိသြတ္တပ ရှက်ကြောက် စရာကိစ္စဟု မသတ်မှတ်နိုင်တော့ဘဲ ကိုယ်အကျိုးရှိဖို့ဆိုလျှင် ပြုအပ်သည့် အရာဟုပင် ရဲရဲလက်ခံယုံကြည်ခဲ့ကြပြီး ယခု တိုင် ထိုခံယူချက်မှန်ကန် သည်ဟု ယုံကြည်သူတို့ ရှိနေဆဲဖြစ်သည်။

စာမေးပွဲခန်းမတွင် စာခိုးချခြင်းသည် စာဖြေလူငယ်တို့၏ မသမာမှုဟုဆိုနိုင်သော်လည်း စာဖြေသူတို့ ရဲတင်းအောင်လေ့ကျင့်ပေးလိုက်သူများမှာ စနစ်နှင့် ပညာရေးတာဝန်ရှိသူတို့ဖြစ်သည်။ စာခိုးချမသမာမှု သည် န-၀-တ၊ န-အ-ဖ ခေတ် (၁၀)စုနှစ်တခုကျော်မျှ ပေါ်ပေါ်ထင်ထင်ဖြစ် ခဲ့ပြီး ယခုအသက်(၄၀)အောက်
 နိုင်ငံ့ဝန်ထမ်းများ၊ မူ၊ လယ်၊ ထက်၊ တက်္ကသိုလ်ဆရာများပင် ကျောင်းသားဘ၀က မကင်းခဲ့ဟု အတွင်းသိကိ စ္စမို့ ရွှေမောက်သားပြောနိုင်ပါသည်။ (ကျွန်တော်/ကျွန်မ)က ခိုးမချဘဲ အောင် လာတာပါဟု လိပ်ပြာသန့် စွာပြောရဲသူများပင် မိမိတို့ခေတ်မှာ ခိုးကူးခဲ့သူ တွေရှိသည်ကိုတော့ ၀န်ခံရဲရမည်။

သိသာထင်ရှားခဲ့သည့်ကာလမှာ ၁၉၉၂ မှ ၂၀၀၅ ထိ။ မှတ်မှတ်ရရ ၂၀၀၅ (၁၀)တန်းစာမေးပွဲဖြေအပြီး ကလေး တို့နှင့် ပုဂံသွားသည်။ နုနယ်သောတပည့်တို့၏တူညီပင်နီဝတ်စုံ စွဲဆောင်မှုကြောင့် ပြင်သစ်အမျိုး သမီးက ဧည့်လမ်းညွှန်မှတဆင့် မိတ်ဆက်သည်။ (၁၀)တန်းကျောင်းသူတွေမှန်း သိသောအခါ စာမေးပွဲကို ခိုးဖြေသလားဟုမေးခွန်းကို ဧည့်လမ်းညွှန်မှတဆင့် မေးသည်။ တပည့်တို့ က No ဟု ဖြေသောအခါ ပြင် သစ်အမျိုးသမီးကြီးက ချီးကျူးစကားဆိုပြီး သူတို့ဇနီးမောင်နှံက ပြင်သစ်ဘောပင်များ လက်ဆောင်ပေးသည်။ ဧည့်လမ်းညွှန်က သူတို့မန္တလေးမှလာခဲ့ကြောင်း၊ လမ်းမပေါ်တွင် (၁၀)တန်း စာဖြေသူများ၏ ကူးချစာရွက် များ ပြန့်ကျဲနေ၍ Tourists များသိနေကြောင်း ရှင်းပြသည်။

