အာဏာရောဂါနဲ့  ပညာရပ်ဝန်း




(၁) အာဏာရှင်ဆိုတာ အာဏာစွဲနေသူဖြစ်တယ်။ အာဏာကို ရတဲ့နည်းနဲ့  အပိုင်စီးပြီး ဘယ်တော့မှ လက်မလွှတ်ချင်သူဖြစ်တယ်။ အာဏာကို သုံးပြီး လူတွေကို ထင်သလို ချုပ်ကိုင် ချယ်လှယ်ချင်တယ်။ အာဏာရှင်ဟာ သူ့ ကိုယ်သူ ခေါင်းတလုံးပိုမြင့်သူလို့ စိတ်ကြီးဝင်နေတယ်။ ကျန်တဲ့သူတွေက သူ့ အလိုကို ဖြည့်ဆည်းရမယ်လို့  ထင်နေတယ်။ အာဏာနဲ့  ဘာမဆို ဖန်တီး နိုင်တယ်၊ ဘာမဆို ရနိုင်တယ်လို့  ထင်မှတ်နေတယ်။ အာဏာရှင်ဟာ အရူးတမျိုးပဲ။ 

(၂) စိတ်ရူးပေါက်နေတဲ့ အာဏာရှင်တွေကြောင့် လူ့ လောကဟာ ငရဲဘုံလို ဒုက္ခမီးတွေ တောက် လောင်ရတယ်။ ပညာရှင်ကြီး အက်တန် (Acton) ပြောသလိုပဲ။ အာဏာဟာ ဖျက်ဆီးတတ်တယ်။ အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ ဖျက်ဆီးတတ်တယ်။ ဖျက်ဆီးတဲ့နေရာမှာ အဆိုးဆုံးက စာရိတ္တ ဆိုတဲ့ ကိုယ်ကျင့်တရားတွေကို ဖျက်ဆီးတာပဲ။ ဒါကြောင့် အာဏာရှင်ဖြစ်ပြီဆိုရင် ကိုယ်တိုင် ကိုယ်ကျင့်သိက္ခာ ပျက်စီးသလို သူ့ အသိုင်းအ၀ိုင်းကိုလည်း စာရိတ္တပျက်စီးအောင် အားပေးတယ်။ အကျင့်ပျက်နေသူဟာ အကျင့်ပျက်သူတွေနဲ့ နေရမှ လုံခြုံတယ်လို့  ခံစားရတယ်။ အကျင့် ကောင်း သူတယောက် အနားမှာ ရှိနေ တာ အာဏာရှင်အတွက်တော့ ဧရာမခြိမ်းခြောက်မှုပဲ။ 

(၃) အာဏာရှင်ရဲ့ အာဏာရူးမှုဟာ သူ့ အသိုင်းအ၀ိုင်းတခုလုံးကို ကူးစက်ရောဂါတစ်ခုလို ပျံ့ နှံ့  သွားလေ့ ရှိတယ်။ အာဏာရှင်နဲ့ အနီးကပ်ဆုံးရှိနေတဲ့ မိသားစုတွေ ဆွေမျိုးသားချင်းတွေ မှူးကြီး မတ်ရာတွေ အာဏာ ရူးတာ လူတိုင်းသိနိုင်တယ်။ ဒါပေမယ့် အာဏာရူးရောဂါဟာ ကူးစက်ပျံ့ ပွား နိုင်တဲ့ ရောဂါတစ်ခုဆိုတော့ သာမန်လူတွေရဲ့ နေအိမ်တွေဆီကိုလည်း ကူးစက်သွားတတ်တယ်။ 

စာသင် ခန်း တွေဆီလည်း ကူးစက် သွားတတ်တယ်။ အလုပ်ရုံအလုပ်ခန်းတွေဆီလည်း ကူးစက် သွား တတ်တယ်။ ဘုန်းကြီးကျောင်းတွေဆီလည်း ကူးစက် သွားတတ်တယ်။ ဒါက သိပ်ကူးစက် လွယ်တဲ့ ရောဂါတစ်ခု။ ကူးစက်မှန်းမသိ ကူးစက်တတ်တဲ့ ရောဂါမျိုး။ 

(၄) အာဏာရောဂါဝင်တဲ့သူက အာဏာနဲ့ နေရတာကို သာယာတယ်။ အာဏာယစ်မူးတာ ဘိန်းယစ်မူး သလိုပါပဲ။ ဦးနှောက်ထဲမှာ ယစ်မူးတဲ့ ဓာတုပစ္စည်းတွေ ထွက်လာတယ်။ ဒီတော့ နေရထိုင်ရတာ အလွန်ငြိမ့် တယ်။ သူ့ အနားကပ်လာသူတွေကလည်း အာဏာရှင်ကို အလွန် ကြီးမြတ်တဲ့ မဟာလူသားကြီး တစ်
ယောက်လို ဆက်ဆံတော့ အာဏာရှင်ကြီးရဲ့ ဘ၀င်ဟာ လေဟုန်မိလို့  ကောင်းကင်ကို တရိပ်ရိပ်တက် သွားတဲ့ လေတံခွန်လို ကျေနပ်နှစ်သိမ့်စရာ ဖြစ်စေ တယ်။ ဒီလိုနဲ့  အာဏာရှင်ဟာ ဘ၀င်ရူးအဖြစ်ကနေ မထွက်နိုင်တော့ဘူး။ 

