
ဂျိမ်း(စ)ဟာ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်နေပြီး သူလုပ် သမျှလည်း အရာမထင် ဖြစ်နေရတယ်။ သူက အစည်းအဝေးတွေ ဆက်တိုက် တက်ရောက်ဖို့ ပြင်ဆင်ထား တဲ့အတွက် ပထမတစ်ခုပြီးလို့ နောက်တစ်ခုကို ဆက်လက်တက်ရောက်တဲ့အခါမှာ ၁၅ မိနစ်လောက် နောက်ကျလေ့ရှိပါတယ်။ လုပ်ငန်းနဲ့ဆိုင်တဲ့ အီးမေးလ်တွေကိုလည်း အစည်းအဝေးတက်ရောက်ရင်း စစ်ဆေးနေရတဲ့အပြင် ဖုန်းတွေပါ လက်ခံစကားပြောရသေးတယ်။
သူဟာ နေမကောင်းဖြစ်တဲ့အခါမှာတောင် ခွင့်ရက်မယူဘဲ အလုပ်လာလေ့ရှိတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင် ဖက်တွေ အနေနဲ့ကတော့ ဂျိမ်း(စ) ချောင်းဆိုးနေတာ၊ နှာချေနေတာတွေကို တစ်နေ့လုံး သည်းခံရတာပေါ့။ ဒီလိုမျိုး အလုပ်ကြိုးစားနေတဲ့ ဂျိမ်း(စ)က ထုတ်လုပ်မှုအားကောင်းတဲ့ ဝန်ထမ်းအဖြစ် အထက်အရာရှိရဲ့ အသိအမှတ်ပြုမှုကို ရယူချင်ပါတယ်။
ဂျိမ်း(စ)အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေမဲ့ လုပ်ငန်းခွင်ဆိုတာ သူ့အတွက်တော့ စိတ်ဖိစီးမှုများ တဲ့နေရာ ဖြစ်နေရပါတယ်။ ဂျိမ်း(စ) ဒီလိုဖြစ်ရတာဟာ လုပ်ငန်းခွင်အတွင်း လိုက်နာသင့်တဲ့ အခြေခံထုံး တမ်းစဉ်လာတွေကို လိုက်နာမှုမရှိခဲ့လို့ပါ။ ပျော်စရာကောင်းပြီး ထုတ်လုပ်မှု စွမ်းအားမြင့်မားတဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်လာဖို့ဆိုရင် လိုက်နာဆောင်ရွက်သင့်တဲ့ လုပ်ငန်းခွင် အမူအကျင့်ကောင်းတွေကို ဂျိမ်း(စ)နဲ့အတူ အားလုံးပဲ သိထားနိုင်ဖို့ အကြံပြုဝေမျှလိုက်ပါတယ်။

- နေမကောင်းဖြစ်တဲ့အခါ အလုပ်မသွားဘဲ အိမ်မှာပဲ အနားယူသင့်ပါတယ်။ နေမကောင်း ဖျားနာနေတဲ့ အချိန် အလုပ်ကိုသွားတဲ့အခါ ကိုယ်ကိုယ်တိုင်လည်း သက်သောင့်သက်သာမရှိသလို ချောင်းဆိုး၊ နှာချေနေ တဲ့ မိမိရဲ့အပြုအမူတွေက လုပ်ဖော်ကိုင်ဖက်တွေအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။
- အလုပ်က အစည်းအဝေးတွေကို အ ချိန်မီတက်ရောက်ဖို့ ကြိုးစားသင့်ပါတယ်။ ကိုယ်နဲ့ ကိုယ့်အဖွဲ့ကြောင့် အခြားသူတွေက စောင့်ဆိုင်းနေရတာမျိုး မဖြစ်သင့်ပါဘူး။ ဆက်တိုက် တက်ရောက်ရတဲ့ အစည်းအဝေးတွေ ကို အမြဲလိုလိုနောက်ကျနေခဲ့မယ်ဆိုရင်တော့ တစ်ခုနဲ့ တစ်ခုကြားမှာ ၄၅ မိနစ်လောက်ခွာပြီး အချိန်ဇယား ဆွဲထားရင် အဆင်ပြေသွားနိုင်ပါတယ်။