ဤဖြစ်ရပ်ပြောခြင်းမှာ ရွှေမောက်သားနှင့် ရွှေမောက်သား တပည့်တို့ဂုဏ်ကို ဖော်နေခြင်းမဟုတ်။ ဤပညာရေးမသမာမှုကို မြန်မာသာမက ကမ္ဘာကလည်း သိနေသောကိစ္စဖြစ်ကြောင်း တင်ပြလိုခြင်းသာ။ ရွှေမောက်သား ဘော်ဒါနေတပည့်တယောက် Potassium ကို K ဟုမသိ P ဟု ဆိုသူ၊ Sodium ကို NA ဟုမသိ S ဟုဆိုသူ ယခု တက္ကသိုလ်မှာ နည်းပြဖြစ်နေသည်။ သူသည် (၁၀)တန်းကို မရိုးမသားအောင် ခဲ့သူ။ Msc ဘယ်လိုရကာ တက္ကသိုလ်ဆရာ ဘယ်လိုဖြစ်သွားသနည်း ဆရာလူထုစိန်ဝင်း ၁၉၉၈ ထုတ် “ရှက်စိတ်”မှ သူ့တပည့်မလေး ရင်ဖွင့်သံကြားလျှင် ရွှေမောက်တပည့်တက္ကသိုလ်ဆရာ ဘယ်လိုဖြစ်သွား သည်ကို သဘော ပေါက်ပါမည်။

၁၉၈၈-၈၉ ပညာသင်နှစ်သည် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြောင့် ကျောင်းအားလုံးပိတ်သည်။ ၁၉၈၉-၉၀ အခြေခံကျောင်းတို့ ပြန်ဖွင့်သောအခါ မ-၀-တ ဥက္ကဋ္ဌအတွင်းရေးမှူးကလေးတို့ကို အခန်း စောင့် ဆရာတွေ မတို့၊ မထိရဲ။ ထိုကလေးတို့အပါအ၀င် ဆက်စပ်သူများ စာဖြေမသမာမှုပြုသောအခါ အစောင့်ဆ ရာတို့ မသိကျိုးကျွံပြုခဲ့ကြသည်။ သည်မှာ ကျန်ခွပ်ဒေါင်းကလေးတို့ အသံတွေက ပိတ်မရ။ သူတို့ (မ၀တ ဥက္ကဋ္ဌ/အတွင်းရေးမှူးကလေးများ)ကျတော့ “ဟို”ဆရာက မဖမ်းဘူး၊ “သည်”ဆရာက လွှတ်တယ်၊ “အဲ”ဆရာက ကူတောင်ကူတယ် စသည့် အသံတွေထွက်လာသည်။

ကဲသည်လိုဆိုလျှင် သူ“မဲ”လျှင် ကိုယ်“မီးသွေး”၊ သူ“ခိုး”လျှင် ကိုယ်“ကူး”၊ သူ“ယူ”လျှင် ကိုယ်“နှိုက်”၊ သူ“စ”လျှင် ကိုယ်“ချ”၊ သူ“လစ်”လျှင် ကိုယ်လည်း“လစ်”၊ တနှစ် တနှစ် နှစ်တွေ ၂ ကြိမ်ကျော် ပြီးနောက် မြို့ကြီးမှ မြို့လေး၊ မြို့လေးမှ တော ဟောတယောက်တယောက် ခိုးဝှက်ရမှာကို မရှက်မကြောက်သော လူငယ်ကလေးများကို မွေးဖွားခဲ့ကြသည်။ မင်းမှငါ၊ ငါမှသူ၊ ရဲသူ (၁၀)တန်းအောင်၍ “ရဲအောင်”ခေတ်ကို ၁၉၈၉-၉၀ စာမေးပွဲမှာ မျိုးစေ့ချ။ ၁၉၉၁-၉၂ မှာ အပင်ပေါက်သန်။ ၁၉၉၃-၉၄ မှာတော့ အသီးအပွင့်တို့ဝေ။ သည်နောက်တော့ မျိုးဆက်၍ ပွားတော့သည်။ ကောင်းစွာစိုက်ပျိုးခဲ့သူများက (၁၀)တန်းစောင့် ဆရာ/မ များ။ သည်လိုအပင်ရှင်သန်ကြီးထွားဖို့ အားပေးသူများက ဦးသန်းရွှေခေတ် ပညာရေးဝန်ကြီးမဟုတ်သော ဌာနအ သီးသီးက ၀န်ကြီးများ။

