ပစိဖိတ်ကျွန်းငယ် ဗာနူအာတူတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်


ဆိုင်ကလုန်း မုန်တိုင်းကြီး ပမ်း(Pam)၏ ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းရှိ ဗာနူအာတူ ကျွန်းစုတွင် ဆိုးရွားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် တည်ရှိသော ဗာနူအာတူ ကျွန်းငယ်ပေါ်သို့ မတ်(၁၄)ရက် အစောပိုင်းတွင် Category 5 အဆင့်ရှိ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြတ်သန်း တိုက်ခတ်သွားခြင်း ဖြစ်သည်။ မြို့တော် ပေါ့တ်ဗီလာတွင် နေအိမ် အများအပြား ပျက်စီးခဲ့ပြီး လူပေါင်းများစွာ ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည်။

“မုန်တိုင်း တိုက်သွားပြီးတော့ လူတွေက လမ်းပေါ် လျှောက်သွားရင်း အကူအညီ တစ်ခုခု ရလိုရငြား လိုက် ရှာနေကြတယ်”ဟု Save the Children အဖွဲ့မှ တွမ်စကာရိုးက ပြောကြားခဲ့သည်။ ပမ်းသည် တစ်နာရီလျှင် မိုင်(၁၇၀)နှုန်းမျှဖြင့် အားကောင်းစွာ တိုက်ခတ်ခဲ့သလို ဗာနူအာတူတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။

မုန်တိုင်းကြောင့် လူပေါင်းများစွာ သေကြေနိုင်သည်ဟု ခန့်မှန်းထားသော်လည်း လတ်တလောတွင် အသေ အပျောက် စာရင်းကို တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးချေ။

ပေါ့တ်ဗီလာရှိ World Vision အဖွဲ့မှ ချာလို မော်ရစ်ဆင်က မတ်(၁၄)ရက် နံနက်ပိုင်းတွင် မြို့တော် လမ်းမ များပေါ်၌ သစ်ကိုင်းကျိုးများ၊ အိမ်အမိုးများဖြင့် ရှုပ်ပွ ပျံ့ကြဲနေကြောင်း ပြောကြားခဲ့သည်။ “အခုအချိန်ထိ အိမ်အပြင်ထွက်ရင် အန္တရာယ် ရှိနေနိုင်တုန်းပဲ။ မြို့ထဲမှာ အပျက်အစီး အခြေအနေက အရမ်းဆိုးတယ်။ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်မှာ မုန်တိုင်းဒဏ်ကို ခံနိုင်ရည် အားနည်းတဲ့ ကျွန်းစုလေးတွေ အများကြီး ရှိသေး တယ်။ အဲဒီမှာ နေထိုင်သူတွေ အခြေအနေ ဘယ်လို ရှိမလဲဆိုတာ ကျွန်မ တွေးတောင် မတွေးရဲဘူး”ဟု သူမက ဆိုသည်။

UNICEF၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး အဲလစ် ကလီးမန့်က ပေါ့တ်ဗီလာကို ဆိုင်ကလုန်း ဖြတ်သန်း သွားချိန် (၁၅)မိနစ်မှ မိနစ်(၃၀)ကြား ကာလသည် ကြောက်မက်ဖွယ် ကောင်းလွန်ကြောင်း မှတ်ချက်ပြုခဲ့ သည်။ “ကျွန်မ တည်းနေတဲ့ (၃)ထပ် ဟိုတယ်မှာ တံခါးတွေ အချပ်လိုက်ကွာပြီး လေထဲပါသွားတာ မြင်ခဲ့ရတယ်။ တကယ့်ကို ကြောက်စရာကြီးပဲ”ဟု သူမက ဖွင့်ဟခဲ့သည်။

လတ်တလောတွင် ဩစတြေးလျ အစိုးရက ဗာနူအာတူသို့ အထောက်အပံ့ ပစ္စည်းများ ပေးပို့သွားရန် စီစဉ်နေပြီဖြစ်ကြောင်း ကြေညာထားသည်။ မတ်(၁၃)ရက် ညပိုင်းနှင့် မတ်(၁၄)ရက် နံနက်ပိုင်းများတွင် ဗာနူအာတူ၌ လူထောင်ပေါင်းများစွာတို့သည် အရေးပေါ် မိုးလေဝသဒဏ်ခံ အဆောက်အအုံများတွင် သွားရောက် တိမ်းရှောင်ခဲ့ရသည်။

ဗာနူအာတူတွင် ခရိုင်ခြောက်ခုရှိပြီး အားလုံးတွင် ရာသီဥတု အခြေအနေ သတိပေးချက်ကို အမြင့်ဆုံး ထုတ်ပြန်ခဲ့ရာ လူပေါင်းများစွာတို့က အကာအကွယ် အဆောက်အအုံများထံ သွားရောက် နိုင်ခဲ့သည်။

ဗာနူအာတူသည် ဩစတြေးလျ နိုင်ငံနှင့် အမေရိကန်ပိုင် ဟာဝိုင်ယီ ကျွန်းစုတို့ကြား ပစိဖိတ် သမုဒ္ဒရာ အလယ်တွင် တည်ရှိပြီး ကျွန်းစုပေါင်း (၆၅)ခု ကွဲပြားနေကာ လူဦးရေ (၂၆၇၀၀၀)မျှ နေထိုင်သော နိုင်ငံငယ်လေး ဖြစ်သည်။ ယင်းတို့အနက် လူပေါင်း (၄၇၀၀၀)သည် မြို့တော် ပေါ့တ်ဗီလာတွင် အခြေချ နေထိုင်ကြောင်းလည်း သိရှိရသည်။

7day

မှတ်ချက်များ