တီကရစ်မြို့ကို တစ်ပတ်အတွင်း သိမ်းယူနိုင်ရန် အီရတ်စစ်တပ် မျှော်လင့်


အီရတ် စစ်တပ်များ အနေဖြင့် တီကရစ်မြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ လက်ထဲမှ တစ်ပတ်အတွင်း ပြန်လည် သိမ်းယူနိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရသည်။

ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် တပ်ဖွဲ့များသည် ယခုအခါ တီကရစ်မှ ဆုတ်ခွာနေပြီဖြစ်ပြီး အီရတ်တပ် များကို ချောင်းမြောင်းပစ်ခတ်မှုများဖြင့် တုံ့ပြန်တိုက်ခိုက်လျက် ရှိသည်။ ဘဂ္ဂဒက် မြို့တော်အနီးရှိ တီကရစ် ကို အီရတ်စစ်တပ်က တစ်ကျော့ပြန် သိမ်းယူရာတွင် ရှီးဟိုက် အစ္စလာမ်မစ် ပြည်သူ့စစ်များကလည်း အားဖြည့် ပူးပေါင်းခဲ့သည်။

မတ်(၁၄)ရက် နံနက်ပိုင်းထိ အီရတ်တပ်များသည် တီကရစ်မြို့၏ (၇၀)ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင် ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အိုင်အက်စ်တို့၏ ဗုံးထောင်ထားမှုများ၊ လမ်းကြိုလမ်းကြားမှ ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် တီကရစ်ကို အပြီးသတ် ငြိမ်းချမ်းအောင် အချိန်ယူရဦးမည်ဟု စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ဆိုသည်။

မတ်(၁၄)ရက်နေ့ထိ သတင်းများအရ စစ်တပ်နှင့် ပြည်သူ့စစ်များသည် ရဲစခန်း တစ်ခုနှင့် ဆေးရုံတစ်ခုတို့ အပါအဝင် မြို့၏ အရေးပါသော အစိတ်အပိုင်း အများစုကို သိမ်းယူထားပြီးဖြစ်ကြောင်း သိရသည်။ တီကရစ်တွင် အိုင်အက်စ် စစ်သွေးကြွ ရာဂဏန်း အနည်းငယ်မျှ လှုပ်ရှားနေဆဲဟုလည်း ယူဆရသည်။

လက်ရှိ တိုးတက်မှု နှုန်းအတိုင်း သွားနေပါက တီကရစ်ကို တစ်ပတ်အတွင်း အပြီးသတ် ထိန်းချုပ်သွားနိုင် မည်ဟု စစ်ဘက် အရာရှိများက မျှော်လင့်နေသည်။ တီကရစ်မြို့သိမ်း တပ်ဖွဲ့တွင် အီရတ်စစ်သည် (၃၀၀၀) ခန့်နှင့် ရှီးဟိုက် ပြည်သူ့စစ် (၂၀၀၀၀)မျှ ပါဝင်ပြီး ဆွန်နီ အစ္စလာမ် ဘာသာဝင် လူနည်းစုလည်း ပူးပေါင်းခဲ့ သည်။

အီရတ် ကာကွယ်ရေးဝန်ကြီး ခါလတ်ဒ်အယ်လ် အိုဘီဒီက တီကရစ်ကို သိမ်းပိုက်လိုက်ခြင်းသည် အိုင် အက်စ် တပ်ဖွဲ့များကို စစ်ဆင်ရေး ဆင်နွှဲနေမှုတွင် အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း ပြောကြား ထားသည်။ ၎င်းက တီကရစ်ကို ရယူနိုင်ခဲ့ပါက အိုင်အက်စ်တို့၏ အခိုင်အမာ အခြေစိုက်ရာ မြို့ဖြစ်သည့် မိုဆူးလ်ကို ဆက်လက် ချီတက်ရန် လမ်းပွင့်သွားမည်ဟု မှတ်ချက်ပြုခဲ့သည်။

“တီကရစ်ရဲ့ လွတ်မြောက်မှုဟာ သိပ်အရေးကြီးပါတယ်။ တီကရစ်ကို သိမ်းပိုက်နိုင်ခဲ့ရင် နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းက အိုင်အက်စ် လက်အောက်ခံ နယ်မြေတွေကို ပြန်ရယူဖို့ အလားအလာ ကောင်းသွားပါ ပြီ”ဟု ၎င်းက ပြောကြားသွားသည်။

7day

မှတ်ချက်များ