ပညာရေးအတွက် ပညာရေးဝန်ကြီးက အားမထုတ်ရ။ လယ်/ဆည် ၀န်ကြီးက၊ လျှပ်စစ်ဝန်ကြီးက၊ သစ်တောဝန်ကြီးက၊ စက်မှုဝန်ကြီးက၊ . . . ၀န်ကြီးက။ သူတို့အပိုင်စားရသော နယ်တွေမှာ စာသင်နှစ်တနှစ်ပြီး လင် ပ-ဒု-တ ရသည့် ကလေးများနှင့် ဂုဏ်ထူးရကလေးများကို နှစ်စဉ် ဆုလာချီးမြှင့်သည်။ မလုပ်အပ်သောအလုပ်ကို လုပ်ဆောင်ကြခြင်း။

န-အ-ဖ ခေတ်က ရွှေမောက်မြို့ဆိုလျှင် စက်မှုဝန်ကြီးဦးအောင်သောင်း၏ အပိုင်စားမြို့ဖြစ်သည်။ သူ့အနေနှင့် သူ့ခရိုနီအစု ထောင်မြင်ရာစွန့်ငွေများဖြင့် အ-ထ-ကတွင် ကွန်ပျူတာများ တပ်ဆင်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်နေသွားခဲ့သည့် ဒီပင်္ကရာစာသင်တိုက် နှစ် (၅၀)ပြည့် အထိမ်းအမှတ် ဗိမာန်တော်ကြီး ဆောက်လုပ်စဉ်နှင့် ကြုံကြိုက်ရာ ဘိလပ်မြေများ ကူညီစောင်မခြင်းကလည်း ကြံ့ဖွံ့အသင်းဝင်စုဆောင်းဖို့ ခွင်ဖြစ်ခဲ့သည်။ ဗိမာန်တော်ကြီးတည်ဆောက်မှု ဦးအောင်သောင်း စစ်ဆေးစဉ် ကျောက်ဝိုင်းအတွင်း ဆရာတော်ကြီးနှင့်အတူ ဖိနပ်စီး၍ လျှောက်လှမ်းခဲ့သည်။ ဗုဒ္ဓဘာသာဝင် ၀န်ကြီးဦးအောင်သောင်း သူ့သမိုင်းသူရေးခဲ့သော ဓာတ်ပုံသည် ယခုတိုင် ဗိမာန်တော်ကြီးအောက်ထပ်မှ ကြည့်ရှုနိုင်သည်။

ဝန်ကြီးဆုပေးပွဲတွင် လက်ပါးစေပညာရေးဝန်ထမ်းတို့က ဘင်ခရာ နှင့် ကောဇောခင်းကြိုရသည်မှာ မမောနိုင်ကြ။ ကလေးတို့မှာ မလာခင် တပတ်နှစ်ပတ်ကတည်းက တီးမှုတ်လေ့ကျင့် စာသင်ပျက်ခဲ့ကြ။ ထိုကြံ့ဖွံ့ ဆရာတို့အဖို့ ၀န်ကြီးတာဝန်က တိုင်းပြည်တာဝန်ထက်ကြီးခဲ့ရသည်။ ရွှေမောက်မြို့၏ တခုတည်းသော အ-ထ-က ဆရာ၊ ဆရာမတို့မှာ အာစရိယဂုဏောအနန္တောပျောက်၍ ၀န်ကြီးဂုဏောအနန်တော ရောက်ခဲ့ရသည်က ၀န်ကြီးကို ဆရာ/မတို့ ကန်တော့ခဲ့ခြင်း ဓာတ်ပုံက သက်သေ။

ထိုပုံကိုလည်း ၀န်ကြီးကျောင်းဝင်းထဲ ဖိနပ်စီးပုံနှင့်အတူ ဗိမာန်တော်ကြီးအောက်မှာ အမှတ်တရ ကြည့်နိုင်ပါသေးသည်။၂၀၀၆ က စာမေးပွဲစနစ် ပြန်လည်တင်းကျပ်မှု စလိုက်သောအခါ ဂုဏ်ထူးနှင့် အောင်ချက်ကျသွားရာ ၀န်ကြီးက “ဒီနှစ်တော့ မချောင်လို့ ဂုဏ်ထူးအရနည်းသွားတယ်ထင်တယ်”ဟု ပြောသည်ထိ။ ပြီးခဲ့သည့် ၈-၁၂-၂၀၁၄ ရက်ကပင် ဦးအောင်သောင်း ဆုပေးပွဲအခမ်းအနား လုပ်ခဲ့သေးသည်။