(၅) အာဏာရှင်ရဲ့ ငြိမ့်နေတဲ့ဘ၀ကို အသိဉာဏ်ခေါင်းပါးသူတွေက အားကျတယ်။ အာဏာရှင်နား ကပ်ပြီး အာဏာအရိုးအရင်း အကြွင်းအကျန်ကို ရအောင် ယူတယ်။ အာဏာရှင်ရဲ့ အလိုပြည့် အောင် ဖြည့်ပေးရင် ကိုယ်လည်း အာဏာရှင်ကပ်ပါး ဖြစ်လာအောင် ကြိုးစားကြတယ်။ အာဏာရှင် ကပ်ပါးတွေကတဆင့် နောက်ထပ် နိမ့်တဲ့ လူ့ အလွှာတွေကို တဆင့်ပြီးတဆင့် အာဏာ ရောဂါ ကူးစက်သွားတယ်။ ဒီလိုနဲ့  အာ ဏာရှင်စနစ်တခု လွှမ်းမိုးလာပြီး အာဏာရှင်ရပ်ဝန်းကြီး ပေါ်ထွန်း လာတယ်။ 

(၆) အာဏာရှင်စနစ်ဟာတဖြည်းဖြည်းနဲ့  ယဉ်ကျေးမှုဓလေ့တခု ဖြစ်လာတဲ့အထိ ဖြန့် ကျက် လာတယ်။ “ကျွန်တော်“ “ကျွန်မ” “ခင်ဗျား” “ရှင်” ဆိုတဲ့ အသုံးအနှုန်းတွေကမှ ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေလို့ ခံယူလာတာကို နမူနာ ကြည့်ပါ။ တကယ်တော့ ဒီအသုံးအနှုန်းတွေက အကြွင်းမဲ့ အာဏာရှင်စနစ်တမျိုးဖြစ် တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်က ဖန်တီးခဲ့တဲ့ အသုံးအနှုန်း တွေပါ။ လူလူချင်း ဒူးတုပ်ရှိခိုးရတဲ့ အလေ့အထိဟာလည်း အာဏာရှင်စနစ်က ဖန်တီးခဲ့တဲ့ အမူအကျင့်တစ်ခုပါပဲ။ 

ဦးခေါင်းကို ငုံ့ လျှိုးပြီး မော်မကြည့်ရတဲ့ ဓလေ့ဟာလည်း အလားတူ ပါပဲ။ အာဏာရှင်စနစ်ရဲ့  အမူအကျင့်
တွေက ယဉ်ကျေးရည်မွန်မှုကို သရုပ်ဖော်တဲ့ အမူအကျင့်တွေအဖြစ် ပြောင်းလဲသွားတာကို ကြည့်ရင် အာဏာရှင်စနစ်က လူတွေကို ဘယ်လောက်အထိ လွှမ်းမိုးထား နိုင်ခဲ့သလဲ ဆိုတာ အလွယ်နဲ့ မြင်နိုင် တယ်။ 

(၇) အာဏာရောဂါဟာ ဓလေ့ထုံးစံတစ်ခုလို ဖြစ်တဲ့အထိ ရောဂါရင့်သွားတဲ့ အတွက် ကိုယ့်မှာ ရောဂါရှိလို့  ရှိမှန်း မသိဘဲ ဖြစ်တတ်တယ်။ အာဏာစွဲတာကို ရောဂါလို့ မမြင်ဘဲ လူ့ သဘာဝလို့  ထင်သွားတတ်တယ်။ မိုးခါးရေ သောက်ပြီး ရူးသွားတဲ့ လူတွေကြားမှာ ကိုယ်လည်း မိုးခါးရေ သောက်ပြီး ရူးတာမျိုး။ မိုးခါးရေ မသောက်ရင်တောင်မှ အရူးလို့  ပြန်ပြောခံရမယ့် အနေ အထား မျိုး။ အာဏာရူးတွေကြားမှာ အာဏာ မရူးသူဟာ အရူးလို့ အပြောခံရတတ်ပါတယ်။

(၈) နေအိမ်တွေမှာ လူကြီးမိဖက ဘာလုပ်လုပ် ဘာပြောပြော ဘာခိုင်းခိုင်း သားသမီးတွေက ဘာမှ ဆန်း စစ်ဝေဖန်မှု မပြုရဘဲ မျက်စေ့မှိတ်နာခံရတဲ့ ဓလေ့ (Blind Faith Culture)၊ စာသင်ခန်းတွေမှာ ဆရာတွေ ဘာပြော ပြော ဘာသင် သင် ဘာခိုင်းခိုင်း တပည့်တွေက ဘာမှ မေးခွန်းထုတ်ခွင့် မရှိဘဲ လိုက်နာရတဲ့ ဓလေ့၊ ဘုန်းကြီး ကျောင်း တွေမှာ ဘာပဲပြောပြော ဘာပဲဟောဟော ဘာမှ မေးမြန်းခွင့်မရဘဲ မက်စေ့မှိတ် လက်ခံ ယုံကြည်ရတဲ့ ဓလေ့၊ ဒီဓလေ့တွေဟာ အာဏာရှင်ရဲ့  နန်းတော်ထဲကနေ ကူးစက်လာတဲ့ ရောဂါ တွေပဲ ဖြစ်တယ်။ နာခံတာ အကောင်းဆုံးပဲ ဆိုတဲ့ ခံယူချက်ဟာ အာဏာရှင်ရပ်ဝန်းတခုလုံးမှာ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့  နေရာတကာ ပျံ့ နှံ့  လွှမ်းမိုး နေတယ်။

