အစိုးရမှာ တိကျတဲ့မြေယာမူဝါဒ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်း စုကြည် ထောက်ပြ


တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပိုင်ဆိုင်မှုပြဿနာတွေ ကို ဖြေရှင်းဖို့ အစိုးရမှာ မူဝါဒသတ်သတ်မှတ်မှတ် မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ပြည်သူ့လွှတ်တော် ကို ဒီနေ့ လာရောက် လေ့လာတဲ့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီဝင် လယ်သမား ၁၅၀ ကျော် နဲ့ တွေ့ဆုံစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ တာဖြစ် ပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလိုလယ်ယာမြေ ပိုင်ဆိုင်မှုကို လယ်လို့မဆိုပါနဲ့၊ မြေပိုင်ဆိုင် မှုပြဿနာတွေနဲ့ ပတ်သက်လို့ မူဝါဒတွေချမှတ်ဖို့၊ ဘယ်လို နည်းတွေနဲ့ ဖြေရှင်းမလဲဆိုတာ အခုအစိုးရ က ဒီလိုမူဝါဒတွေကို သတ်သတ်မှတ်မှတ်မရှိဘူး၊ အဲ့ဒါ တွေကရှိဖို့လိုတယ်၊ နောက်ပြီးမှ တစ်နေရာချင်း၊ တစ်နေရာချင်းမှာလုပ် သွားရမယ်၊ မြန်မလားဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင်မမြန်ဘူး၊ ဒီနေ့ပြောလိုက် လို့ နောက်လ ပြီးသွား လားဆိုတော့ ပြီးမှာ မဟုတ်ဘူး၊ ကျမအဲ့လိုမဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်နိုင်တယ် ဆိုပြီးတော့ မမှန်ကန်တဲ့မျှော် လင့်ချက်တွေ မပေးချင်ဘူး၊ ကြာရင်ကြာလိမ့်မယ်၊ ကျမ အဲ့ဒါအမှန် တိုင်းပြောတာ”

အန်အယ်လ်ဒီ ပါတီဝင်တွေက လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ အကူအညီတောင်းတာဖြစ်ပါတယ်။

လယ်ယာမြေပြဿနာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင်တွေနဲ့ ပြည်ထောင်စု လွှတ်တော် ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေ များ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ ပူးပေါင်းဖြေရှင်းနိုင်ဖို့ တိုက်တွန်းပေး မှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA


မှတ်ချက်များ