မသမာမှုကို တာဝန်ရှိသူတို့က မရှက်မကြောက်လုပ်လာကြသောအခါ စာဖြေသူကလေးတို့ စည်းပေါက် ခဲ့ကြသည်။ ယခု ထိုကလေးတို့သည် ပညာရေးနယ်ပယ်နှင့် အခြားအလုပ်ခွင်နယ်ပယ်တွေမှာ လူရာဝင်နေကြပြီ။ ဦးဆောင်နေသူကို သူတို့ ရောက်ကြဦးမည်။ ရင်မမောပါနှင့်။ ကလေးတို့ကို အပြစ်မဆိုပါနှင့်။ အပြစ်က အုပ်ချုပ်ရေးစနစ်နှင့် ပညာရေး တာဝန်ရှိသူတွေပင်။ အသက် ၄၅ နှစ်အထက် သန့်သန့်စင်စင်နှင့် အတန်းအောင်လာကြသော ရွှေမောက်သားတို့ပင် စာမေးပွဲခိုးဖြေစနစ်ကို သွယ်ဝိုက်၊ တိုက်ရိုက် အားပေးခဲ့၊ အားပေးနေကြဆဲ။

ရှစ်ဆယ့်ရှစ် မဆလခေတ်အပျက် လမ်းစဉ်လူငယ်၊ သမပျက်တို့မှ တချို့ ဆရာဖြစ်လာကြရာ သူတို့သားသ မီးတွေနှင့်မကင်းသူတွေအတွက် ပညာရေးမသမာမှုလုပ်ဖို့ရာ အံဝင်ခွင်ကျခဲ့ပုံကိုသိရလျှင် သာမန်မပြည်သူ တို့ သားသမီးများဘ၀က နာကျင်စရာ။ ရွှေမောက်သားလယ်အုပ်လုပ်စဉ် လမ်းစဉ်လူငယ် အတွင်းရေးမှူးမှ လာသူက အ-လ-ပြ။ နောက် သူက ဖ-လ-ဖ ကျွမ်း၍ အ-ထ-ပြဖြစ်။ သူ့သား (၁၀)တန်းနှစ် ပညာရေး မသမာမှုတွေက ကောင်းစွာအောင်မြင်ဖြစ်ထွန်းခဲ့ရာ အခုတော့ ဆရာဝန် ကြီးဖြစ်နေပြီ။

ထိုကလေး၏ဥာဏ်ရည်မှာ သင့်တင့်ရုံမျှ။ စာမေးပွဲစနစ် စစ်မှန်လျှင် မဖြစ်နိုင်ဆိုသည်ကိုသင်ပြဖူး သည့်ဆရာတိုင်း အသိ။ ရွှေမောက်သား၏ တပည့်ကျောင်းဆရာသမီး (၁၀)တန်းအောင်ပုံကလည်း သည်လိုပင်။ စာမေးပွဲခန်းစောင့် သူငယ်ချင်း ဆရာအချင်းချင်း သူ့ကလေး ကိုယ့် ကလေး၊ သူ့သွေး ကိုယ့်သွေး အရေးကြီးသွေးစည်းသည့်နည်းဖြင့် အောင်ခဲ့သူတွေရှိသည်က ကိုယ်တွေ့။