- အစည်းအဝေး ပြုလုပ်တဲ့အခါ သုံးယောက် ဒါမှမဟုတ် သုံးယောက်ထက် ပိုလာရင် အခြားသူတွေနဲ့ နီး ကပ်နေတဲ့ အခန်းငယ်ထဲမှာ မပြုလုပ်ဘဲ အစည်းအဝေးခန်းမမှ ဒါမှမဟုတ် အခြားအဖွဲ့တွေနဲ့ သိပ်မနီးကပ် ဘဲ အေးအေးဆေးဆေး ရှိမယ့်နေရာမှာ ပြုလုပ်ရင် ပိုကောင်းပါတယ်။
- အနံ့ထွက်တဲ့ အစားအသောက်တွေကို အလုပ်စားပွဲပေါ်မှာ စားသောက်ခြင်းမပြုတာက မိမိကိုယ်တိုင် နဲ့ရော အခြားသူတွေအတွက်ပါ သက်သောင့်သက်သာရှိစေမှာပါ။
- လုပ်ငန်းခွင်အတွင်းမှာ အလုပ်ကိစ္စအတွက်ရော ကိုယ်ရေးကိုယ်တာအတွက်ပါ တယ်လီဖုန်းပြောဆိုမှုတွေ ပြုလုပ်ရတတ်ပါတယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးရှိတဲ့နေရာမှာ တယ်လီဖုန်းပြောနေပြီဆိုရင် မိမိပြောနေတဲ့အသံက ဘယ်လောက်ကျယ်နေပြီလဲဆိုတာကိုတော့ သတိထားပြီးမှ ပြောဆိုသင့်ပါတယ်။
- အလုပ်ကိုသွားတဲ့အခါ မွှေးကြိုင်လွန်းတဲ့ ရေမွှေးတွေ၊ ကိုယ်လိမ်းပေါင်ဒါတွေ အသုံးပြုခြင်းနဲ့ အမျိုးသမီး
တွေအနေနဲ့ တိုလွန်းဟိုက်လွန်းတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ခြင်းတို့ကို ရှောင်ရှားမယ်ဆိုရင် ပိုကောင်းပါ တယ်။
- ကုမ္ပဏီနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ပစ္စည်းပစ္စယတွေကို လေးစားတန်ဖိုးထားပေးပါ။ တစ် ဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် အသုံးအနှုန်းကို သတိထားသင့်သလို အခြားသူတွေ မသိဘဲနဲ့ သူတို့ရဲ့ ပစ္စည်းတွေကို အသုံးပြုတာ၊ ယူဆောင်တာတွေ မပြုလုပ်သင့်ပါဘူး။

- လုပ်ငန်းခွင်အတွင်းမှာ အခြားသူကို အော်ဟစ်ပြောဆိုတယ်ဆိုတာမျိုးက တွေ့ရခဲတဲ့ အပြုအမူမျိုးဖြစ်ပါ တယ်။ စိတ်မထိန်းနိုင်လို့ အော်ဟစ်ပြောဆိုမိမယ်ဆိုရင်တောင် စာနာနားလည်မှုနဲ့ မျှဝေခံစားခြင်းတို့က အခြားသော လေးစားစရာကိစ္စတွေ ဆောင်ရွက်ပြတာထက် ပိုတယ်ဆိုတာကို သတိပြုပေးစေလိုပါတယ်။
တစ်ခါတရံမှာတော့ လုပ်ငန်းခွင်အတွင်းမှာ ထုံးတမ်းစဉ်လာတွေကို ချိုးဖောက်ပြီး အခြားသူတွေကို လေးစား မှုနည်းစွာ ဆက်ဆံတတ်တဲ့သူတွေကိုလည်း အနည်းနဲ့အများကြုံရတတ်ပါတယ်။ ဒီလိုမျိုး လုပ်ဖော်ကိုင် ဖက်တွေနဲ့ တွေ့ကြုံလာရပြီဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကိုလည်း ဆက်လက်ဝေမျှလိုက်ပါတယ်။
- အမူအကျင့်ဆိုးတွေကို ခဏ ခဏ မလုပ်မိဖို့ သတိထားပေးရပါမယ်။
- စိတ်လှုပ်ရှားမှုတွေ အရမ်းမများဘဲ စိတ်ကို တည်ငြိမ်စွာထားရပါမယ်။ ကျွန်မတို့မှာ ကံမကောင်းတတ် တဲ့နေ့ရက်ဆိုတာ အခုလည်းရှိသလို နောင်လည်းရှိနေမှာပါ။ ဒါကြောင့် ကိုယ်ချင်းစာနာတဲ့ မှတ်ချက်ပေး