(၉ ) အာဏာယစ်မူးသူတွေက အာဏာကို ဆုပ်ကိုင်နိုင်ဖို့ အတွက် အာဏာရပ်ဝန်းကို တည် ဆောက် ရတယ်။ အာဏာရပ်ဝန်းတခုကို တည်ဆောက်ဖို့ အတွက် မျက်စေ့မှိတ်နာခံခြင်းကို ယဉ်ကျေးမှု ဓလေ့တခု လို လက်ခံကျင့်သုံးလာဖို့ လိုတယ်။ ဒီလိုနဲ့  အာဏာရှင်စနစ် တည် ဆောက်သူ တွေဟာ စာသင်ခန်းတွေထဲ မှာလည်း မျက်စေ့မှိတ်နာခံခြင်းဓလေ့ကို မသိမသာ သင်ကြားပေးတယ်။ ဘာသာရေး ခေါင်းဆောင်တွေနဲ့  ပေါင်းပြီး မျက်စေ့မှိတ် နာခံခြင်းတရား တွေကို ဟောကြားခိုင်းတယ်။ 

အာဏာယစ်မူးရတဲ့ဘ၀ကို အမြင့်ဆုံးရည်မှန်းချက်အဖြစ် လူတွေက သတ်မှတ်ခံယူလာအောင် လုပ်ပေး တယ်။ သမိုင်းထဲက အာဏာရှင် ပဒေသရာဇ်တွေကို အားကျအောင် သင်ပေးတယ်။ ဘုရင်စနစ်ကို မွမ်းမံ ထားတဲ့ နတ်ဘုံနတ်နန်းတွေဆီ ရောက်ဖို့  ဆုတောင်းကျင့်ကြံခိုင်းတယ်။ အာဏာရှင်ဆန်တဲ့ နတ်ဘုရား
တွေဆီက လက်ဝါးဖြန့် တောင်းတာ မျိုးကို လေ့ကျင့်ပေးတယ်။ 

(၁၀) မျက်စေ့မှိတ်နာခံခြင်းဓလေ့လွှမ်းမိုးနေတဲ့ ရပ်ဝန်းမှာ ပညာမထွန်းကားနိုင်ဘူး။ ပညာဆိုတာကမျက်စေ့ ဖွင့် စူးစမ်း လေ့လာမှုဖြစ်တယ်။ တည်ရှိဆဲအရာတွေကို ဆင်ခြင်ဉာဏ်နဲ့  ဝေဖန် ဆန်းစစ် တန်ဖိုးဖြတ် ဟာ ပညာရဲ့ အစ နိဒါန်း ဖြစ်တယ်။ ကိုယ်ရှင်သန်နေရတဲ့ လူ့ အဖွဲ့ အစည်း ဟာ အာဏာရှင် စနစ်လွှမ်းမိုးရာ ရပ် ၀န်းဖြစ်နေရင် ဒါကို ပြုပြင်ပြောင်းလဲဖို့ အတွက် မျက်စေ့မှိတ် နာခံခြင်း ဓလေ့တွေကို စွန့် ပစ်ဖို့ လိုတယ်။ စူးစမ်းဆင်ခြင်မှု ပြည့်ဝတဲ့ ပညာကို သုံးပြီး လူဆန်တဲ့ ယဉ်ကျေးမှုဓလေ့တွေကို အစားထိုးဖို့ လိုတယ်။

(၁၁) လူဆန်တဲ့ယဉ်ကျေးမှု ဆိုတာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလ တရားတွေပဲ။ လူလူချင်း ရိုးသား ဖြောင့်မတ် တရားမျှတစွာ ဆက်ဆံတဲ့ သမ္မာ တရားတွေပဲ။ လူကို အသုံး ချခံတွေလို့ မြင်တဲ့ အာဏာရှင်ရဲ့ အမြင်ကို စွန့် ပယ်ပြီး လူချင်းတူတူ သူချင်းမျှမျှ မြင်တဲ့ အမြင်ပဲ။ လူလူချင်း ရိုကျိုးပျပ်ဝပ်စရာမလိုဘဲ ချစ်ကြည်ရင်းနှီးစွာ တန်းတူညီမျှ ဆက်ဆံရေးပဲ။ ။

မောင်သာမည
(နှင်းဆီဖြူဂျာနယ် အမှတ် ၃ တွင် ဖော်ပြခဲ့သော စာ ဖြစ်ပါသည်။)

မှတ်ချက်များ