ဆည်မြောင်းတွင် AE ဖြစ်နေသူ စက်မှုတက္ကသိုလ်ရလာပုံကို သိရလျှင် မြန်မာ့ပညာရေးက ငွေလိုက်လျှင် ထင်သလိုခြယ်လှယ်နိုင်ပုံကိုတွေ့ ရမည်။ သူက အရေးပါသည့် သင်္ချာ၊ ဓာတု၊ ရူပမှာ ခုံနံပတ်ထိုး၊ ဘေးမျဉ်း တား။ တပုဒ်စ၊ နှစ်ပုဒ် စသော ကောင်းအောင်ဖြေ၊ အခန်းစောင့် ဆရာက လက်မှတ်ထိုး၊ အချိန်စေ့၊ အဖြေလွှာအပ်၊ ပြန်။ သူလုပ်ထားသည်က သင်္ချာဖြေသည့်နေ့သုံးသည့်ဘောပင်၊ ဓာတုဖြေသည့်နေ့သုံး သည့်ဘောပင်၊ ရူပဖြေသည့်နေ့သုံးသည့်ဘောပင်တို့ကို ခွဲခြားမှတ်ထားသည်။ အမှတ်စစ် တော့မည်။ သက်ဆိုင်ရာဘာသာရပ်ကိုင် စာစစ်မှူးချုပ်နှင့် ဆက်သွယ်ထား ၍ ကျန်အပုဒ်များကို ၁၀၀ လည်းမဖြစ်၊ ဂုဏ်ထူးမှတ်လည်းကျော် မှတ်ထားသည့်ဘောပင်ဖြင့် ယုတ်္တိရှိရှိဖြေ။ အခန်းစောင့်ဆရာလက်မှတ်ကလည်း ပါပြီးသား။ စာစစ်သူက တော်လှချည်လားထင်ရအောင် အကယ်ဒမီ ရှော့ပြသွားခြင်း။ အမှတ်ထွက်လာ။ ၃ ဘာသာဂုဏ်ထူး၊ စက်မှုတက်။ ၁၉၉၂ ပညာရေးခေတ်ပျက်စ အချိန်။

ကိုယ့်ကျောင်း အောင်ချက်ကောင်းရေးအတွက် ကျောင်းအုပ်ကြီးတို့ ကလည်း ကိုယ်တိုင်ကြီးကြပ်ပုံကို သိစေချင်ပါသည်။ ရွှေမောက်တို့မြို့နယ်က ရွှေပန်းတောကျေးရွာ၏ အ-ထ-က သည် ၂၀၀၀ မတိုင်ခင် ရွှေမောက်မြို့ လာဖြေရစဉ် အောင်ချက် ၁၀% ပင်မရှိ။ နောက် ၂၀၀၀ နောက်ပိုင်း စာစစ်ဌာနရသွားသည်။ ရောက်လာသည့်ကျောင်းအုပ်ကြီး အကြံအဖန်ကောင်းသည်။ အောင်ချက် ၃၀% ကျော်လာသည်။ တိုင်း အောင်ချက်ထက် ကောင်းသည်။ ကျောင်းအုပ်ကြီး စည်းကမ်းကောင်း၍ ဟု ဖြစ်လာသည်။ တိုင်းပညာရေးမှူးကပင် နှုတ်မှဖွင့်ဟချီးကျူးသည်။ ထိုကျောင်းမှ ၂၀၀၂ အောင်ခဲ့သူတချို့ မူ၊ လယ်၊ ထက် ဆရာတွေဖြစ်နေ ကြပြီ။

ဤပညာရေး မသမာမှုနိဒါန်းကို ရွှေမောက်သား၏ ပညာရေး ရာဇ၀တ်မှုကျူးလွန်ပုံနှင့် နိဂုံးချုပ်ပါမည်။ မချုပ် ခင် ၁၉၉၆ စာစစ်စဉ် စာစစ်ဌာနတခုမှ အဖြေလွှာစာရွက်အများစုတွင် ခိုးချသည့်စာရွက်ကို အစနများတွေ့ ရ၍ မသမာမှုစာစစ်ဌာနဖြစ်ကြောင်း စာစစ်အကြီးအကဲထံ တင်ပြရာ “ဆရာရယ် ဒါတွေသာလိုက်ရရင် တနိုင်ငံလုံးပါ။ ကိုယ့်ဘာသာ ကို ဖယ်သာစစ်ပါ”။ ထိုအချိန်၌ စာစစ်မှူးချုပ်မှာ သူရဘွဲ့ရလာသည့် မိုးကျ ရွှေကိုယ်။ ရွှေမောက်သားပညာရေးမသမာမှုကို ၁၉၉၄ တနှစ်ထဲပဲ ပြောပါမည်။ တိုင်းမြို့ကြီး၏ အ-ထ-က(၁) ကျောင်းကြီးမှာ အခန်းစောင့်တာဝန်ကျ၏။ မြန်မာစာဖြေသည့်နေ့။ ဆရာ A နှင့် တွဲစောင့်၏။ ကလေးတို့ ကူးကြကုန်၏။ ဆရာ A က သဒ္ဒါများဖြေပေး၏။ စာမေးပွဲ မဟုတ်။ စာကူးပွဲ။ အင်္ဂလိပ်စာ။ ဆရာ B နှင့်။ ထိုနည်းလည်းကောင်း။ သင်္ချာ ဖြေသည့်နေ့ ထူးခြား၏။ မေးခွန်း အရမ်းခက်၏။ (၁၉၉၄ သင်္ချာမေး ခွန်းမှာ ပညာပါ၏) ကလေးတို့မှာ အိတ်ဆောင်စာအုပ်မျိုးစုံထုတ်ကူး၏။ မရ။

