ကျောင်းသားသပိတ် ဖြိုခွဲမှုအတွက် မန္တလေးဆန္ဒပြပွဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီးသို့ ပြောင်းရွှေ့


လက်ပံတန်း ပင်မကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းကို မန္တလေးမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ မြို့ခံများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသူ၊ ကျောင်းသားများက မတ်လ ၁၆ ရက်တွင် အင်အား ၁,၀၀၀ ခန့်ဖြင့် ဆန္ဒပြရန် စီစဉ်ထားသော်လည်း မြို့မိမြို့ဖများနှင့် သံဃာတော်များ၏ မေတ္တာရပ်ခံမှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အပြီးသို့ ပြောင်းရွှေ့ လိုက်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုတိုးကြီးက မဇ္ဈိမကို ပြောသည်။

သို့ဖြစ်၍ အဆိုပါဆန္ဒပြပွဲကို မတ်လ ၂၁ ရက်မှသာ ပြုလုပ်တော့မည် ဖြစ်သည်။

ကိုတိုးကြီးက ''ဒီနေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ရှိနေတယ်။ မြို့မိမြို့ဖတွေ၊ ဆရာတော်တွေက မသင့်တော် ဘူးလို့ မေတ္တာရပ်ခံလို့ ဆန္ဒပြမယ့်ရက်ကို နောက်ဆုတ်လိုက်တာပါ'' ဟု ပြောသည်။

အဆိုပါဆန္ဒပြမှုကို နံနက် ၉ နာရီမှစတင်၍ မြတောင်ကျောင်းတိုက်မှ ထွက်ခွာမည်ဖြစ်ကာ ချမ်းအေးသာစံ၊ အောင်မြေသာစံနှင့် မဟာအောင်မြေမြို့နယ်များကို ဖြတ်သန်း၍ မြို့ပတ်ကာ ဆန္ဒပြသွားမည် ဖြစ်သည်။

ဆန္ဒပြရန် သုံးမြို့နယ်ရှိ ရဲတပ်ဖွဲ့များကလည်း ခွင့်ပြုထားပြီးဖြစ်သည်ဟု ဦးတိုးကြီးက ဆိုသည်။

ဆန္ဒပြပွဲတွင် လက်ပံတန်းအရေး ဦးသိန်းစိန်အစိုးရ ဖြေရှင်းပေး၊ ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ဝန်းရံ၍ ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွှတ်ပေး၊ အကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပတ်သက်သူများ အမြန်ဆုံးဖော်ထုတ်ပေး စသည်တို့ကို ကြွေးကြော်သွားမည်ဖြစ်သည်။

လက်ပံတန်းရှိ ပင်မကျောင်းသားသပိတ်ကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လက်ရှိအချိန်ထိ အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။

အောင်ကိုဦး - mizzima

မှတ်ချက်များ