ပြောဆိုမှုတွေဟာ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ကောင်းမွန်တဲ့ အပြုအမူနဲ့ ပြန်လည်ဆက်ဆံခံရဖို့ ရှိပါတယ်။
- ကုမ္ပဏီနဲ့ လုပ်ငန်းခွင်ရဲ့ ကျင့်ဝတ်တွေ၊ လုပ်ငန်းစဉ်တွေကို သေသေချာချာ နားလည်ရုံသာမက စည်း မျဉ်းစည်းကမ်းတွေကိုလည်း မချိုးဖောက်မိဖို့ လိုအပ်ပါတယ်။

တစ်နေ့မှာတော့ ဂျိမ်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ လုပ်ငန်းခွင်အတွင်းပြုမူနေတဲ့ ဂျိမ်းရဲ့ အကျင့် ဆိုးတွေရယ်၊ သူ့အပေါ်ကို သူတို့ဘယ်လို ထင်မြင်တယ်ဆိုတာရယ်၊ သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ အစည်း အဝေးမှာ ဂျိမ်းရဲ့ အပြုအမူကြောင့် သူတို့ ဘယ်လောက်အထိ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတွေကို ကော်ဖီအတူသောက်ရင်း ပြောပြတယ်။ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ တုန့်ပြန်မှုနဲ့ ထင်မြင် ချက် တွေကို ကြားရတဲ့အခါမှာ ဂျိမ်းတစ်ယောက် သိပ်ကိုတုန်လှုပ်သွားပါတယ်။
သူဟာ အမူအကျင့်ဆိုးတွေကို ပြုမူနေမိမှန်း သူကိုယ်တိုင် သေချာမသိသလို အခြားသူတွေဆီ ဘယ်လို သက်ရောက်သွား သလဲဆိုတာကိုလဲ မတွေးမိခဲ့ပါဘူး။ နောက်ရက်မှာတော့ ဂျိမ်းက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို တောင်းပန်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ ကောင်းမွန်တဲ့ အလေ့အထတွေ တိုးတက်ဖို့ဆိုရင် အမူအကျင့်ဆိုးတွေ ပြုလုပ်နေ တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကောင်းကောင်းမွန်မွန် ရှင်းပြဆွေးနွေးဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။ အမူအကျင့်ဆိုးတွေ ပြုမူနေတတ်တဲ့သူကို ပြောပြဆွေးနွေးခြင်းမရှိခဲ့ရင် ပုံမှန်အတိုင်းသာ ဆက်သွားနေ တတ်ပါတယ်။ လုပ်ငန်းခွင်မှာ သတိမထားဘဲ ပြုမူတတ်ကြတဲ့တချို့သော အမူအကျင့်တွေ၊ အကျင့်ဆိုးတွေ ဟာဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ ထုတ်လုပ်မှုစွမ်းအားအပေါ် အနုတ်လက္ခဏာသဘောတွေ သက်ရောက်
စေပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်းမှာ အားလုံးအဆင်ပြေနိုင်ဖို့ အမူအကျင့်ဆိုးတွေ ပြုမူတတ်သူကို စာနာစိတ်ထားကာ နွေးနွေးထွေးထွေး ဆွေးနွေးပြောဆိုပေးဖို့လိုအပ်ကြောင်း အကြံပြုလိုက်ပါတယ်။
people magazine
people magazine
မှတ်ချက်များ