သူတို့အချင်းချင်းတောင်မင်းမျောက်မင်း မကယ်နိုင်။ စာဖြေချိန် ၁ နာရီ ကျော်ကျော်မှာ ထို အ-ထ-က(၁)ကျောင်းမှ ဆရာတဦး ရွှေမောက်သားထံ စာရွက်ကလေးတရွက်ပေး၏။ ခုံနံပါတ် (---)မမြ၀င်းကို ပေးပါ။ မမြ၀င်းဆိုသည့် နာမည်မှာ ဗိုလ်အောင်ဒင်ဇာတ်ကားမှ နာမည်ဖြစ်နေ၍ မှတ်မိနေခြင်း။ ၁ မှတ်တန် ၂၅ ခုကို အဖြေများရေးပေးထားသော စာရွက် ကလေး။ ရွှေမောက်သားက စာဖြေသူ (၃၀)လုံးကို ပေးလိုက်၏။ တာဝန် မကျေဘူးလား။ ဓာတုဖြေသည့်နေ့ ဆရာမ C နှင့်။ ထိုစဉ်က ဓာတုမေးခွန်း ထုတ်သူမှာ ဒေါက်တာကိုကိုကြီးလက်ကျ ပါမောက္ခဦးညွန့်ဝင်းဖြစ်၏။ မေးခွန်းအဆင့်အတန်းမှီ၏။

 (၂၀၀၁ မှ ၂၀၁၄ ထိ ဓာတုမေးခွန်းမှာ အဆင့်လုံးဝမရှိပါ။) ကလေးတို့ မဖြေတတ်ကြ။ ရွှေမောက်သားက ဆရာမ C ကို ပြောလိုက်၏။ “ဆရာမ ဟိုအခန်းတွေမှာ တံခါးတွေပိတ်ပေး ကူးခိုင်းနေပြီ” ဆရာမ C က အညံ့မခံ။ “ဒီလိုကြေးလား ဆရာ။ ကျွန်မ တို့လည်း ပိတ်လိုက်တာပေါ့”။ ရွှေမောက်သားက ဓာတုမေဂျာ။ အဖြေတွေ အောင်မှတ်ဖိုး ပြောပြလိုက်၏။ နောက်ဆုံး ဇီဝဗေဒဘာသာ။ ဆရာမ D နှင့်။ ထိုအချိန်၌ အသားဖြူဖြူနွဲ့နွဲ့ ထိုကျောင်းမှ ဆရာပေါက်လာ၏။ “ဆရာ မေးခွန်းမရှင်းလို့ ပြောပြချင်လို့”ဟု ခွင့်တောင်း၏။ ထိုဆရာက “မှန်” - “မှား” မေးခွန်းဖတ်၏။ တိုက်ကြည့်ကြ။ a မှား d မှား e မှား စသည်ဖြင့် အမှားတွေသာ ဖတ်ပြ၏။ အမှတ် ၂၀ ဖိုး ကလေးတွေရကုန်ကြ၏။ နောက်မကြာ ဖြူဖြူတောင့်တောင့် ဆရာမတယောက်ရောက်လာ၏။

