သမ္မတဦးသိန်းစိန်တည်းခိုသည့် ဟိုတယ်အနီး ကန့်ကွက်စာကပ်သူအချို့ကို မလေးရှားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီး


သပိတ်မှောက် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းမှု နှင့်ပတ်သက်၍ သမ္မတဦးသိန်း စိန်တည်းခိုသည့် ဟိုတယ်အနီး တွင် မြန်မာအဖွဲ့အစည်းများမှ ကန့်ကွက်ရှုတ်ချသော စာရွက်များကပ်သူအချို့ကို မလေးရှားရဲ တပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီး မှုများပြုလုပ်ကြောင်း သတင်း ရရှိသည်။

သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် မလေး ရှားဘုရင် ဆူလတန်အဗ္ဗဒူဟာ လင်မ်မူအက်ဒ်နှင့် မိဖုရားရာဂျာ ပါမိုင်ဆူရီတို့၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေးခရီးအဖြစ် မတ်လ ၁၂ ရက်က မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့သို့ရောက် ရှိလာခြင်းဖြစ်သည်။ မတ်လ ၁၂ ရက်ညတွင် မလေးရှားရောက် မြန်မာ အသင်းအဖွဲ့အစည်းလေး ခုသည် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ တည်းခိုသည့် GRDAN HATTY ဟိုတယ် အနီးသို့သွားရောက်ကာ ကျောင်းသားများကို အကြမ်းဖက်မှုကန့်ကွက်ရှုတ်ချသော စာများ ရေးသားထား သည့် စာရွက်များ ကပ်၍ ဆန္ဒပြလှုပ်ရှားမှုပြုလုပ် ခဲ့ခြင်းဖြစ်သည်။

‘‘ဦးသိန်းစိန်ရောက်တဲ့ညမှာ သွားလုပ်တာပါ။ ည ၈ နာရီ လောက်ကနေ ၁၂ နာရီလောက် အထိ စာရွက်တွေကပ်ပြီးလုပ်ပါ တယ်။ အဲဒီလိုလုပ်မှာကို မလေး ရှားအစိုးရထံအကြောင်း မကြားခဲ့ဘူး။ အဲဒါကြောင့် ဖမ်းဝရမ်းထုတ် ပြီး ရှာဖွေဖမ်းဆီးနေတယ်လို့ကြား တယ်။ ကျွန်တော်တို့ ခဏရှောင် နေရ တယ်။ အဓိက,ကတော့ ကျောင်းသားတွေကို အကြမ်းဖက် တာကို လက်မခံတာပါ’’ဟု မတ်လ ၁၂ ရက်ည က သမ္မတ ဦးသိန်းစိန် တည်းခိုသည့် ဟိုတယ် အနီးတွင် ကန့်ကွက်ဆန္ဒပြရာ၌ ဦးဆောင်သော မလေးရှား
ရောက် ၈၈ မျိုးဆက်ကျောင်းသားနှင့် မျိုးဆက်သစ်လူ့အဖွဲ့အစည်းမှ ကိုစအောင်က ပြောသည်။

ဦးသိန်းစိန်ကို ကန့်ကွက် ဆန္ဒပြသူများသည် ‘‘မြန်မာ့ပညာ ရေးပြုပြင်ပြောင်းလဲမှုကို အကြမ်းမဖက်ရန်၊ မြန်မာကျောင်းသား များအား အကြမ်းမဖက်ရန်၊ ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများအား ချက်ချင်းပြန်လွှတ်ပေး ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံစနစ်ကို လုံးဝအယုံကြည်မရှိ၊ ၂၀၁၅ ရွေးကောက်ပွဲအား အယုံကြည် မရှိ’’ စသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားကာ GRDAN HATTY ဟိုတယ်အနီး၌ စာရွက်များကပ် ၍ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်း ကိုစအောင်က ဆက် လက်ပြောသည်။

‘‘မနေ့ညက ဆန္ဒပြတဲ့သူ တွေကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်ကြား တယ်။ မလေးရှားရောက် နိုင်ငံ ရေးနဲ့ လူမှုအဖွဲ့အစည်းတွေက လုပ်တာပါ’’ဟု ကွာလာလမ်ပူမြို့ နေ ကိုသိန်းမျိုးက ပြောသည်။

မြန်မာနိုင်ငံ၌ ကျောင်းသား များအား ရဲတပ်ဖွဲ့က အကြမ်း ဖက်ရိုက်နှက်ဖြိုခွင်းမှုများပြုလုပ် ခြင်းကန့်ကွက်သည့် ဆန္ဒပြပွဲကို မလေးရှားရောက် မြန်မာလုပ် သားအချို့က မတ်လ ၁၁ ရက်တွင်က မလေးရှားနိုင်ငံ မြန်မာသံရုံး ရှေ့၌ ပြုလုပ်ခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် မတ်လ ၁၃ ရက် နေ့လယ်တွင် မလေးရှား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း မလေးရှား နိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက 7 Day Daily အား ပြောသည်။

လက်ပံတန်းမြို့၌ ပင်မ သပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်တွင် ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ ပြီး သပိတ်မှောက်ကျောင်းသား များအပါအဝင် စုစုပေါင်း ၁၂၇ ဦးဖမ်းဆီးခဲ့ပြီး ပုဒ်မငါးခုဖြင့် အမှု ဖွင့်အရေးယူထားသည်။ ၎င်းတို့ အနက် ကျောင်းသား ၁၇ ဦးကို မတ်လ ၁၂ ရက်က ပြန်လွှတ်ပေးလိုက်ပြီး မတ်လ ၁၃ ရက်တွင် ကျောင်းသားကိုးဦးနှင့် သတင်း ထောက်နှစ်ဦးအား ထပ်မံလွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် ပင်မသပိတ်စစ်ကြောင်းမှ ရန်ကုန်မြို့သို့ရောက်ရှိနေသော ဗကသကျောင်းသားလေးဦးကို မတ်လ ၁၂ ရက်ညတွင် ဖမ်းဆီး ပြီး တစ်ဦးကို ပြန်လွှတ်ခဲ့သည်။

ငြိမ်းချမ်း - 7day

မှတ်ချက်များ