E-Land Myanmar စက်ရုံအတွင်း ပိတ်မိနေသည့် အလုပ်သမား ၉၀ကျော်ကို ကြက်ခြေနီအဖွဲ့သွားရောက်ခေါ်ဆောင်
E-Land Myanmar စက်ရုံအတွင်း အလုပ်လုပ်ရင်း ပိတ်မိနေသည့် အလုပ်သမား ၉၀ ကျော်ကို ရန်ကုန် တိုင်းကြက်ခြေနီ သူနာပြုတပ်ဖွဲ့က လာရောက်ခေါ် ဆောင်သွားခဲ့ကြောင်း သတင်း ရရှိသည်။
E-Land Myanmar စက်ရုံ တွင် ပိတ်မိနေသော အလုပ်သမား ၉၀ ကျော်သည် စက်ရုံဝင်ပေါက် ရှေ့၌ ပိတ်ဆို့သပိတ်စခန်းဖွင့် နေသည့် အလုပ်သမားများအဖွဲ့ တွင် ပါဝင်ခြင်း မရှိဘဲ စက်ရုံအ တွင်း အလုပ် လုပ်ကိုင်နေစဉ် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ခြင်းနှင့် အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ပိတ်မိနေ ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။
အလုပ်သမားများသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ကတည်းက စက်ရုံအတွင်း ပိတ်မိနေခြင်း ဖြစ်ပြီး အစားအစာနှင့် ရေလုံ လောက်မှု မရှိသောကြောင့် ရန်ကုန်တိုင်းကြက်ခြေနီ သူနာပြု တပ်ဖွဲ့က သွားရောက်ခေါ်ဆောင် ခြင်း ဖြစ်သည်။
‘‘ပိတ်မိနေတဲ့ စက်ရုံက အ လုပ်သမားတွေရဲ့ ဆွေမျိုးတွေက ဖုန်းဆက်ပြီး အကူအညီတောင်း လို့ပါ။ ကျွန်တော်တို့ ထင်ထား တာ လူ ၃၀ လောက်ပဲ ရှိတယ်ထင်နေတာ။ ဒီရောက်မှ လူ ၉၀ ကျော်ရှိနေတာ သိတယ်။ သူတို့မှာ အစားအစာလည်း မလုံလောက်တော့ ဘူး။ ရေလည်း ပြတ်နေတယ်။ ခေါင်းမူးတဲ့ သူတွေလည်းရှိနေပါ တယ်။ အဲဒါကြောင့် လာရောက် ခေါ်ဆောင်တာပါ။ ကျွန်တော်တို့ က ကြားနေအဖွဲ့အ စည်းပါ။ သပိတ်မှာ ဒဏ်ရာရတဲ့ သူတွေ လည်း ဆေးကုပေးပါတယ်’’ ဟု ရန်ကုန်တိုင်း ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ပထမတန်းဦးစီးအရာရှိ ဦးမျိုးမင်းနောင်က ပြောသည်။
ရဲတပ်ဖွဲ့နှင့် သပိတ်အလုပ် သမားများ ရုန်းရင်းဆန်ခတ်ဖြစ် ပွားချိန်တွင် ရဲတပ်ဖွဲ့က သပိတ် ခေါင်းဆောင် အများအပြားကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ ကြောင်း ရွှေပြည်သာတွင် ဆန္ဒပြသည့် အလုပ်သမားများ က ပြောသည်။ ဖမ်းဆီးခံရသူများအနက် ဖေဖော်ဝါရီ ၂၁ ရက်တွင် ခြောက်ဦးပြန်လွတ်လာခဲ့ပြီး သုံးဦးမှာ အဆက်အသွယ်မရရှိသေး ကြောင်း အလုပ်သမားသပိတ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်ကျော်မြင့် က ပြောသည်။
‘‘ကိုစိုးသူရယ်၊ ကိုနိုင်ဌေး လွင်ရယ်၊ ကိုမျိုးမင်းမင်းရယ် ကျန်ပါသေးတယ်။ အခု ခြောက် ဦးပြန်လွှတ်ပေး လိုက်ပါတယ်။ သူတို့ကို ရန်ကင်းရဲရုံးမှာ ချုပ်ထားတာလို့ ပြောတယ်။ ကျန်တဲ့သုံးယောက်ကို အဆက်အ သွယ် ဘာမှမရသေးဘူး။ ဖမ်းဆီးထားတာ ဖြစ်မယ်။ သူတို့ကို ပြန်လွှတ်ပေး ပါ။ သူတို့ကို ပြန်လွှတ်ပေး ရင် ဆွေးနွေးမှုတွေ လုပ်သွားမယ်။ မလွှတ်ပေးရင် အစိုးရရုံးရှေ့မှာ သွားပြီး သပိတ်မှောက်မယ်’’ ဟု ကိုကျော်ကျော်မြင့်က ပြောသည်။
ပျောက်ဆုံးနေပြီး ဖမ်းဆီးခံ ထားရဖွယ်ရှိသည့် အလုပ်သမား သုံးဦးနှင့်ပတ်သက်၍ ရွှေပြည် သာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသိန်း ၀င်းထံ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားခြင်း မရှိကြောင်း ပြော ကြားသည်။
‘‘ကျွန်တော်တို့ဆီမှာ ဖမ်း ဆီးထားတာ မရှိပါဘူး။ တခြား ခရိုင်တွေက ဖမ်းရင်တော့ မသိပါ ဘူး။ ကျွန်တော်တို့ဆီမှာတော့ မရှိဘူး’’ ဟု ရဲမှူးသိန်းဝင်းက ပြောသည်။
ရွှေပြည်သာ အလုပ်သမားများသည် လစာကျပ်သုံးသောင်း တိုးမြှင့်ပေးရန် တောင်းဆိုရာ မလိုက်လျော သဖြင့် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေခြင်း ဖြစ်သည်။ လုပ်ခလစာ တိုးမြှင့်ရေးတောင်း ဆိုနေသည့် ရွှေပြည် သာ စက်မှုဇုန်ရှိ Ford Glory အထည်ချုပ် စက်ရုံကို ဖေဖော်ဝါရီ ၂၀ ရက်ညနေ ၄ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင် များက စတင်ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုံမှ အလုပ်သမားများသည် သပိတ်စခန်း ဖြိုခွဲခံရပြီးနောက် အနီးအနားရှိ E-Land Myanmar အထည်ချုပ်စက်ရုံ သပိတ်စခန်းသို့ သွားရောက် ပူးပေါင်းခဲ့သည်။
စက်ရုံနှစ်ခုမှ အလုပ်သမား များ စုပေါင်းခဲ့သည့် E-Land Myanmar စက်ရုံသပိတ်စခန်း ကို ရဲတပ်ဖွဲ့က ၀င်ရောက်ဖြိုခွဲ ရန် ကြိုးစားရာ နှစ်ဖက်အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ဆယ်ဦးထက်မ နည်း ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် လူဦးရေ ၄၀၀ ကျော်ရှိသော အ လုပ်သမားများသည် E-Land Myanmar စက်ရုံရှေ့၌ သပိတ်စခန်းဖွင့်ကာ ဆက်လက်ဆန္ဒပြ နေကြသည်။
ငြိမ်းချမ်း | 7Day

မှတ်ချက်များ