ပါကစ္စတန် ပြည်တွင်းဖြစ် တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် စမ်းသပ်မှု အောင်မြင်
ပါကစ္စတန် စစ်တပ်သည် ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ်တစ်စီးမှ လေဆာရောင်ခြည် လမ်းညွှန် ဒုံးကျည်ပစ်ခတ်မှုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မတ်(၁၃)ရက်က မောင်းသူမဲ့ လေယာဉ် ပစ်ခတ်စမ်းသပ်မှု အောင်မြင်ကြောင်း သတင်းကို ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပြီး နိုင်ငံ၏ ကြီးမားသော အောင်မြင်မှု တစ်ရပ်အဖြစ် ညွှန်းဆိုခဲ့သည်။
အမေရိကန် စစ်ဘက်သုံး မောင်းသူမဲ့ လေယာဉ်များကို တုပတည်ဆောက်ထားသည့် လေယာဉ်သည် အကြမ်းဖက် အဖွဲ့အစည်းများကို ဖြိုခွဲရာတွင် အရေးပါသော မဟာဗျူဟာ လက်နက်တစ်ခု ဖြစ်လာရန် ပါကစ္စတန် စစ်ဘက်က မျှော်လင့်နေသည်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်များသည် ပါကစ္စတန် အနောက်မြောက်ပိုင်း၊ အာဖဂန် နစ္စတန်နှင့် နယ်နိမိတ် ထိစပ်နေရာ ဒေသရှိ အယ်လ်ကိုင်ဒါ၊ တာလီဘန်နှင့် အခြားသော စစ်သွေးကြွ တပ်ဖွဲ့များကို တိုက်ခိုက်လေ့ ရှိသည်။
ပါကစ္စတန်သည် အမေရိကန် မောင်းသူမဲ့ လေယာဉ်များ မိမိတို့၏ လေပိုင်နက်ထဲ ဝင်ရောက်ပြီး စစ်ဆင်ရေးများ ပြုလုပ်ခြင်းကို လူသိရှင်ကြား ကန့်ကွက်ခဲ့သည့်နောက် (၂၀၁၄)ခုနှစ် အစောပိုင်းတွင် တိုက်ခိုက်မှုများ ရပ်တန့်သွားသည်။ ထို့နောက် ပါကစ္စတန် အစိုးရနှင့် တာလီဘန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့ဘဲ (၂၀၁၄)ခုနှစ်၊ ဇွန်လတွင် တာလီဘန်တို့ကို အစိုးရတပ်က ထိုးစစ်ဆင်ခဲ့ရာ အမေရိကန်က မောင်းသူမဲ့ လေယာဉ်များဖြင့် ပစ်ကူပေးခဲ့သည်။
ယခုစမ်းသပ် အောင်မြင်သည့် မောင်းသူမဲ့ လေယာဉ်ကို ဘာရက်ဟု အမည်ပေးထားပြီး အစ္စလာမ်မစ် ကျမ်းစာများတွင် ပါရှိသည့် မြင်းပျံကို ရည်ညွှန်း ဂုဏ်ပြုထားခြင်း ဖြစ်သည်။ မောင်းသူမဲ့လေယာဉ်၏ စွမ်းရည်စမ်းသပ်မှု အစီအစဉ်ကို စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာဟီးလ် ရှာရစ်ဖ်ကိုယ်တိုင် တက်ရောက် ကြည့်ရှုခဲ့သည်။
စမ်းသပ်မှုတွင် ဘာရက် လေယာဉ်သည် အငြိမ်ပစ်မှတ်နှင့် ရွေ့လျားနေသော ပစ်မှတ် နှစ်မျိုးစလုံးကို တိတိကျကျ ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ပါကစ္စတန် စစ်တပ်သည် ထောက်လှမ်းရေး ကဏ္ဍသုံး မောင်းသူမဲ့ လေယာဉ်များကို (၂၀၁၃)ခုနှစ်၊ နိုဝင်ဘာလ ကတည်းက စတင်အသုံးပြုနေသော်လည်း လက်နက်တပ်ဆင်ရေး အတွက်မူ နည်းပညာပိုင်း လိုအပ်ချက်များ ရှိနေခြင်းကြောင့် အတန်ငယ် နှောင့်နှေးခဲ့ခြင်း ဖြစ်သည်။
7day

မှတ်ချက်များ