ထိုကျောင်းမှာပင် “ဆရာမ မေးခွန်းမရှင်းတာ ဖတ်ချင်လို့”။ လာပြန်ပြီ တယောက် သူက ကွက်လပ်ဖြည့် ဖတ်ပြ၏။ မြန်လွန်းသဖြင့် ကလေးတွေ လိုက်မရေးနိုင်။ ရွှေမောက်သားကပင် “ဆရာမ” အဲသလို မေးခွန်း အမောတကော မဖတ်ပြနဲ့။ အဖြေသာဖတ်ပြ၊ မရေးတတ်ကြဘူးဟု ဒဲ့ပြောက ဖတ်ပြရုံမက စာလုံးလည်း ပေါင်းပြသွားသည်။ (၁၀ တန်းတွင် မေးခွန်း မရှင်းမရှိပေ။)

နောက်ပိုင်းတာဝန်က ရွှေမောက်သားနှင့် ဆရာမ D တာဝန်။ အချိန် ၁ နာရီခွဲတိတိ ကူးခွင့်ပြုလိုက်သည်။ စာဖြေနေတာ မဟုတ်တော့။ အိတ်ဆောင်စာအုပ်များမှ ပါသမျှကူး၏။ စာဖြေချိန် (၃)နာရီရှီရာ ၁ နာရီ ခွဲသာ ကူးခွင့်ပေးမည်။ ကူးကြ၏။ ဆရာမ D မှာ တိကျ၏။ ၁ နာရီခွဲ ပြည့်သောအခါ ကူးချစာရွက်များကို ကိုယ်တိုင် လိုက်သိမ်း၏။ ကလေးမ တယောက်က ရှုပ်ရှုပ်ငို၏။ ဆရာမက ဘာကြောင့်လဲဟု မေးသောအခါ “လွဲကူးမိလို့”ဟု ဖြေ၏။ ဆရာမက “သေလေ၊ ကြည့်ဖြေတာတောင် လွဲကူးတာ သေ”ဆိုပြီး ထိုကလေးဆီမှ ကူးစရာစာရွက်များ သိမ်းကာ ထွက်သွား၏။ ရွှေမောက်သားက အသည်းနုသူတည်း။ စာဖြေပြီးသားသူ တဦး၏ အဖြေလွှာကိုပေးကာ အနှီကလေးမအား ကူးခိုင်းလိုက်၏။

ပြောဖို့ကျန်သေးသည်မှာ ထို အ-ထ-က(၁)တွင် စာဖြေအခန်း ပေါင်း ၄၀ ကျော်ရှိပြီး ထူးရှယ်ခန်းများ ရှိသေးကြောင်း၊ ထိုအခန်းတို့တော့ ရွှေမောက်သားတို့ မစောင့်ခဲ့ရပါကြောင်း၊ ရွှေမောက်သားတို့အ ခန်းစောင့်များ ဤသို့ စိတ်ဖြောင့်၊ ကိုယ်ဖြောင့် မသမာမှုလုပ်ခွင့်ရရန် စာမေးပွဲကြီးကြပ်မှာ ထိုကျောင်းအုပ် ကြီး X ဖြစ်ပါကြောင်းနှင့် မြန်မာစာဖြေသည့် နေ့မှစ၍ နောက်ဆုံးထိ စာဖြေသူတို့အား “ဤ အ-ထ-က(၁)သည် မည်မျှစည်းကမ်းကြီးကြောင်း၊ ခိုးချ၍မရပါကြောင်း၊ အစောင့်များတင်းကျပ် လှပါကြောင်း” ဟုပြောရန် နေ့စဉ်နှုတ်ပိတ်ခဲ့ကြောင်း၊ ရွှေမောက်သားတို့ ပိပိရိရိလုပ်ခဲ့သည်ကို ထုတ်ဖော်ခွင့်ရသည့်အချိန် ဖော်ကောင်လုပ်ရသဖြင့် မိမိကျူးလွန်သော အပြစ်တို့ ပေါ့သွားသလိုဖြစ်သွားပါကြောင်း။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